အေဝမ်းဦးတင်မောင် သည် ရုပ်ရှင် ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူ အကယ်ဒမီဆုရှင် တစ်ဦး ဖြစ်သည်။ အေဝမ်းမောင်တင်မောင်ကို မြန်မာအဆွေကုမ္ပဏီပိုင်ရှင် ဦးဘညွန့်၊ ဒေါ်ငြိမ်းရှင်တို့မှ ၁၉၀၈ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်မြို့၌ ဖွားမြင်သည်။ မွေးချင်းကိုးဦးတွင် သတ္တမမြောက်မွေးသော သားထွေးဖြစ်သည်။ မောင်တင်မောင်ကို မိသားစုမှ ခေါ်သောငယ်နာမည်မှာ မောင်ပုတု ဖြစ်သည်။ မောင်တင်မောင်၏ မွေးချင်းတို့မှာ-

  1. ဒေါ်မြခင်
  2. ဦးတင်နွယ် (ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ)၊
  3. ဒေါ်ခင်ခင် (ဒါရိုက်တာ၊ ကင်မရာမင်း၊ စက်မှုပညာရှင်)၊
  4. ဦးညီပု (ပထမ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ မဟာဝိဇ္ဇာထိုရ် ဖလင်ကုမ္ပဏီပိုင်ရှင်၊ စက်မှုပညာရှင်)၊
  5. ဦးတင်ဖေ (သရုပ်ဆောင်၊ ဒါရိုက်တာ မောင်မောင်စိုး (သို့) မောင်မောင်စိုးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်)၊
  6. ဒေါ်ခင်ညွန့်၊
  7. မောင်တင်မောင် (ဒါရိုက်တာ၊ သရုပ်ဆောင်၊ အေဝမ်းဖလင်ကုမ္ပဏီပိုင်ရှင်)၊
  8. ဒေါ်ခင်ရီ (ရွှေသိန်း ပန်းကန်စက်ပိုင်ရှင်)၊
  9. ဒေါ်ခင်ထွေးတို့ ဖြစ်သည်။
အလင်္ကာကျော်စွာ
အေဝမ်းဦးတင်မောင်
မွေးဖွား(1908-08-07)ဩဂုတ် ၇၊ ၁၉၀၈
ပြည်မြို့ပဲခူးတိုင်းဗြိတိသျှဘားမား
ကွယ်လွန်၄ အောက်တိုဘာ၊ ၂၀၀၀(2000-10-04) (အသက် ၉၂)
ရန်ကုန်မြို့ရန်ကုန်တိုင်းမြန်မာနိုင်ငံ
ထာဝရ နားခိုရာနေရာရန်ကုန်မြို့
အခြား အမည်များမောင်ပုတု
အလုပ်အကိုင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၂၃–၁၉၆၇
အိမ်ထောင်ဖက်(များ)ဒေါ်တင်တင်
သားသမီးစန်းစန်းဝင်း၊ နှင်းနှင်းဝင့်၊ ခိုင်စိုး၊ ဆွေဆွေဝင့်၊ မေသူခင်နှင့် ရန်မျိုးအောင်
မိဘ(များ)ဦးဘညွန့်၊ ဒေါ်ငြိမ်းရှင်
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့(၁၉၅၈)

မိဘများဖြစ်ကြသည့် ဦးဘညွန့်၊ ဒေါ်ငြိမ်းရှင်တို့သည် ၁၈၉၈ ခုနှစ်တွင် စတိုးဆိုင်ဖွင့်လှစ်သည်။ ပထမတွင် ဆိုင်အမည်ကို ဒေါ်ဆင်လေးနှင့်မောင်များဟု အမည်ပေးသည်။ နောက်ပိုင်းတွင် မြန်မာအဆွေကုမ္ပဏီဟု ပြောင်းလိုက်သည်။ ၁၉၀၃ ခုနှစ်တွင် မော်လမြိုင်တွင်လည်းကောင်း၊ ၁၉၁၁ ခုနှစ်တွင် ရန်ကုန်တွင်လည်းကောင်း၊ မြန်မာအဆွေကုမ္ပဏီတိုက်ခွဲများ ဖွင့်လှစ်သည်။ ၁၉၁၄ တွင် မန္တလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ ပျဉ်းမနား၊ ပုသိမ်၊ ကျိုက်လတ်မြို့များ၌ မြန်မာအဆွေတိုက်ခွဲများကို တိုးချဲ့ ဖွင့်လှစ်သည်။ ၁၉၁၂ ခုနှစ်တွင် မြန်မာအဆွေမိသားစုသည် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် ပြည်မြို့မှ ရန်ကုန်မြို့ကို ပြောင်းရွှေ့ခဲ့ကြသည်။

မောင်တင်မောင်သည် ငယ်စဉ်က ရန်ကုန်မြို့ ဟိုက်စကူးကျောင်းတွင် စတင်ပညာဆည်းပူးသည်။ မောင်တင်မောင် လူမှန်းသိတတ်စအရွယ်တွင် အစ်ကိုလေး ဦးညီပုကို အကြောင်းပြု၍ မိဘများက ရုပ်ရှင်လုပ်ငန်းကို လုပ်ကိုင်ခြင်းကြောင့် မောင်တင်မောင်သည် ဒါရိုက်တာအတတ်ပညာ၊ သရုပ်ဆောင်အတတ်ပညာ၊ ရုပ်ရှင်စက်မှုပိုင်းဆိုင်ရာ အတတ်ပညာတို့ကို သင်တန်းတက်ရောက်ခဲ့ရသကဲ့သို့ လေ့လာတတ်မြောက်ခဲ့ရပေသည်။ မောင်တင်မောင်သည် ၁၉၃ဝ ပြည့်နှစ်တွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာ (၁၀)တန်း High School Final ကို "က" အဆင့်မှ အောင်မြင်သဖြင့် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူးသည်။ ကျောင်းပိတ်ရက်များတွင် မိမိတို့ ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်သောရုပ်ရှင်ကားများ ရိုက်ကူးရာ၌ ဝင်ရောက်လေ့လာသည်။ လိုအပ်သည်များကို ကူညီလုပ်ကိုင်သည်။ မောင်တင်မောင်သည် ငယ်စဉ်က အစ်ကိုလေးမောင်ညီပု၊ အစ်ကိုငယ် အပါကြီး (မောင်မောင်စိုး) တို့ကဲ့သို့ သရုပ်ဆောင်လုပ်ရန် မရည်ရွယ်ခဲ့ပေ။ အစ်ကိုကြီးကိုတင်နွယ်ကဲ့သို့ ဒါရိုက်တာလုပ်ရန်သာ ဆန္ဒရှိခဲ့ပေသည်။

