အော်ခက်စတြာတီးဝိုင်း

ပြင်ဆင်ရန်

အော်ခက်စတြာတီးဝိုင်းဆိုသည်မှာ ကြိုးတပ် တူရိယာအမျိုးမျိုး၊ သစ်သား လေတူရိယာအမျိုးမျိုး၊ ကြေး လေတူရိယာအမျိုးမျိုးနှင့် တီးခတ်ရသော တူရိယာအမျိုး မျိုးတို့ကို သူ့သံစဉ်အလိုက် တစ်လွှာစီ တစ်ကန့်စီပေါ်လွင် အောင် သက်ဆိုင်ရာ ဂီတပညာရှင်ကြီးများက တစ်ပြိုင်နက် ဝိုင်းဖွဲ့တီးမှုတ်ကြသည့် သံစုံတီးဝိုင်းကြီးပင်ဖြစ်သည်။ မြန်မာ တို့၏ဆိုင်းဝိုင်းကြီးမှာလည်း အော်ခက်စတြာတီးဝိုင်း တစ်မျိုးဟု ဆိုနိုင်လေသည်။

အော်ခက်စတြာ ဟူသော စကားလုံးသည် ဂရိဘာသာစကားမှ ဆင်းသက် လာသည်။ အဓိပ္ပာယ်မှာ ကပြခြင်း။ ဂရိခေတ် လေဟာပြင်ဇာတ်များတွင် ဇာတ်ခုံရှေ့ရှိ မြေဝိုင်းကွက်လပ်ကို အော်ခတ်စတြာဟု ခေါ်သည်။ ဇာတ်ဆောင်များက ဇာတ်ခုံပေါ်တွင် သရုပ်ဆောင်၍ သံပြိုင်တေးဆိုသူများကမြေဝိုင်း ကွက်လပ်တွင် သံပြိုင်တေးသီဆိုကြ၏။ ကပြကြ၏။ တီးဝိုင်းကိုလည်း ထိုနေရာမှာပင် တီးမှုတ်ကြသည်။[]

အော်ခက်စတြာတီးဝိုင်းသည် အရွယ်ပမာဏ အမျိုးမျိုး အစားစား ဖြစ်နိုင်၏။ ကြိုးတပ်တူရိယာ အော်ခက်စတြာ တီးဝိုင်းတွင် ကြိုးတပ်တူရိယာချည်းသာ ပါဝင်၏။ ဆင်ဖိုနီ အော်ခက်စတြာတီးဝိုင်းမှာမူ အရွယ်ပမာဏကြီးမား၍ ဆင်ဖိုနီဂီတ(သံစုံဂီတ) တီးမှုတ်ရန်အတွက် လိုအပ်သော တူရိယာအမျိုးမျိုး ပါဝင်သည်။ အော်ခက်စတြာတီးဝိုင်းသည် သူ့ချည်းလည်း တီးမှုတ်ဖျော်ဖြေနိုင်၏။ အောပရာဇာတ်ပွဲမှာကဲ့သို့ သံပြိုင်သီဆို သူများနှင့် တွဲဖက်၍လည်း တီးမှုတ်နိုင်၏။ ဘဲလေးပြဇာတ်တွင် ကပြသည့် သူများအတွက်လည်း ကကြိုးကကွက်များကို တီးမှုတ်ပေးနိုင်၏။ သို့မဟုတ် ပြဇာတ်တွင်ပြဇာတ်အခန်း တစ်ခန်းနှင့်တစ်ခန်းအကြား အခန်းပြောင်း၊ ပြကွက်ပြောင်းချိန်၌ တီးမှုတ်ပေးနိုင်လေသည်။

အော်ခက်စတြာတီးဝိုင်းစစ်စစ်တွင် များသောအားဖြင့် ကြိုးတပ်တူရိယာများသာ ပါဝင်သော်လည်း လေတူရိယာနှင့် တီးခတ်သောတူရိယာများလည်း ပါဝင်၏။ သို့သော် ကြိုးတပ် တူရိယာများထက် အရေအတွက်အားဖြင့် နည်းပါး၏။ ဘင်ခရာတီးဝိုင်း တွင်ကား လေတူရိယာနှင့် တီးခတ်တူရိယာချည်းသာ ပါဝင်သည်။

အော်ခက်စတြာတီးဝိုင်းတွင် ပါဝင်သော တူရိယာ ပစ္စည်းများကို ကြိုးတပ်တူရိယာများ၊ သစ်သား လေတူရိယာများ၊ ကြေးလေတူရိယာများနှင့် တီးခတ်တူရိယာများဟူ၍လေးစု ခွဲခြားနိုင်၏။ ကြိုးတပ် တူရိယာအစုတွင် ပထမတယောများ၊ ဒုတိယတယောများ၊ ဗွိုင်အိုလာတယောများ၊ ဗွိုင်အိုလန်ချယ်လို တယောများနှင့် ဗတ်စတယောကြီးများ ပါဝင်၏။ ကြေးလေတူရိယာအစုတွင် ထရမ်းပက်များ၊ ကောနက် များ၊ ထရွမ်ဗုန်းများ၊ ကျူဗာနှင့် ပြင်သစ်ခရာများ ပါဝင်သည်။ သစ်သားလေတူရိယာအစုတွင် ပြွေများ၊ ပစ်ကိုလိုများ၊ အိုးဗိုများ၊ အင်္ဂလိပ်နှဲများ (ကော်အန့်ဂလေ့)၊ ဗတ်ဆွန်းများ၊ ကလဲရီနက်များပါဝင်၏။

