အောင်ကြီး၊ ဦး (အဝေးရောက်မင်း)
အဝေးရောက်မင်း ဦးအောင်ကြီး [၁၈၅၃-၁၉၄၂]
ပြင်ဆင်ရန်အမရပူရမြို့၌ အဖ ဦးမှတ်၊ အမိ ဒေါ်စပယ်တို့က ၂၅ ဒီဇင်ဘာ ၁၈၅၃ တွင် မွေးဖွားသည်။ အဖမှာ စကု၊ စလင်း၊ ကျပင်၊ လယ်ကိုင်း လေးမြို့ဆိုင်ရာ စာရေးကြီးဖြစ်၍၊ ရွှေဘိုအနီး ထနောင်းဝန်း ရွာသူကြီးမျိုးရိုး ဖြစ်သည်။ ဦးအောင်ကြီးမှာ တဦးတည်းသောသား ဖြစ်သည်။
ခုနစ်နှစ်သား အရွယ်တွင် အမရပူရ မင်းသဲကျောင်းတိုက် မင်းတုန်းမင်း ဆရာတော်၊ ရွှေပြည် ဆရာတော်ကြီး ဦးပညာထံတွင် သဒ္ဒါရှစ်စောင်၊ ဋီကာကျော် အဘိဓာန် ကျမ်းများကို ဆည်းပူးသည်။ ၁၅ နှစ်သားတွင် သာမဏေဝတ်၍ နှစ်နှစ်ကြာမျှ စာကြီးပေကြီးများကို သင်ယူသည်။ ၁၇ နှစ်သားတွင် ရှင်လိင်ပြန်သည်။ လွှတ်တော် စာရေးကြီး ဦးမှုံထံတွင် ဆကာရန္တ၊ ကဗျာသာရတ္ထ၊ စွယ်စုံကျော်ထင် သတ်ပုံ၊ အတွက်အချက်၊ စာစီစာကုံးများကို ခြောက်လကြာမျှ သင်ယူရပြန်သည်။ ထို့နောက် စာရေး စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ စာမေးပွဲ အောင်ပြီးစတွင်ပင် ဝန်ထောက်ဘဝနှင့် ရှိနေသေးသည့် ကင်းဝန်မင်းကြီးက စာရေးကြီး ဦးမှုံ ထံမှ တောင်းယူ၍ ပျို့ကဗျာ လင်္ကာများ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ နေမိဘုံခန်းပျို့၊ ဘူရိဒတ်လင်္ကာကြီး၊ ဆုတောင်းခန်းပျို့ စသည်တို့ကို ဆက်လက် လေ့လာစေသည်။ လစာ တလ ၃ဝ ကျပ် ရရှိသည်။
ကဗျာလင်္ကာများ အတော်အတန် ကျွမ်းကျင်လာသော အခါ နားခံတော် ပြော့ကြီးမှူး ဦးဘိုး ထံတွင် လေးချိုး၊ ဧချင်း၊ ရတု၊ ရကန်၊ လူးတားများကို သင်ယူရပြန်သည်။ ထို့နောက် မင်းတုန်းမင်းတရားကြီးထံ စာတော်ဖတ် အဖြစ် အမှုထမ်းရသည်။ စာရေးတော်ကြီး လစာ ၃ဝ ကျပ်၊ စာတော်ဖတ် လစာ ၃ဝ ကျပ်၊ ပေါင်း ၆ဝ ကျပ် ခံစားရသည်။
သီပေါမင်း လက်ထက်တွင်လည်း စာတော်ဖတ် အဖြစ် ဆက်လက်၍ အမှုတော်ကို ထမ်းရသည်။ သီပေါမင်းနှင့် ငယ်စဉ်ကပင် သိကျွမ်းခဲ့သူ ဖြစ်ရာ မကြာမီ 'အဝေးရောက်မင်း' အဖြစ် တိုးမြှင့် သူကောင်းပြုခံရသည်။ 'နေမျိုးဇေယျကျော်ထင်' ဘွဲ့ကို ပထမ ချီးမြှင့်ခံရပြီးနောက်၊ ဒုတိယအကြိမ် 'နေမျိုးမင်းထင်ကျော်ခေါင်' ဘွဲ့ကို သနားတော်မြတ် ခံရပြန်သည်။