အနုပညာလုပ်ဆောင်ခြင်း

ပြင်ဆင်ရန်

၁၉၃၄ ခုနှစ်တွင် ကောလိပ်ကျောင်းသားမောင်မောင်သည် မြဂနိုင် ရုပ်ရှင်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးသည်။ ယင်းရုပ်ရှင်ကားတွင် ချစ်ရွှေ၊ မြင့်မြင့်၊ ဖူး၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစောတို့ ပါဝင်သရုပ်ဆောင်ကြသည်။ မြန်မာအဆွေအေဝမ်းဖလင်မှ မြဂနိုင် ဇာတ်ကားကို ၁၉၃၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်သည်။ ထို့နောက် ဆက်လက်၍ မောင်တင်မောင်သည် ပျိုတို့မောင် ကားကို ဘမောင်၊ မြင့်မြင့်တို့နှင့် ရိုက်ကူးသည်။ ယခင်ဇာတ်ကားသည် အပိုင်းတိုဖြစ်၍ ၁၉၃၄ ခု၊ အောင်တိုဘာလ ၁၉ ရက်နေ့ ပလာဇာရုံ၌ မြဒါလီ ဇာတ်ကားနှင့် ပူးတွဲတင်ဆက်သည်။

၁၉၃၅ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် နီလာရောင် ရုပ်ရှင်ကားကို ရိုက်ကူးသည်။ ယင်းဇာတ်ကားတွင် ချစ်ရွှေ၊ ညွန့်ညွန့်ခင်၊ ရွှေညာမောင်၊ ဖူး၊ မြိုင်ရာဇာဖိုးစော၊ စိုင်တင်၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သရုပ်ဆောင်ကြသည်။ နီလာရောင်ရုပ်ရှင်ကားကို ၁၉၃၅ ခု၊ အောက်တိုဘာလ ၁၉ ရက် ပလာဇာရုံ၌ တင်ဆက်သည်။

၁၉၃၆ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် ဖူးစာရှင် သံစုံသွင်းဇာတ်ကားကို စတင်ရိုက်ကူးသည်။ ပါဝင်သရုပ်ဆောင်သူတို့မှာ ချစ်ရွှေ၊ မေရှင်၊ အေးငွေကြီး၊ ရွှေညာမောင်၊ ဖူး၊ စိုင်တင်၊ ရွဲကြီးတို့ ဖြစ်သည်။ မန္တလေးမြို့ ဝက်စလီယန်မိန်းကလေးကျောင်းမှ ဟိုက်စကူးကျောင်းသူလေးမသန်းရှင်က မေရှင်အမည်ဖြင့် ပထမဆုံးပါဝင်ရိုက်ကူးသော ဇာတ်ကားဖြစ်သည်။ အဆိုပါရုပ်ရှင်ကားကို ၁၉၃၇ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်သည်။

၁၉၃၇ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အစ်ကိုကြီးကိုတင်နွယ်နှင့်တွဲဖက်၍ ချစ်စနိုး အသံထွက်ဇာတ်ကားကို ရိုက်ကူးရာ အမျိုးသားဇာတ်ဆောင်နေရာတွင် ပါဝင် သရုပ်ဆောင်သည်။ မောင်တင်မောင် ပထမဆုံးရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါဝင်သော ရုပ်ရှင်ကားဖြစ်သည်။ ယင်းကားတွင် မောင်တင်မောင်နှင့်အတူ ခင်နှင်းရီ၊ ဦးဘရှင်၊ ဒေါ်ဂျမ်းစိန်၊ သာဂေါင်၊ စိုင်တင်၊ ရွဲ့ကြီးတို့လည်း ပါဝင်သည်။ ချစ်စနိုး ရုပ်ရှင်ကားကို ၁၉၃၈ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘုရင့်ရုံမှာ တင်ဆက်သည်။ ချစ်စနိုး အသံထွက် ဇာတ်ကားနှင့်အတူ ဒါရိုက်တာမောင်တင်မောင်၏ လပြာသို အသံထွက် သုံးပိုင်းကားတို့ကိုလည်း ပူးတွဲတင်ဆက်သည်။ လပြာသို ရုပ်ရှင်ကားတွင် တက္ကသိုလ်ဖေစန်း၊ မေသင်းကြိုင်တို့ ပါဝင်သည်။

၁၉၃၈ ခုနှစ်ထဲတွင် ဒါရိုက်တာမောင်တင်မောင်သည် ဒုတိယအကြိမ် သရုပ်ဆောင်အဖြစ် ကိုယ်တိုင်ပါဝင်ကာ မြားနတ်မောင် အသံထွက်ရုပ်ရှင်ကားကို ရိုက်ကူးသည်။ အဆိုပါ ရုပ်ရှင်ကားတွင် မောင်တင်မောင်၊ မေရှင်၊ ဦးဘရှင်၊ စိုင်တင်၊ အောင်ကြီး၊ ဒေါ်ဂျမ်းစိန်၊ ဦးဘိုးသောင်းတို့ ပါဝင်ကြသည်။ ဗန်းမော်သား ဟိုက်စကူးကျောင်းသားလေး အပါ (နောင်တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှတ်ပုံတင်အရာရှိချုပ် ဝဏ္ဏကျော်ထင်ဦးပါကျင်) နှင့် မင်းတုန်းမင်း၏မြေးတော် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် မင်းသားကြီး စောရန်ပိုင်၏သမီးတော် စပ်ခွန်တီ (မမထား) တို့၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားကို ၁၉၃၈ ခု၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဘုရင့်ရုံ၌ တင်ဆက်သည်။