တီးခတ်တူရိယာအစုတွင် ကက်တယ်ဒရမ်၊ စနဲယား ဒရမ်၊ ဗတ်စဒရမ်ဟူသော ဗုံများ၊ လင်းကွင်းများ၊ မောင်းများ၊ ဆည်းလည်းများ၊ တြိဂံ(ခေါ် )သုံးထောင့်ကွေးသံချောင်း၊ ခြူတပ် တစ်ဖက်ပိတ် ဗုံကလေးနှင့် အခြားစည်းဝါးလိုက် တူရိယာပစ္စည်း အမျိုးမျိုးပါဝင်သည်။

စောင်းကိုယခုအခါတွင် ဆင်ဖိုနီအော်ခက်စတြာတီးဝိုင်းတွင် ထည့်သွင်းအသုံးပြုသည်။ စန္ဒယားများကိုကား အော်ခက်စတြာတီးဝိုင်းများတွင် အမြဲထည့်သွင်း အသုံးပြုလေ့မရှိဘဲ၊ ခေတ်ပေါ်တီးကွက်များ တီးမှုတ်သည့်အခါတွင်မှ ထည့်သွင်းအသုံးပြုလေ့ ရှိလေသည်။

အော်ခက်စတြာတီးဝိုင်းတစ်ခုတွင် ပါဝင်သည့် ဝိုင်း တော်သားများအနက် အရေးပါဆုံးပုဂ္ဂိုလ်တစ်ဦးမှာ တီးဝိုင်း ခေါင်းဆောင်ဖြစ်၏။ သူသည် လက်ဝယ်ကိုင်ထားသည့် တုတ်ငယ်တစ်ချောင်းကို အသုံးပြုလျက် လက်အနေအထား အမျိုးမျိုးအားဖြင့်လည်းကောင်း၊ မျက်နှာအမူအရာ အမျိုးမျိုးအားဖြင့်လည်းကောင်း၊ ကိုယ်နေဟန်ထားအမျိုးမျိုးအားဖြင့်လည်းကောင်း၊ ဝိုင်းတော်သားများကို ဦးဆောင်ညွှန်ကြားသွားလေသည်။ သူ၏ဟန်အမူအရာတစ်မျိုးစီတွင် အဓိပ္ပာယ် တစ်မျိုးစီရှိလေရာ ဝိုင်းတော်သားများကလည်း ကောင်းစွာ နားလည်ထားရလေသည်။ အော်ခက်စတြာဟူသည်မှာ ရှေးဂရိဇာတ်ရုံများတွင် ပွဲ ကြည့်ပရိသတ်နှင့် ဇာတ်ခုံအကြားရှိ သံပြိုင်သီဆိုသူများအတွက် နေရာကို ခေါ်ဝေါ်ထားသော ဝေါဟာရဖြစ်ခဲ့ရာမှ ယခုအခါ သံစုံတီးဝိုင်း၏အမည်အဖြစ် ပြောင်းလဲခေါ်တွင်လာခြင်းဖြစ်၏။ စင်စစ်သော်ကား အော်ခက်စတြာမှာ ကမ္ဘာဦးလူတို့ ခေတ်ကပင် ရှိခဲ့ဖူးသည်ဟု ယူဆရသည်။ ကမ္ဘာဦးလူများသည် သဘာဝ အလျောက်ရှိခဲ့သော တူရိယာ ပစ္စည်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တီးမှုတ်ကောင်းတီးမှုတ်ခဲ့မည်ဖြစ်ရာ ဂီတသံမှာ ယခုခေတ် ဂီတသံကဲ့သို့ စွဲငြိဖွယ်မရှိငြားသော်လည်း နရီ စည်းဝါးကိုက်ညီကောင်း ကိုက်ညီပေလိမ့်မည်။ အော်ခက်စတြာ တီးဝိုင်းစစ်စစ်သည် ထိုးတံအသုံးပြု ကြိုးတပ်တူရိယာများ (တယောအုပ်စု) ခေတ်စားလာ၍ လေတူရိယာများသည်လည်း သံစဉ်နိမ့်မြင့်ကို ပိုင်းခြားဖော်ထုတ် ထိန်းချုပ်နိုင်အောင် တိုးတက်ကောင်းမွန်လာပြီးသော် တီးကွက်ပြ ဂီတသင်္ကေတများ စနစ်တကျရှိလာချိန်ကျမှသာလျှင် ပေါ်ပေါက်လာခဲ့ပေသည်။ အော်ခက်စတြာတီးဝိုင်းများသည် လွန်ခဲ့သောနှစ်ပေါင်း သုံးရာခန့်မှစ၍ တဖြည်းဖြည်း အရှိန်ယူ တိုးတက်လာခဲ့၏။ သို့သော် ၁၆ဝဝ ပြည့်နှစ်လွန်နှစ်များတွင် ပေါ်ပေါက်ခဲ့ဖူးသော အော်ခက်စတြာတီးဝိုင်းများသည် ယခုခေတ် ဆင်ဖိုနီ အော်ခက် စတြာတီးဝိုင်းများနှင့် မနှိုင်းယှဉ်သာအောင် အစစချို့တဲ့ခဲ့သည့် အပြင် လွန်စွာ ကွာခြားလေသည်။ ဂီတစာဆို လျူလီ(ခရစ် ၁၆၆၃-၁၆၈၇)သည် သူ၏ အော်ပရာ ဇာတ်ပွဲဆိုင်ရာဂီတ အတွက် များသောအားဖြင့် ကြိုးတပ်တူရိယာများကို အသုံးပြုခဲ့ လေသည်။ သို့သော် တစ်ခါတစ်ရံ ပြွေများ၊ အိုးဗိုများ၊ ထရမ်းပက်များနှင့် ဗုံများကိုလည်း ထည့်သွင်း အသုံးပြုခဲ့လေ သည်။ တစ်ခါတစ်ရံ ဗတ်ဆွန်းကိုလည်း ထည့်သွင်းအသုံးပြုခဲ့ လေသည်။ သို့အသုံးပြုခဲ့သော်လည်း ယင်းတို့အတွက် တီးကွက် သီးသန့်မရှိဘဲ ကြိုးတပ်တူရိယာများ၏ အဖက်တူရိယာများ အဖြစ်သာ ထည့်သွင်း အသုံးပြုခဲ့၏။

