အဲလင်းပင်၏ရုက္ခဗေဒအမည်မှာ အားလမပ် ဖြစ်၍ ဂရိတ်ဗြိတိန်နိုင်ငံသည် အဲလင်းပင်၏ မူရင်းဒေသဖြစ် သည်။ ထိုအပင်သည် အာတီကေးလီးမျိုးစဉ်တွင်အာလမေဆီအီး မျိုးရင်း၌ ပါဝင်သည်။ အဲလင်းပင်သည် မည်သည့်မြေမျိုး၌မဆို ပေါက်ရောက်နိုင်၏။ သို့သော် မြေဩဇာထက်သန်သော ရေ ဆောင်နုန်းမြေတွင် အသန်မာဆုံးပေါက်နိုင်၍ ထိုမြေမျိုးတွင် ပေါက်ရောက်သော အဲလင်းပင်၏အသားမှာလည်း ကောင်းမွန် လေသည်။


အဲလင်းပင်သည် ဥရောပနှင့် အမေရိကတိုက်များတွင် သာမက အာရှတိုက်တွင်လည်း ပေါက်ရောက်နိုင်သည်။ အမေရိကတိုက်တွင် ပေါက်ရောက်သော အချို့အဲလင်းပင်၏ ပုံသဏ္ဌာန်သည် ညောင်ရေအိုးပုံ ဖြစ်သည်။ အကိုင်းအခက်များ သည် အောက်ဘက်မှ တဖြည်းဖြည်း ဖြာထွက်လျက်ရှိကြသည်။ အချို့ အဲလင်းပင်များတွင်မူ အကိုင်းအခက်များသည် ထိပ်ဘက် တွင်မှ ဖြာထွက်လျက်ရှိကြသဖြင့် ထီးများကဲ့သို့ ဖြစ်နေလေ သည်။ အဲလင်းပင်များသည် ၇၅ ပေမှ ပေ ၁ဝဝ အထိ မြင့် တက်ကြပြီးလျှင် နှစ်ပေါင်း ၂ဝဝ ကျော်မျှ အသက်ရှည်တတ် သည်။


အမေရိကန် အဲလင်းပင်၊ သို့မဟုတ် အဲလင်းပင်အဖြူ သည် တစ်ခါတစ်ရံတွင် ပေပေါင်း ၁၂၅ အထိမြင့်၍ ထိုအပင် မျိုးမှ သေးငယ်သော အစိမ်းရောင်ပန်းပွင့်များသည် အရွက်များ မထွက်မီ နွေကူးရာသီအတွင်း၌ ပွင့်ကြသည်။ အတောင်ကလေး များကိုယ်စီရှိသော အသီးကလေးများကိုလည်း သီးကြသည်။ ထို့နောက် အရွက်များပွင့်ထွက်လာသောအခါတွင် မြေသို့ကြွေ ကျကုန်ကြသည်။ အဲလင်းပင်၏အရွက် ပုံသဏ္ဌာန်မှာ ကြက်ဥပုံ ဖြစ်သည်။


အဲလင်းပင်၏အသားသည် မာ၍ပျဉ်းတွဲတွဲရှိသည်။ အရောင်မှာ အညိုဖျော့ဖြစ်သည်။ လွယ်ကူစွာ မကွဲသောအသား ဖြစ်သဖြင့် လှည်းဘီးများနှင့် လယ်ယာသုံးပစ္စည်းများ ပြုလုပ် ရာတွင် အသုံးပြုကြသည်။ ရော့အဲလင်းခေါ် ကျောက်အဲလင်း သားသည် လှေပြုလုပ်ရန် အထူးကောင်းမွန်သည်။ ထိုအပင်ကို ကော့အဲလင်း(ဖော့အဲလင်း)ပင် ဟုလည်းခေါ်သည်။ အမေရိကန် အဲလင်းပင်၏ အခေါက်များတွင် ခိုင်ခန့်သော အမျှင်များပါရှိရာ ထိုအမျှင်များကို အင်ဒီးယန်းလူမျိုးတို့က ကြိုးအဖြစ်အသုံးပြု ကြသည်။


အဲလင်းပင်အဖြူ၏ ရုက္ခဗေဒအမည်မှာ အားလမပ် အမေရိကန်နာဖြစ်၍ ချွဲကျိသော အဲလင်းပင်မျိုးကို အားလမပ် ဖာလဗာဟုခေါ်သည်။ ဖော့အဲလင်းပင်ကို အားလမပ် သိုမာဆီး ဟုခေါ်၍ အင်္ဂလိပ်အဲလင်းပင်ကိုမူ အားလမပ်ကမ်ပက်စထရစ်ဟု ခေါ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)