၁၉၃၈ ခုနှစ်တွင် မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ "သဘင်ဝန်တံဆိပ်" ဓာတ်ပြားများ ထုတ်လုပ်သည်။ ဓာတ်ပြားများထုတ်လုပ်ရာတွင် ကြီးကြပ်သူမှာ တယောဆရာ အဆိုတော် ပြည်လှဖေဖြစ်၍ အသံဖမ်းအင်ဂျင်နီယာမှာ ဂျပန်လူမျိုး မစ္စတာဝါတနာဘေ ဖြစ်သည်။ အေဝမ်းသံစုံတူရိယာအဖွဲ့ တီးဝိုင်းခေါင်းဆောင်မှာ စန္ဒရားအေဝမ်းခင်မောင် ဖြစ်သည်။ အေဝမ်းဓာတ်ပြားများတွင် ပြည်လှဖေ၊ မေရှင်၊ မောင်တင်မောင်တို့သည် ပင်တိုင်အဆိုတော်များ ဖြစ်ကြသည်။ မောင်တင်မောင်က သဟာယဆရာတင်၏ "ဘုန်းမောင့်သက်လယ်"၊ ရွှေညာမောင်၏ "ရွှေပြည်တန်" သီချင်းများကို သီဆို၍ ဓာတ်ပြားသွင်းသည်။ ထို့နောက် ဆက်လက်၍ လှသွေးရည်၊ ဇွတ်ချစ်မယ်၊ ချစ်ဝဲလည်၊ ဘရဏီ သီချင်းများကိုလည်းသီဆိုကာ ဓာတ်ပြားသွင်းသည်။ မောင်တင်မောင်၊ မေရှင်နှင့် စုံတွဲသီဆိုသောတေးသီချင်းတို့မှာ မမုန်းနိုင်၊ ရုန်းတော်လွှတ်တော်၊ သူဇာအလှနှင့် ဒို့မြေဆီတို့ ဖြစ်သည်။ ခင်နှင်းရီနှင့် စုံတွဲသီဆိုသော ဓာတ်ပြားသီချင်းတို့မှာ တစ်လိမ်နှစ်လိမ်နှင့် တစ်ပွင့်ထဲတို့ ဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် မောင်တင်မောင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသော တစ်လိမ်နှစ်လိမ် အသံထွက်ရုပ်ရှင်ကားကို အစ်ကိုကြီးကိုတင်နွယ်နှင့် တွဲဖက်ရိုက်ကူးသည်။ ယင်းရုပ်ရှင်ဇာတ်ကားမှ မောင်တင်မောင်နှင့် တွဲဖက်၍သရုပ်ဆောင်သူတို့မှာ ခင်နှင်းရီ၊ ရင်ရင်ရွှေ၊ မြင့်ဆွေ၊ စိုင်တင်၊ သာဂေါင်၊ ရွဲ့ကြီးတို့ ဖြစ်သည်။ အဆိုပါ တစ်လိမ်နှစ်လိမ် ကားကို ၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့က ဘုရင့်ရုံ၌ တင်ဆက်သည်။

၁၉၃၉ ခုနှစ်ထဲတွင် မောင်တင်မောင်သည် စာရေးဆရာသုခအား Film Fare မဂ္ဂဇင်းထဲက Toy Wife ကိုမှီး၍ ချစ်အမျှ ဇာတ်ညွှန်းကို ရေးခိုင်းသည်။ ယင်း ချစ်အမျှ ဇာတ်ကားကို ဒါရိုက်တာမောင်တင်မောင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်၍ မေရှင်၊ မေမြင့်၊ မြင့်ဆွေ၊ ဦးဘရှင်၊ ဦးဘိုးသောင်းတို့ဖြင့် ရိုက်ကူးသည်။ နောင်တွင် ဒါရိုက်တာထူးချွန်ဆုရှင် (၆) ထပ်ကွမ်းအကယ်ဒမီ ဆရာသုခသည် ချစ်အမျှ ကားရိုက်စဉ် ဒိုင်ယာလော့တွေ ချပေးရသည်။ ယခင်က အေဝမ်း၏မူအရ စကားလေးလေးတွဲ့တွဲ့ပြောသည်ကို အရပ်သုံးစကားဖြင့် ပြင်ဆင်ပြောစေသည်။ ဆရာသုခသည် ချစ်အမျှ ကားမှ စတင်၍ မောင်တင်မောင်ထံမှ ဒါရိုက်တာအတတ်ပညာသင်သဘောမျိုး ရိုက်ခဲ့သည်။ ထို့ကြောင့် ဆရာသုခသည် မိမိထက် တစ်နှစ်သာကြီးသောမောင်တင်မောင်အား မိမိ၏ရုပ်ရှင်ဆရာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပေသည်။

၁၉၄ဝ ပြည့်နှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အစ်ကိုကြီးဦးတင်နွယ်နှင့်တွဲဖက်၍ ချစ်ရေစင် အသံထွက်ရုပ်ရှင်ကားကို ရိုက်ကူးသည်။ ယင်းရုပ်ရှင်ကားတွင် မောင်တင်မောင်ကိုယ်တိုင် မေရှင်နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားသည် မောင်တင်မောင်နှင့်မေရှင်တို့ တတိယအကြိမ် တွဲဖက်သရုပ်ဆောင်ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားတွင် ဇာတ်ဝင်တေးအဖြစ် မေရှင်သီဆိုသော "ချစ်ရေစင်" သီချင်းသည် တနိုင်ငံလုံးကျော်ကြားခဲ့သည်။ ချစ်ရေစင် သီချင်း၏ တေးပြုစာဆိုမှာ ဒဂုန်ဦးစန်းငွေဖြစ်၍ သံစဉ်သွင်းသူမှာ သဟာယဆရာတင် ဖြစ်သည်။ ချစ်ရေစင် ရုပ်ရှင်ကားကို ၁၉၄ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဘုရင့်ရုံ၌ ရုံတင်ပြသသည်။

