အောင်နိုင်နတ်
အောင်နိုင်နတ်ကို လယ်သမား၊ ယာသမား၊ ကိုင်းသမား၊ ကျွဲနွားမွေးသူများ၊ ငှားသူများ၊ လှည်းနွားနှင့် အသက်မွေးသော လှည်းသမားများ၊ နွားကျောင်းသား၊ ကျွဲကျောင်းသား စသူတို့က အထူးယုံကြည် ကိုးကွယ်ကြသည်။
နန်ကရိုင်းမယ်တော်ကို ကိုးကွယ်ကြသူများကလည်း မယ်တော်၏ လက်ဝဲဘက်တွင် မောင်အောင်နိုင်ပုံကို ထား၍၊ ပုံတော်ရှေ့တွင် ရေ ၁ ခွက် နှင့် ပဲလှော် ၁ ပန်းကန် ထားကာ ကိုးကွယ်ကြသည်။
(၁)ခမောက်၊ (၂)လွယ်အိတ်၊ (၃)ဘူးခါးရေဘူး၊ (၄)နွားနဖားကြိုး၊ (၅)နွားချည်ကြိုး၊ (၆)နွားရိုက်ကြိမ်၊ (၇)လောက်လေးခွ၊ (၈)လောက်စာလုံး၊ (၉)ကောက်ညှင်းထုပ် ၇ ထုပ်၊ (၁၀)ဆေးပေါ့လိပ် ၇ လိပ်၊ (၁၁)ပလွေ စသည်ပစ္စည်းများကို လွယ်အိတ်တွင် ထည့်၍ ချိတ်ဆွဲပေးထားရသည်။
နွားကျောင်းသားသေ၍ နတ်ဖြစ်သည်ဟု ယုံကြည်ကြသဖြင့် နွားပျောက်သောအခါတွင်လည်းကောင်း၊ နွားနာကျသောအခါတွင်လည်းကောင်း ပူဇော်ပသကြသည်။
နွားပျောက်နတ်ပင့် မေးနည်း
ပြင်ဆင်ရန်ရပ်ရွာထဲ၍ အသောက်အစားကင်းသူ လူတစ်ယောက်က 'အောင်နိုင်နတ်'အဖြစ်နှင့် မဲပုဆိုးတောင်းရှည်ဝတ်၍ ရင်စေ့အင်္ကျီ (သို့မဟုတ်) လယ်တော်ဝတ်အင်္ကျီကို ပခုံးတင်၊ အထက်ဖော်ပြပါပစ္စည်း ၁၁ မျိုးကို ကိုင်ဆောင်ကာ ပျောက်သော နွားရှင်၏ နွားတင်းကုပ် ဥရုတိုင်ကို ဘယ်ခြေထောက်နိမ့်နင်းကျိုးဟန်ပြု၍ အောက်ပါသီချင်းကို ဆိုရင်း ၇ ပတ် လှည့်ရသည်။
- ပုဆိုးရယ် စွန်တောင်စွန်တောင်၊ ဘယ်ပေါင်က နိမ့်နင်း နိမ့်နင်း။ မောင်အောင်နိုင် ဘယ်အခင်းကြောင့်၊ လာရတယ်မင်း။ နွားပျောက်ရှာရင်း လာရတယ်မင်း။
သီချင်းတစ်ပုဒ်ဆုံးတိုင်း ပလွေလိုက်မှုတ်ရသည်။ ပလွေကို သီချင်းသွားတိုင်း မမှုတ်တတ်သော်လည်း ပလွေသံ မြည်ရုံမပီတပီနှင့် တေးသွားအလိုက် မှုတ်တတ်သလိုမှုတ်ပြီး လှည့်ရသည်။ ၇ ပတ် ပြည့်လျှင် နွားရှင်က အောင်နိုင်နတ်လုပ်သည်သူထံတွင်ရှိသော ပစ္စည်းများကိုယူ၍ နွားတင်းကုပ် ဥရုတိုင်တွင် ချိတ်ဆွဲထားပြီး လိုက်ရှာလျှင် ပျောက်သောနွားကို ပြန်တွေ့သည်ဟု ယုံကြည်ကြသည်။