နှောင်းခေတ်ဂီတစာဆိုများ အထူးသဖြင့် စကာလက်တီ နှင့် ပါဆယ်တို့သည် လေတူရိယာများအတွက် သီးသန့် တီးကွက်များ ထည့်ပေးခဲ့ပြီးလျှင် ပြင်သစ်ခရာကိုပါ အသုံးပြုခဲ့ သည်။


၁၈ ရာစုအစောပိုင်းတွင်မှ ဂီတစာဆို ဗာခ့်နှင့် ဟန်ဒယ် တို့၏ အော်ခက်စတြာ တီးဝိုင်းများတွင် ပြွေနှစ်လက်၊ အိုးဗိုနှစ်လက်၊ ဗတ်ဆွန်း တစ်လက်၊ သို့မဟုတ် နှစ်လက်။ ပြင်သစ်ခရာနှစ်လက်၊ ထရမ်းပက်နှစ်လက်၊ ဗုံများနှင့် ကြိုးတပ်တူရိယာများပါဝင်၏။


ဂီတစာဆို ဂလွပ် က ကလဲရီနက်နှစ်လက်နှင့် အထူးတီထွင် ထားသော တီးခတ်တူရိယာများကို ထည့်သွင်းခဲ့ပြန်သည်။ ဟိုင်းဒင်နှင့် မိုဇတ်တို့ကလည်း အော်ခက်စတြာတီးဝိုင်းကို ဆက်လက် တိုးချဲ့ခဲ့သည်။

၁၇၆ဝ ပြည့်နှစ်မှ ၁၈ဝဝ ပြည့်နှစ်အတွင်း ကလဲရီနက် အော်ခက်စတြာတီးဝိုင်းတွင် အမြဲတမ်းပါဝင်လာခဲ့၍ ကြိုးတပ် တူရိယာ များကိုလည်း ပြေပြစ်ညီညွတ်အောင် စီစဉ်ပေးနိုင်ခဲ့ ပြီးလျှင် လေတူရိယာများကိုလည်း တိုးတက်ကောင်းမွန်လာ အောင် ပြုပြင် တီထွင်နိုင်ခဲ့လေသည်။

ထို့နောက်တွင် အော်ခက်စတြာတီးဝိုင်းတွင် ထရွမ်ဗုံ နှင့် ကျူဗာတို့ကိုလည်းကောင်း၊ ပြင်သစ်ခရာကိုလည်းကောင်း ထည့်သွင်းလာခဲ့၍ ကြိုးတပ်တူရိယာကဏ္ဍကိုလည်း ချဲ့ထွင်ပေး ခဲ့၏။ ထို့ပြင် ဂီတတီးကွက် ရေးနည်းရေးဟန်လည်း အကြီး အကျယ် တိုးတက်လာခဲ့သည်။ ၁၉ ရာစုနှစ်အကုန်တွင် ဝိုင်း တော်သား ၉ဝ မှ ၁ဝဝ အထိပင် ပါဝင်သော ဆင်ဖိုနီ အော်ခက်စတြာသံစုံတီးဝိုင်းကြီးများ ပေါ်ပေါက်လာခဲ့လေသည်။[]

  1. မော်မင်းသန်း ရေး ကမ္ဘာ့ဂီတမှော်ရုံတော၊ ၂၀၁၄၊ မတ်လ၊ စာ-၂၆၈
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)