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာမောင်တင်မောင်တို့ဖခင်ကြီး ဦးဘညွန့်သည် ၁၉၄ဝ ပြည့်နှစ်တွင် ကွယ်လွန်သည့်အခါ မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီကို အေဝမ်းဖလင် ကုမ္ပဏီလီမိတက်ဟု အမည်ပြောင်းလိုက်သည်။ အေဝမ်းဖလင်၏ ရုပ်ရှင်ကား အမှတ် (၈၅) ဖြစ်သည့် ဒါရိုက်တာဦးချင်းစိန်၏ ချစ်သွေးဟုန် ရုပ်ရှင်ကားကို ၁၉၄၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် "အိုလံပီယာ" ရုံ၌ တင်ဆက်ပြသပြီးနောက် ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ ကူးစက်တောက်လောင်လာသဖြင့် ရုပ်ရှင်လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းလိုက်ရပေသည်။

ဒုတိယကမ္ဘာစစ်ဖြစ်လာသည့်အခါ မောင်တင်မောင်တို့ မြန်မာအဆွေအေဝမ်းမိသားစုသည် ပြည်မြို့သို့ပြန်၍ စစ်ဘေးခိုလှုံကြရသည်။ မောင်တင်မောင်သည် ၁၉၄၂ ခုနှစ်၊ ဧပြီလတွင် ဗိုလ်ရန်နိုင်ဦးစီးသော ဘီအိုင်အေတပ်သို့ ဝင်ရောက်အမှုထမ်းသည်။ သင်တန်းသားဗိုလ်လောင်းများကို ကြီးကြပ်အုပ်ချုပ်ရသည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် အောင်လံမြို့မှ သရက်မြို့၊ ယင်းမှ ပေါက်မြို့နယ်၊ ရွှေကူကြီးအထိ ချီတက်ရသည်။ ယင်းနောက် ဝါးရုံဆိပ်ခြံ တော်လှန်ရေးလျှို့ဝှက်လုပ်ငန်းများကို လုပ်ဆောင်ရသည်။

စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်တွင် မောင်တင်မောင်တို့ အေဝမ်းမိသားစုဝင်များမှ လျှပ်စစ်ရုပ်ရှင်ကုမ္ပဏီကိုတည်ထောင်၍ ရုပ်ရှင်ကားများထုတ်လုပ်သည်။ လျှပ်စစ်ရုပ်ရှင်ကုမ္ပဏီမှ ပထမဆုံးထုတ်လုပ်သည့် ကပ္ပလီ ဇာတ်ကားတွင် မောင်တင်မောင်သည် ပြည်လှဖေ၊ ခင်လဲ့၊ ညိုညိုတို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းကားကို တူဖြစ်သူ ဒါရိုက်တာမောင်တင်ယု (အစ်မကြီး ဒေါ်မြခင်၏သား) ရိုက်ကူးသော်လည်း ဒါရိုက်တာမောင်တင်မောင်က ကြီးကြပ်ပေးရသည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၆ ခုနှစ်တွင် ရုံတင်ပြသသည်။ ယင်းနောက် ဒါရိုက်တာမောင်တင်ယုသည် လျှပ်စစ်ရုပ်ရှင်မှ မင်းဘယ်လဲ ကားကို မောင်တင်မောင်၊ အေးကြူ၊ မေသစ်တို့နှင့် ရိုက်ကူးသည်။ ယင်းကားကို ဒါရိုက်တာမောင်တင်မောင်က ကြီးကြပ်ပေးသည်။

၁၉၄၇ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အေဝမ်းကုမ္ပဏီ အတွက် ဘာမထီ ဇာတ်ကားကို ရိုက်ကူးသည်။ ယင်းကားတွင် ဇေယျ၊ အေးကြူ၊ ကြည်ကြည်မေတို့ ပါဝင် သရုပ်ဆောင်ကြသည်။ ဘာမထီ ရုပ်ရှင်ကားကို ၁၉၄၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကာဌေးရုံနှင့် ရန်ကုန်ရုံတို့တွင် ရုံတင်ပြသသည်။

၁၉၄၈ ခုနှစ်တွင် မောင်တင်မောင်သည် အေဝမ်းဖလင် ဒါရိုက်တာဦးဘရှင်၏ ကမ္ဘာမကြေ ဇာတ်ကားတွင် မေမြင့်နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကာဌေးရုံနှင့် ဝင်းဝင်းရုံတို့တွင် ရုံတင်ပြသခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မောင်တင်မောင်သည် အေဝမ်းဖလင်မှ ဒါရိုက်တာဦးဘရှင်ရိုက်ကူးသော ချိန်တန်ပြီ အသံထွက်ဇာတ်ကားတွင် မေရှင်၊ မေသစ်တို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရွိုင်ရယ်ရုံနှင့် ကာဌေးရုံတို့တွင် ရုံတင်ပြသသည်။

၁၉၄၉ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အေဝမ်းဖလင်မှ ချစ်မုန်းမာန် အသံထွက်ဇာတ်ကား ရိုက်ကူးသည်။ ယင်းရုပ်ရှင်ကားတွင် မောင်တင်မောင်၊ မေသစ်၊ ဆရာသုခ၊ သာဂေါင်ကြီးတို့ ပါဝင်သည်။ အဆိုပါ ချစ်မုန်းမာန်ရုပ်ရှင်ကားကို ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ ရုံတင်ပြသသည်။ ၁၉၅ဝ ပြည့်နှစ်တွင် သရုပ်ဆောင်ဒါရိုက်တာမောင်တင်မောင်သည် မြန်မာ့ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရုပ်ရှင်လုပ်ငန်းများကို သွားရောက်လေ့လာသည်။