သီပေါမင်း ပါတော်မူပြီးနောက် စလေဒင်နှင့်အတူ ရှမ်းပြည်နယ် နယ်ခြားဒေသများသို့ ခြောက်လကြာမျှ လိုက်ပါ အမှုထမ်းခဲ့သည်။ ထို့နောက် အင်္ဂလိပ်အစိုးရ လက်အောက်တွင် အမှုထမ်းလိုစိတ် မရှိသောကြောင့် ရွှေဘိုသို့ ပြန်လာခဲ့သည်။ အဝေးရောက်မင်း ဘဝက ဝယ်ထားခဲ့သော လယ်ယာကို အမှီပြု စားသောက် နေထိုင်ခဲ့သည်။ ရတနာဂီရိသို့ သွားရောက်၍ အရှင် သီပေါမင်းတရားထံ ရှေ့တော်ဝင် ခစားခဲ့သည်။ ၃ဝ ဇန်နဝါရီ ၁၉၂၃ တွင် ရန်ကုန် သရစိမ်း စံအိမ်တော်၌ ကျင်းပသော ပျဉ်းမနား ကိုယ်တော်မြတ်ဘုရားနှင့် ကောလင်းစုဘုရားတို့ လက်ထပ်မင်္ဂလာပွဲသို့ ကိုယ်တိုင် တက်ရောက်ချီးမြှင့်၍ သတို့သားနှင့် သတို့သမီး အတွက် တေးထပ်များ ရေးစပ် လက်ဖွဲ့ခဲ့သည်။
၁၉၂၁ ခု၊ အောက်တိုဘာလ ၂၁ မှ ၂၄ ထိ မန္တလေးမြို့မှာ ကျင်းပခဲ့သော ဂျီစီဘီအေ နဝမအကြိမ်မြောက် နှစ်ပတ်လည် ညီလာခံ အစည်းအဝေးသို့ တက်ရောက်ကာ၊ ကိုယ်တိုင် သီကုံးသည့် ဩဘာရတုပိုဒ်စုံကို ဖတ်ကြားခဲ့သည်။ (၁၈) ကြိမ်မြောက် အမျိုးသားနေ့ အခါသမယတွင်လည်း အမျိုးသားနေ့ထူး အကြောင်းကို 'အမျိုးသား ပြက္ခဒိန် ရတုပိုဒ်စုံ' ရေး၍ ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဇာတိသွေး ဇာတိမာန်နှင့် ရဲသွေးရဲမာန် စွမ်းအင်သတ္တိ ရဲသွေးညှိရန် လိုလားပုံ၊ မြန်မာ့ခေတ် မြန်မာ့စနစ်ဖြင့် ဒေါင်းအလံ လွှင့်ထူလိုပုံ၊ ဘာသာ သာသနာ ပညာ တိုးတက်ရေး လိုလား တောင့်တပုံများကို ဖွင့်ထုတ်ပြထားသည်။ ၁၉၃၂ တွင် ပေါ်ပေါက်ခဲ့သည့် မြန်မာနိုင်ငံကို အိန္ဒိယနှင့် ခွဲရေး-တွဲရေး ကိစ္စတွင် ရှစ်ဆယ်ကျော်အရွယ် ရှိလင့်ကစား ဇာတိသွေး ဇာတိမာန် တက်ကြွစွာဖြင့် ခွဲရေးဘက်မှ အပြတ် ရပ်တည်ပြခဲ့သည်။