တချို့ကလည်း အောင်နိုင်နတ်မေးပြီး ဗေဒင်ဆရာကို သွားမေးကြသည်။ အောင်နိုင်နတ်က ဗေဒင်ဆရာကို စီးပြီး တွက်ချက်ဟောပြောပေးသောကြောင့် ဗေဒင်ဆရာဟောပြောညွှန်ကြားရာ လိုက်ရှာလျှင် ပျောက်သောနွားကို ပြန်တွေ့သည်ဟု ယုံကြည်ကြသည်။
နွားနာ နတ်ပင့် ကုသနည်း
ပြင်ဆင်ရန်နွားနာကျသောအခါ၊ အထက်နည်းအတိုင်း ဝတ်ဆင်ကိုင်ဆောင်ပြီး သီချင်ဆို ပလွေမှုတ်ရင် ဘယ်ခြေကို နိမ့်နင်းဟန်ပြု၍ နွားတင်းကုပ်ကို ၇ ပတ် လှည့်ရသည်။ နွားတင်းကုပ်လှည့်စရာနေရာမရှိလျှင် နွားကို လှည့်ရသည်။
- ပုဆိုးရယ် စွန်တောင် စွန်တောင်၊ ဘယ်ပေါင်က နိမ့်နင်း နိမ့်နင်း။ နတ်အောင်နိုင် ဘယ်အခင်း လာရချက်ချင်း။ နွားနာကို ပျောက်အောင်ကုရင်း လာရတယ်မင်း။
နွားရှင်က အောင်နိုင်နတ်လုပ်သူထံမှ ပစ္စည်းများကို ယူပြီး နွားတင်းကုပ်အဝင်ဝတွင် ချိတ်ဆွဲထားလျှင် နွားနာပျောက်ကင်းသည်ဟု အဆိုရှိသည်။
ကိုအောင်နိုင် နတ်ပွဲပြင်နည်း
ပြင်ဆင်ရန်အလုံးလှ ကြွက်မြီးကောင်း အုန်းသီး ၁ လုံး၊ ဖီးကြမ်း (သို့မဟုတ်) ရခိုင်ငှက်ပျောသီး အစိမ်း ၂ ဖီး၊ သပြေပန်း ၂ ခက်၊ စံပယ်ပန်းတို့ကို ရေဆေးပါ။ သန့်ရှင်းသော ဇလုံထဲသို့ ငှက်ပျောသီး ၂ ဖီးကို မျက်နှာချင်းဆိုင်ထား၍ အလယ်တွင် အုန်းသီးကို တည့်မတ်စွာထားပါ။ အုန်းညှာတွင် စံပယ်ပန်းများချိတ်၍ ဘေးသို့ ညီညာစွာ ချထားပါ။
သပြေပန်း ၂ ခက်၊ အမွှေးတိုင် ၂ တိုင်၊ ကွမ်းယာ ၂ ယာတို့ကို ငှက်ပျောသီး တစ်ဖီးစီ၏ကြားတွင် မျှတစွာ ထိုးညှပ်ပါ။ နံသာဖြူရည် (သို့မဟုတ်) ရေမွှေးပတ်ဖျန်းပြီးပါက ကန်တော့ပွဲပြင်၍ ပြီးပါပြီ။
ကန်တော့ပွဲရှေ့တွင် စားပွဲအဖြစ် အရက် ၁ ပုလင်း (သို့မဟုတ်) ဖန်ခွက် ၁ ခွက် (သို့မဟုတ်) ထန်းရည်တစ်မြူ၊ သောက်တော်ရည် ၁ ခွက်၊ ပဲကြီးလှော် ၁ ပန်းကန်ဖြင့် တင်မြှောက်ပြီး ဖယောင်းတိုင် ၁ တိုင် ထွန်းညှိ ပူဇော်နိုင်သည်။
အကိုးအကား
ပြင်ဆင်ရန်ဥတ္တရဘုမ္မာဆရာစိန်ဝင်း။ နတ် ၃၇ ပါး ပသနည်းနှင့် တောင်ပြုံးပွဲ ရတနာ့ဂူပွဲ နတ်သမိုင်း။ ဇမ္ဗူဒီပစာပေ၊ ရန်ကုန်။ ပကြိမ်၊ ဩဂုတ် ၉၃။