၁၉၅၁ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် မောင်မောင်စိုးရုပ်ရှင်မှ ဒါရိုက်တာမောင်တင်ယုရိုက်ကူးသော သက်လယ် အသံထွက်နှင့် ဒါရိုက်တာမောင်မြမောင် (အစ်မကြီးဒေါ်မြခင်၏ သားမက်၊ တူမ)၊ ဒေါ်ခင်မြင့် (မာလာမြင့်) ၏ခင်ပွန်း ရိုက်ကူးသော မြဲတဲ့သစ္စာ အသံထွက်ရုပ်ရှင်ကားကို ကြီးကြပ်ပေးရသည်။

သက်လယ် အသံထွက်ရုပ်ရှင်ကားတွင် ကျော်ဝင်း၊ တင်တင်မူ၊ မြင့်မြင့်ခင်တို့ ပါဝင်သရုပ်ဆောင်ကြသည်။ မြင့်မြင့်ခင်၏ ဒုတိယမြောက်အသံထွက်ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ သက်လယ်ရုပ်ရှင်ကားတွင် ဦးတင်ယုက စာသားပေး၍ ရွှေပြည်အေးက အသံစဉ်သွင်းကာ မြင့်မြင့်ခင်သီဆိုသည့် "ချစ်ဆိပ်ရည်" သီချင်းသည် လူကြိုက်များကာ နာမည်ကြီးခဲ့သည်။ ချစ်ဆိပ်ရည်သီချင်းကို စန္ဒရားအေဝမ်းခင်မောင်က ကြည်ကြည်ဌေးနှင့် ရောင်းတန်းဓာတ်ပြား သွင်းခဲ့သည်။ အေဝမ်းခင်မောင်က "ချစ်ဆိပ်ရည်" သီချင်းကို မည်သည့် အဆိုတော်ဆိုဆို ကြည်ကြည်ဌေး၏အာ၊ လျှာကို မမီဟု ချီးကျူးသည်။

မြဲတဲ့သစ္စာ ရုပ်ရှင်ကားတွင် ဇေယျ၊ အေးကြူ၊ မေသစ်၊ မြင့်မြင့်ခင်တို့ ပါဝင်သရုပ်ဆောင်ကြသည်။ ဇေယျကြီးသည် အေဝမ်းတွင် ရုပ်ရှင် ၃ ကား၊ ဗြိတိသျှဘားမား (ညွန့်မြန်မာ) တွင် ရုပ်ရှင် ၃ ကား၊ စုစုပေါင်း ၆ ကားတွင် ပါဝင်သရုပ်ဆောင်ပြီးနောက် ရုပ်ရှင်လုပ်ငန်းဖြင့် မအောင်မြင်နိုင်ဟုယူဆ၍ မန္တလေးပြန်ကာ ကျောက်သွေးသည့်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်သည်။ အေဝမ်းမောင်တင်မောင်က ဇေယျကြီးကိုခေါ်ယူ၍ မြဲတဲ့သစ္စာ ဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးခဲ့ရာ လူထုအသည်းစွဲ မင်းသားတလက် ဖြစ်လာခဲ့ပေသည်။ မြဲတဲ့သစ္စာ ရုပ်ရှင်ကားတွင် ဇေယျ၊ မေသစ်၊ မြင့်မြင့်ခင်တို့ စုံတွဲသီဆိုသော "ဘုရားစူး ချစ်ပါ့မယ်" သီချင်းသည် လူကြိုက်များသောသီချင်းတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့ပေသည်။

၁၉၅၂ ခုနှစ်တွင် သရုပ်ဆောင်ဒါရိုက်တာမောင်တင်မောင်သည် အေဝမ်းဖလင်မှ အစ်ကိုကြီးဦးတင်နွယ်၏ဇာတ်ညွှန်း ချစ်သက်ဝေ ကို အသံထွက်ကားရိုက်ကူးရန် စီစဉ်သည်။ မြန်မာ့အသံတွင်အမှုထမ်းနေသောမေရှင်အား ချစ်သက်ဝေ တွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းသည်။ မေရှင်က ချစ်သက်ဝေဇာတ်ညွှန်းကိုမကြိုက်၍ ပါဝင် သရုပ်ဆောင်ရန် ငြင်းပယ်လိုက်သည်။ ဤတွင် ဒါရိုက်တာမောင်တင်မောင်သည် ပြဇာတ်ဘုရင်မကြည်ကြည်ဌေးအားခေါ်ယူကာ ချစ်သက်ဝေ အသံထွက်ရုပ်ရှင်ကားတွင် မိမိနှင့် တွဲဖက်သရုပ်ဆောင်စေသည်။ ကြည်ကြည်ဌေးသည် အပျိုမလေး မေခင်၊ သားသည်မိခင်မေခင်အဖြစ် နှစ်ဘဝကို ပိုင်နိုင်စွာသရုပ်ဆောင်သည်။ ချစ်သက်ဝေ ကားကို ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ ရုံတင်ပြသသည်။

၁၉၅၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ပထမဆုံးမြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ စတင်ချီးမြှင့်ရာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ချစ်သက်ဝေ အသံထွက်ဇာတ်ကားက ဇာတ်ကားပထမဆုရရှိ၍ အဆိုပါ ချစ်သက်ဝေဇာတ်ကားတွင် မေခင်အဖြစ်သရုပ်ဆောင်သော ကြည်ကြည်ဌေးက အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုကို ရရှိခဲ့ပေသည်။ ကြည်ကြည်ဌေးသည် ပထမဆုံးရိုက်ကူးသော ချစ်သက်ဝေဇာတ်ကားဖြင့် ပထမဆုံးအမျိုးသမီးထူးချွန်ဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ပေသည်။