အဝေးရောက်မင်းသည် ကဗျာလင်္ကာ အချို့ကိုလည်း ရေးဖွဲဲ့ခဲ့သည်။ 'စုဖုရားလတ်အတွက် အလွမ်းကဗျာ'၊ 'တောပု ဘုရားပွဲသွား တေးထပ်'၊ 'သီလရှင်နှစ်ပါးဘွဲ့ လေးဆစ်ကဗျာ' တို့ကို တွေ့ရှိရသည်။ ယင်းကဗျာများတွင် အဓိပ္ပာယ် ယုတ္တိနှင့်တကွ ကာရန်နဘေများမှာ လွန်စွာ သုတိသာယာမှု ရှိကြောင်း မောင်အေးသန့်က အကဲဖြတ်ခဲ့သည်။ ထို့ပြင် လူအဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်တွင် ပုထုဇဉ်ပီပီ လူ့ပြည်မှာ အနေရဲခိုက် အပျော်သဘောနှင့် စာချိုးများလည်း ရေးဖွဲ့တတ်သည်။ မေဃဂီရိရပ်သူ ဒေါ်ဆုတ်ကို မထိတထိ ကလိခဲ့သည့် စာချိုး၊ စဉ့်ကူးမြို့ သမာဓိမြို့ဝန် ဦးဘို ဇနီးမောင်နှံ အကြောင်းကို ဟာသသဘော နှောရေးသည့် စာချိုးတို့မှာ အထင်ကရ ပြယုဂ်များပင် ဖြစ်သည်။
အဝေးရောက်မင်း ပြုစုသည့် 'မဲဇာတောင်ခြေဋီကာ' ကို မြန်မာသက္ကရာဇ် ၁၂၉၆ ခု၊ နယုန်လတွင် ရွှေဘိုမြို့၊ မင်းရပ်၊ ကုန်းဘောင်သီရိန် စာပုံနှိပ်တိုက်က ပထမအကြိမ် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ မူပိုင်ရှင်မှာ ရွှေဘို၊ မင်းရပ်၊ ကံထရိုက် ဦးကြီးမောင်ဟု ဖော်ပြထားပြီး၊ တအုပ် အဖိုး ၈ ပဲ ဖြစ်သည်။ "… မဲဇာတောင်ခြေ ရတုနှင့် စပ်လျဉ်း၍ အယူအဆ ဝါဒ မညီညွတ် ချွတ်ချော် တိမ်းပါးလျက် အမျိုးမျိုး အစားစား ပြောကြားရေးမှတ် အဆုံးမသတ်နိုင်အောင် ရှိနေ၍ အဖြေအဖြောင့် စကား ရေးသားပါရန် တောင်းပန် တိုက်တွန်းကြ"သောကြောင့် ရေးသားရကြောင်း နိဒါန်းတွင် ဖော်ပြထားသည်။ တဆက်တည်းပင် "… ရှေးခေတ်သမယက အလွန် အထက်တန်းကျခဲ့၍ ယခုသမယ၌ အောက်တန်းကျလျက်နေသော မြန်မာစာပေ ပညာကို အားပေးချီးမြှောက် အထက်သို့ ရောက်စေလိုသည် တကြောင်း၊ မြန်မာစာပေမှု၌ နုလှသေးသော အမျိုးသား အမျိုးသမီးကလေးတို့၏ ဉာဏ်ရည်ဉာဏ်သွားကို ဖွံ့ထွား ကြီးပြင်း ရင့်သန်ခြင်းသို့ ရောက်စေလိုလှသည် တကြောင်း၊ ရတုကဗျာ လင်္ကာ မြန်မာစာပေ ပညာသည် မည်မျှလောက် ဂုဏ်သတင်းကို ဆောင်၍ မိမိဂုဏ်ကို ထွန်းပြောင်စေနိုင်သည်ကို သိစေလိုသည် တကြောင်း စသည့် အကြောင်းများကြောင့်၊ 'မဲဇာတောင်ခြေရတု' ၏ အဖြေစာသွားကို ငယ်နုသော အမျိုးသမီး အမျိုးသားကလေးများ၏ စိတ်ထား သဘောဓာတ်နှင့် လျောက်ပတ် သင့်တင့်အောင် ကြံဆောင်၍ ရေးသားရခြင်း ဖြစ်လေသည်" ဟူ၍ စေတနာကို ဖွင့်ဟ ထားခဲ့သည်။