၁၉၅၃ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အေဝမ်းဖလင်မှ ဆရာကြီးရွှေဥဒေါင်း၏ ရတနာပုံ ဝတ္ထုကြီးကို ရုပ်ရှင်ရိုက်ကူးသည်။ ရတနာပုံ အသံထွက်ရုပ်ရှင်ကားတွင် မောင်တင်မောင်၊ အေးကြူ၊ ကြည်ကြည်ဌေး၊ တင်တင်မူတို့ ပါဝင်သည်။ ယင်းရုပ်ရှင်ကားကို ၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်သည်။ ဒါရိုက်တာ မောင်တင်မောင် ရုပ်ရှင်အဖြစ်အသက်သွင်းခဲ့သည့် ဆရာကြီး ရွှေဥဒေါင်း၏ ရတနာပုံ ဝတ္ထုကြီးမှာ ၁၉၅၃-၁၉၅၄ ခု၊ တက္ကသိုလ်ဝင်တန်း ပင်ရင်းမြန်မာစာတွင် ပြဋ္ဌာန်းခဲ့သော စာအုပ်ဖြစ်၍ လူကြိုက်များလှသည်။ 'ရတနာပုံ ရုပ်ရှင်ကားမှ မောင်တင်မောင်နှင့်ကြည်ကြည်ဌေးတို့ စုံတွဲသီဆိုသော "ချစ်သမျှကိုတဲ့" သီချင်း၊ မောင်တင်မောင်နှင့်တင်တင်မူတို့ စုံတွဲသီဆိုသော "သိင်္ဂီ" သီချင်း၊ ကြည်ကြည်ဌေးသီဆိုသည့် "လေးနာရီ" သီချင်း၊ တင်တင်မူသီဆိုသည့် "ချစ်သူ" သီချင်းတို့မှာ လူကြိုက်များလှပေသည်။ ၁၉၅၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားထူးချွန်ဆုတွင် ရတနာပုံ ဇာတ်ကားက ပထမဆုရရှိ၍ အမျိုးသားသရုပ်ဆောင်ထူးချွန်ဆုတွင် ရတနာပုံ ဇာတ်ကားမှ ဝတ်လုံတော်ရမောင်ထွန်းမြတ်အဖြစ်သရုပ်ဆောင်သူ အေဝမ်းမောင်တင်မောင်က ရရှိသည်။ ရတနာပုံ ဇာတ်ကားတွင် ခင်စိန်ကြည်အဖြစ်သရုပ်ဆောင်သူ ကြည်ကြည်ဌေးအား အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုရှင်အဖြစ် လျာထားခြင်းခံရသော်လည်း သရုပ်ဆောင်တဦးကို နှစ်နှစ်ဆက်တိုက် ထူးချွန်ဆုမပေးရဟု သတ်မှတ်ထားသော မူအရ ကြည်ကြည်ဌေးသည် အကယ်ဒမီဆုနှင့် လွဲခဲ့ရပေသည်။

၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာမောင်တင်မောင်သည် အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်ယု ရိုက်ကူးသော အကျော်အမော် ရုပ်ရှင်ကားကို ကြီးကြပ်ပေးရသည်။ အကျော်အမော် ဇာတ်ကားတွင် ခင်မောင်၊ ကြည်ကြည်ဌေး (နှစ်ကိုယ်ခွဲ) တို့ ပါဝင်သရုပ်ဆောင်သည်။ "အကျော်အမော်" ရုပ်ရှင်ကားကို ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရွိုင်ရယ်ရုံနှင့် ရောက်စီရုံတို့တွင် ရုံတင်ပြသသည်။

၁၉၅၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကျော်အမော် ဇာတ်ကားက ဇာတ်ကားဆု (တတိယ) ရရှိသည်။ ဗြိတိသျှဘားမား (ညွန့်မြန်မာ) ရုပ်ရှင်မှ ဒါရိုက်တာသုခ၏ ဩော်မိန်းမ ကားက ဇာတ်ကားဆု (ဒုတိယ) နှင့် ဆရာသုခက ဒါရိုက်တာထူးချွန်ဆု ရရှိသည်။ ယင်းနှစ်တွင် ဒါရိုက်တာထူးချွန်ဆုကို ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်သည်။ ဒါရိုက်တာထူးချွန်ဆုရှင် ဆရာသုခက မိမိလက်ဦးဆရာ အေဝမ်းဦးတင်မောင်အား ဆုပေးပွဲအခမ်းအနားတွင် လက်ဆယ်ဖြာထိပ်မိုးလျက် ကန်တော့ကာ ဂါရဝပြုသည်။

၁၉၅၄ ခုနှစ်တွင် သရုပ်ဆောင်ဒါရိုက်တာဦးတင်မောင်သည် မြန်မာ့ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့် အိန္ဒိယနိုင်ငံရုပ်ရှင်လုပ်ငန်းများကို သွားရောက်လေ့လာသည်။ ၁၉၅၅ ခုနှစ်တွင်မူ သရုပ်ဆောင်ဒါရိုက်တာအေဝမ်းဦးတင်မောင်သည် မြန်မာ့ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့် ဂျပန်နိုင်ငံရုပ်ရှင်လုပ်ငန်းများကို သွားရောက်လေ့လာသည်။

၁၉၅၅ ခုနှစ်ထဲတွင် ဒါရိုက်တာအေဝမ်းဦးတင်မောင်သည် ဒါရိုက်တာဦးအောင်မြတ်နှင့်တွဲဖက်၍ တွေးရခက်ကြီး ဇာတ်ကားတွင် ဖိုးပါကြီး၊ မြင့်အောင်၊ မေလွင်၊ ခင်လေးဆွေတို့ ပါဝင်သရုပ်ဆောင်ကြသည်။ ယင်းရုပ်ရှင်ကားကို ၁၉၅၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် အိတ်ဆယ်စီယာရုံ၌ တင်ဆက်ပြသသည်။

၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ သရုပ်ဆောင်ဒါရိုက်တာအေဝမ်းဦးတင်မောင်အား အလင်္ကာကျော်စွာဘွဲ့၊ ၁၉၅၉ ခုနှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယဆင့်) တို့ကို ချီးမြှင့်ခဲ့လေသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဒါရိုက်တာအေဝမ်းဦးတင်မောင်သည် မြန်မာ့ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်၍ ရုပ်ရှင်လုပ်ငန်းများကို လေ့လာခဲ့ပေသည်။

၁၉၆၃ ခုနှစ်တွင် ဒါရိုက်တာအေဝမ်းဦးတင်မောင်သည် ဗိမ္ဗိသာရ ရုပ်ရှင်ကားကို ကိုယ်တိုင်ပါဝင်၍ ဝင်းဦး၊ ကြည်ကြည်ဌေးတို့ဖြင့် တွဲဖက်ရိုက်ကူးသည်။ အေဝမ်းဦးတင်မောင်သည် ဗိမ္ဗိသာရ ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် နောက်ဆုံးပါဝင်ရိုက်ကူးခဲ့သည်။ ၁၉၆၃ ခုနှစ်ထဲတွင် အေဝမ်းဦးတင်မောင်သည် ဒုတိယကမ္ဘာစစ်မတိုင်မီက မိမိကိုယ်တိုင် ပါဝင်သရုပ်ဆောင်၍ရိုက်ကူးခဲ့သော မြားနတ်မောင် (၁၉၃၈) ရုပ်ရှင်ကားကို မမထားနှင့် အပါ အမည်ဖြင့် ပြန်လည်ဆန်းသစ်ကာ ညွန့်ဝင်း၊ မြင့်မြင့်ခင်တို့ဖြင့် ရိုက်ကူးသည်။ အေဝမ်းဖလင်၏ မမထားနှင့် အပါ ရုပ်ရှင်ကားကို ၁၉၆၃ ခု၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်ပြသသည်။ ညွန့်ဝင်းသည် "မမထားနှင့် အပါ" ဇာတ်ကားဖြင့် ထိပ်တန်းမင်းသားတလက် ဖြစ်လာခဲ့ပေသည်။

၁၉၆၄ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် ဝိဇယကုမ္မာ ရုပ်ရှင်ကားကို စိန်အောင်မင်း၊ ကြည်ကြည်ဌေးတို့ဖြင့် ရိုက်ကူးတင်ဆက်သည်။ ဝဏ္ဏကျော်ထင်စိန်အောင်မင်းနှင့် ဝဏ္ဏကျော်ထင်အကယ်ဒမီကြည်ကြည်ဌေးတို့သည် ဝိဇယကုမ္မာ ဇာတ်ကားဖြင့် ရုပ်ရှင်တွင် ပထမဆုံးတွဲဖက်သရုပ်ဆောင်ခြင်း ဖြစ်သည်။ အေဝမ်းဦးတင်မောင်သည် ၁၉၆၄-၆၆ ခုနှစ်များတွင် ရုပ်ရှင်ကောင်စီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

၁၉၆၅ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် အေဝမ်းဖလင်မှ ဒေါင်းမလေး ကားနှင့် သုမာလာ ရုပ်ရှင်မှ လက်ဦးဆရာ ဇာတ်ကားတို့ကို ရိုက်ကူးတင်ဆက်သည်။ ဒေါင်းမလေး ကား၌ ၁၉၅၇၊ ၁၉၅၉ အကယ်ဒမီဆုရ မင်းသားကြီးထွန်းဝေနှင့် စမ်းစမ်းအေးတို့ပါဝင်၍ လက်ဦးဆရာ တွင် ကျော်ဆွေ၊ ခင်ယုမေတို့ ပါဝင်ခဲ့ပေသည်။

၁၉၆၆ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် ပြည်သူ့ရုပ်ရှင်မှ ကောလိပ်ဂျင်နေဝင်း၊ ညွန့်ဝင်း၊ ခင်ယုမေ၊ မေလဲ့ဝင်းတို့ ပါဝင်သော ချစ်မြေ ရုပ်ရှင်ကားကို ရိုက်ကူး တင်ဆက်ခဲ့ပေသည်။

၁၉၆၇ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် လျှပ်စစ်ရုပ်ရှင်မှ ကိုယ်ရယ် တိုးရယ် စိုးစိုးရယ် ရုပ်ရှင်ကားကို ညွန့်ဝင်း၊ ခင်သန်းနုတို့ဖြင့် ရိုက်ကူးတင်ဆက်သည်။ ၁၉၆၇ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်ရုပ်ရှင်ဇာတ်ကားဖြင့် အေဝမ်းဦးတင်မောင်က ဒါရိုက်တာဆု၊ ခင်သန်းနုက ပထမအကြိမ် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုများကို ဆွတ်ခူးရရှိခဲ့ပေသည်။

၁၉၆၈ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် မြဇော်ဖလင်မှ ဒါရိုက်တာဦးမြမောင်ရိုက်ကူးသော နှစ်မွှာအသဲ ဇာတ်ကားကို ကြီးကြပ်ပေးရသည်။ ၁၉၆၈ ခုနှစ်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် နှစ်မွှာအသဲဇာတ်ကားမှ စန္ဒာက အမျိုးသမီးဇာတ်ဆောင်ထူးချွန်ဆု၊ ဦးသန်းမောင်က ဓာတ်ပုံထူးချွန်ဆုများ ရရှိခဲ့ပေသည်။ အကယ်ဒမီစန္ဒာသည် အေဝမ်း ဦးတင်မောင်တို့၏ အစ်မကြီးဒေါ်မြခင်၏ မြေးဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် (၁) မိုးညအိပ်မက်မြူ၊ (၂) သူကလည်း ချစ်ရမယ်၊ (၃) ချစ်ရသည်က အသက်ထက်ဆုံး၊ (၄) ရင်ဝယ်ခင်တွယ် ဇော်လေးရယ် စသည့် ရုပ်ရှင်ကားများကို ရိုက်ကူးတင်ဆက်ခဲ့သည်။ ၁၉၆၉ ခုနှစ်ထဲတွင် အေဝမ်းဦးတင်မောင်သည် ဦးသုခ၊ ဦးမြင့်စိုး၊ ဦးညီညီတို့ပါဝင်သော မြန်မာ့ရုပ်ရှင်လေ့လာရေးအဖွဲ့နှင့် အရှေ့ဂျာမနီ၊ ဆိုဗီယက်ရုရှား၊ မြောက်ကိုရီးယားနိုင်ငံများသို့ ရုပ်ရှင်လေ့လာရေးခရီး ထွက်ခဲ့ပေသည်။