'မဲဇာတောင်ခြေ ဋီကာ'သည် အဝေးရောက်မင်း၏ ကိုယ်ပိုင် အတ္တနောမတိဖြင့် ထိထိမိမိ တင်ပြထားသောစာ ဖြစ်၏။ ထိုစဉ်က အဝေးရောက်မင်းနှင့် သဘောမကြိုက်ညီကြသော ပညာရှင်များ၏ ဝိဝါဒ အမျိုးမျိုးလည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၃၄ ခု၊ အောက်တိုဘာ တိုးတက်ရေး မဂ္ဂဇင်းမှ စတင်၍ ပါဠိဆရာကြီး ဆရာဘီ၊ ဥမဏ္ဍလာ စစ်ကိုင်းမြို့၊ ရွှေဘို ဦးလှကျော်၊ ကသာ ဦးမှတ်နှင့် ဦးဖိုးကျားတို့ အပြန်အလှန် ရေးသားခဲ့ကြသည်။ 'မဲဇာတောင်ခြေ ဋီကာ'ကို အကြောင်းပြု၍ ပေါ်ပေါက်လာသည့် စာပေ လှိုင်းဂယက်ထမှုများပင် ဖြစ်သည်။ သိပ္ပံမောင်ဝကမူ "မဲဇာတောင်ခြေ ဋီကာတွင် ရေးသားထားပုံမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ထိထိမိမိ ရှိလှပေ၏။ ရှေးလည်းမီ၊ ခေတ်လည်းဆန်သော စာအုပ်ကောင်း တအုပ် ဖြစ်လေသည်" ဟူ၍ သုံးသပ်ခဲ့သည်။ "အဝေးရောက်မင်း၏ စာပေ ဗဟုသုတ နက်နဲ ကျယ်ပြန့်ပုံကို သက်သေ ထူနေသကဲ့သို့ ရှိသည်" ဟူ၍လည်း မောင်ခင်မင်(ဓနုဖြူ) က မှတ်ချက် ပေးခဲ့သည်။
အဝေးရောက်မင်းသည် သီချင်းကြီး၊ သီချင်းခန့်၊ အဲ၊ အန်၊ လူတား စသည့် တေးကဗျာများ၏ အမှန်အကန် ရွတ်ဖတ်နည်း၊ ဆိုနည်းတို့ကို လည်းကောင်း၊ အဓိပ္ပာယ် ကောက်ယူပုံတို့ကို လည်းကောင်း လွန်စွာ ပိုင်နိုင်သူ တဦး ဖြစ်သည်။ မြန်မာပြည် အရပ်ရပ်မှ မြန်မာစာပေ ပညာရှင်များ၊ သုတေသီများ၊ ဂီတပညာရှင်များ အဝေးရောက်မင်းထံ လာရောက် ဆည်းပူးခဲ့ကြသည်။ မြန်မာနိုင်ငံ သုတေသန အသင်းကလည်း ၁၉၄ဝ ပြည့်နှစ်၊ နိုဝင်ဘာလထဲတွင် အဝေးရောက်မင်းကို ရန်ကုန်သို့ ပင့်၍ ရတု၊ ရကန်၊ အန်ချင်း၊ လူးတား၊ မော်ကွန်း၊ လေးချိုးကြီး၊ တောလား၊ အိုင်ချင်း၊ အဲချင်း၊ ဧချင်း၊ သာချင်းတို့၏ မူမှန် သီဆို ရွတ်ဖတ်နည်းတို့ကို ဓာတ်ပြားသွင်းယူ မှတ်တမ်းတင်ခဲ့သည်။
၂၆ စက်တင်ဘာ ၁၉၄၂၊ အသက် ၈၉ နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် ရွှေဘို၊ မင်းရပ်၌ ကွယ်လွန်ခဲ့သည်။ "… ဂီတပညာနှင့် ပတ်သက်၍သော် လည်းကောင်း၊ ထီးမူနန်းရာ စာပေ ပရိသတ်နှင့် ပတ်သက်၍သော် လည်းကောင်း အကြောင်းရှိတိုင်း ပညာရှိသူတို့ အမြဲဆည်းကပ် ကိုးကွယ်ရာ ဆရာကြီး တပါးဖြစ်သော အဝေးရောက်မင်း ဦးအောင်ကြီးသည် ကွယ်လွန်အနိစ္စ ရောက်ရှာလေပြီ ဖြစ်သောကြောင့် ဗမာပြည်သူပြည်သား အားလုံးက တမ်းတပူဆွေး တွေးတောဝမ်းနည်းခြင်း ဖြစ်ကြမည်မှာ အမှန်ဖြစ်ပေသတည်း" ဟူ၍ တိုင်းချစ်သတင်းစာ (၁၇၊ ၁ဝ၊ ၁၉၄၂) က ကမ္ပည်းတင်ခဲ့ပေသည်။ "ဦးအောင်ကြီးသည် စာပေ၊ သမိုင်း၊ အနုပညာ၊ ဂီတဘက်၌ ကျွမ်းသည့် ပညာရှင် ကဝိအမော်တဦး" ဟူ၍ မောင်အေးသန့်က လိုရင်းတိုရှင်း အနှစ်ချုပ်ဂုဏ်ရည်ကို ဖွင့်ပြခဲ့လေသည်။
[စာကိုး။ ။
(၁) မောင်အေးသန့်၊ နေမျိုးမင်းတင်ကျော်ခေါင် အဝေးရောက်မင်း ဦးအောင်ကြီး (၁၉၈၆)။
(၂) သိပ္ပံမောင်ဝ၊ ခေတ်စမ်း ရာဇဝင်ရေးများ (၁၉၅၅)။
(၃) လှသမိန်၊ ဂန္ထဝင် ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)၊ စာ ၂၆၀-၂၆၁။
(၄) မောင်ခင်မင် (ဓနုဖြူ)၊ စာဆို့ဘဝ စာဆို့စေတနာ စာဆို့လက်ရာ (၂ဝဝ၃)၊ စာ ၁၇၈-၁၈၁။
(၅) ဦးမဏ္ဍလာ-စစ်ကိုင်း၊ 'မဲဇာတောင်ခြေ ဝိစာရဏစာတမ်း'၊ တိုးတက်ရေး မဂ္ဂဇင်း (နိုဝင်ဘာ ၁၉၃၄)၊ စာ ၉၉-၁ဝ၂။
(၆) မောင်သစ်လွင် (လူထု)၊ 'စစ်အတွင်း ကွယ်လွန်ခဲ့သူ စာရေးဆရာ၊ သတင်းစာဆရာ၊ ပန်ချီဆရာ'၊ ငွေတာရီ (နိုဝင်ဘာ ၁၉၇၁)၊ စာ ၂၃-၂၆။
(၇) တင်နိုင်တိုး၊ 'သမိုင်းတစ်ကွေ့မှတ်တမ်းများ'၊ Weekly Eleven (26-12-2007)၊ စာ ၂၁၊
(၈) မောင်သန်းဆွေ (ထားဝယ်)၊ ကုန်းဘောင်အလွန် (ဒုတိယအုပ်) [၂ဝ၁ဝ]၊ စာ ၂၉၂-၂၉၃။] [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၂ဝ၁ဝ၊ စက်တင်ဘာမှာ ရာပြည့်စာအုပ်တိုက်မှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့၊ ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာစာရေးဆရာ ၁ဝဝ [အတ္ထုပ္ပတ္တိ အကျဉ်း] ဒုတိယအုပ်' မှ