၁၉၇ဝ ပြည့်နှစ်တွင် အေဝမ်းဦးတင်မောင်သည် (၁) ရှင်နဲ့ ကျွန်မ (၂) မိုးနှင်းမြူ ရုပ်ရှင်ကားများကို ရိုက်ကူးတင်ဆက်သည်။ ၁၉၇၁ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် "ဇင်မ ဆိုသော မိန်းကလေး" ရုပ်ရှင်ကားကို ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ ဇာနည်ဝင့်တို့ဖြင့် ရိုက်ကူးတင်ဆက်ခဲ့သည်။ ဇာနည်ဝင့် (ဆွေဆွေဝင့်) သည် အေဝမ်းဦးတင်မောင်နှင့် ဒေါ်တင်တင်တို့၏ သားသမီးခြောက်ဦးအနက် တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ကလေးသရုပ်ဆောင်ဆွေဆွေဝင့်အဖြစ် အကျော်အမော် (၁၉၅၄) ရုပ်ရှင်ကားတွင် အကျော် (ကြည်ကြည်ဌေး) ၏သမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် ဒါရိုက်တာဦးမြမောင်ရိုက်ကူးသော ရွက်စိမ်း ကားကို ကြီးကြပ်ပေးသည်။ ရွက်စိမ်းကားတွင် ဝင်းလှိုင်၊ စန္ဒာ၊ နွဲ့နွဲ့မူတို့ ပါဝင် သရုပ်ဆောင်ကြသည်။

၁၉၇၈ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် အေဝမ်းဖလင်မှ ဇာတိသွေး ဇာတ်ကားကို ညွန့်ဝင်း၊ စန္ဒာ၊ ကျော်မျိုးအောင်၊ ကြည်ကြည်ဌေးတို့ဖြင့် ရိုက်ကူး၍ ၁၉၇၈ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ရှေ့ဆောင်၊ သီတာ၊ ရွှေမန်း၊ မရိုးဆန်းရုံတို့တွင် ရုံတင်ပြသသည်။

၁၉၈၂ ခုနှစ်တွင် အေဝမ်းဦးတင်မောင်သည် အေဝမ်းဖလင်မှ အသဲထဲမှာ ဝှက်လို့ကြို ရုပ်ရှင်ကားကို ဝင်းဦး၊ ဆွေဇင်ထိုက်၊ မြင့်မြင့်ခိုင်၊ ကျော်မျိုးအောင်၊ ကြည်ကြည်ဌေးတို့ဖြင့် ရိုက်ကူးသည်။ ယင်းရုပ်ရှင်ကားကို ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရှေ့ဆောင်၊ ရွှေမန်း၊ စံပြ၊ ရွှေဗဟို၊ သီတာရုံတို့တွင် ရုံတင်ပြသသည်။

ထင်ရှားသော တပည့်များ

ပြင်ဆင်ရန်

အေဝမ်းဦးတင်မောင်သည် မြန်မာ့ရုပ်ရှင် ပေါ်ဦးစကာလမှသည် နှစ်ပေါင်းခုနစ်ဆယ်အတွင်း ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဒါရိုက်တာများကို ထပ်ဆင့်ကြီးကြပ်သူ၊ ရုပ်ရှင် ထုတ်လုပ်သူအဖြစ်ကျင်လည်ရင်း သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ စက်မှုပညာရှင်များကို မွေးထုတ်ပေးခဲ့သည်။ အေဝမ်းဦးတင်မောင်၏ ထူးချွန်ထင်ရှားသောတပည့်တို့မှာ -

  1. ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင် ဝဏ္ဏကျော်ထင်ဒေါ်မေရှင်
  2. အကယ်ဒမီခြောက်ထပ်ကွမ်းဒါရိုက်တာ အလင်္ကာကျော်စွာဦးသုခ
  3. သရုပ်ဆောင် ဝဏ္ဏကျော်ထင်အကယ်ဒမီဦးဇေယျ (၁၉၁၆-၂၀၀၁)
  4. ရုပ်ရှင်သရုပ်ဆောင် ဝဏ္ဏကျော်ထင်လေးထပ်ကွမ်းအကယ်ဒမီဆုရှင်ဒေါ်ကြည်ကြည်ဌေး (၁၉၂၄-၂၀၀၀) တို့ ဖြစ်သည်။

ကွယ်လွန်ခြင်း

ပြင်ဆင်ရန်

အေဝမ်းဦးတင်မောင်သည် အသက်အရွယ်ရလာသောအခါ ရုပ်ရှင်လုပ်ငန်းများမှ အနားယူလိုက်သည်။ အသက် ၉၃ နှစ်အရွယ် ၂၀၀ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မေခလမ်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်တင်တင်နှင့် သားသမီး ၆ ယောက်၊ မြေး ၁၂ ယောက်၊ မြစ် ၄ ယောက် ကျန်ရှိခဲ့သည်။

  1. ကျော်သန်းမြင့် (ဗန်းမော်) (ဖေဖော်ဝါရီ ၂၀၀၇)။ မြန်မာ့ ရုပ်ရှင် ငွေကြယ်ပွင့်တို့ ရုပ်ပုံလွှာများ (ပထမအကြိမ် ed.)။ Unknown parameter |piblisher= ignored (အကူအညီ)