အဲလဖရက်သည် အင်္ဂလန်နိုင်ငံရှိ အနောက်ဆက္ကဆန်နယ်ကို အုပ်စိုး ခဲ့သော ဘုရင်ဖြစ်သည်။ အင်္ဂလန်နိုင်ငံကို ဒိန်းလူမျိုးတို့ကြီး စိုးမည့် အန္တရာယ်မှ ကာကွယ်ခဲ့သော စစ်ဗိုလ်ချုပ်လည်းဖြစ်ပေ သည်။ ပညာရေးကိုလည်းကောင်း၊ အခြားသောနိုင်ငံများနှင့် ကုန်သွယ်ရေးကိုလည်းကောင်း အားပေးခဲ့သည့်အပြင်၊ ရှေးဥပ ဒေကျမ်းများမှ ကောင်းနိုးရာရာ ဥပဒေတို့ကို ကောက်နုတ်စု ဆောင်း၍၊ ဥပဒေကျမ်းကြီး တစ်စောင်ကို ပြုစုခဲ့သည်။ နောင် အခါ၌ ထိုဥပဒေကျမ်းသည် အင်္ဂလန်နိုင်ငံ ဥပဒေများအတွက် အခြေခံရာကျမ်း ဖြစ်လာလေသည်။


အဲလဖရက်သည် ၈၄၉ ခုနှစ်ခန့်တွင် ဗတ်ရှိုင်ယာနယ်၊ ဝမ်တိတ်မြို့၌ဖွားမြင်သည်။ အယ်သယ်ဝု ဘုရင်၏ ပဉ္စမသား တော်ဖြစ်၍ ငယ်စဉ်က ရောမမြို့သို့ နှစ်ကြိမ်ရောက်ခဲ့ဖူးသည်။ အနောက်ဆက္ကဆန် လူမျိုးတို့သည် နော့သမန်ခေါ် ဒိန်းလူမျိုး တို့နှင့် နှစ်ပေါင်းများစွာ စစ်ဆင်ခဲ့ကြရသည်တွင် အဲလဖရက် သည် တိုက်ပွဲအသီးသီးတို့၌ ပါဝင်တိုက်ခိုက်ခဲ့လေသည်။ ၈၇၁ နောက်ပိုင်းတွင် နောင်တော် အယ်သယ်ရက် အနိစ္စရောက်သော အခါ၊ အနောက်ဆက္ကဆန်တို့၏ ဘုရင်အဖြစ် ဆက်ခံအုပ်စိုး သည်။


၈၇၆ ခုနှစ်တွင် ဒိန်းလူမျိုးတို့သည် ပြန်လည်စစ်ဆင် တိုက်ခိုက်ကြရာ၊ ၈၇၈ ခုနှစ်ချစ်ပင်ဟမ် တိုက်ပွဲ၌ အဲလဖရက် ဘုရင်သည် စစ်ရေးနိမ့်သဖြင့် တောတောင်ထူထပ်ရာ အရပ် ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရလေသည်။ ထို့နောက် ဆမ္မာ ဆက်ရှိုင်ယာနယ်အတွင်း၌ အခိုင်အမာတပ်စွဲပြီးလျှင် ဒိန်းလူမျိုး တို့ကို ပြန်လှန်တိုက်ခိုက်ရန် စစ်သားများကို စည်းရုံးခဲ့လေ သည်။ ၈၇၈ ခုနှစ် မေလတွင် အဲလဖရက်ဘုရင်၏ တပ်များ သည် ဒိန်းလူမျိုးတို့ကို စစ်ဆင်တိုက်ခိုက်ရာ အက်ဒင်တန်တို်က် ပွဲ၌ ဒိန်းလူမျိုးတို့၏တပ်များ စစ်ရှုံး၍ ဝက်ဆက်နယ်မှ ဆုတ် ခွာကြရသည်။


အဲလဖရက်ဘုရင်သည် စစ်ပွဲပြီးသည့်နောက် နိုင်ငံလုံခြုံ မှုအတွက် ခိုင်ခန့်သော ခံတပ်ကြီးများကို တည်ဆောက်သည်။ ဒိန်းလူမျိုးတို့၏ သင်္ဘောများထက်ကြီး၍ လျင်မြန်သောသင်္ဘော များကိုဆောက်လုပ်လျက် အင်္ဂလိပ်ရေတပ်အင်အားကို တိုးချဲ့ သည်။ အမြဲတမ်း စစ်တပ်ကိုလည်း ပြန်လည်ဖွဲ့စည်းသည်။ စစ်မှုထမ်းထဲမှ အချို့အဝက်တို့ကို လယ်ယာစိုက်ပျိုးစေ၍၊ရိက္ခာ ဖူလုံအောင် စီမံခန့်ခွဲသည်။ လန်ဒန်မြို့ကို ပြန်လည်တည် ဆောက်သည်။ နိုင်ငံခြားနှင့် ကုန်သွယ်ရေးကိုလည်းကောင်း၊ စက်မှုလုပ်ငန်းများကို လည်းကောင်း အားပေးကူညီခဲ့သည်။ ထိုအချိန်အတွင်းမှာပင် ထင်ရှားသော ဥပဒေကျမ်းကြီးကို ပြုစု ပြီးလေသည်။


အဲလဖရက်ဘုရင်သည် ဝက်ဆက်နယ်၏မြို့တော်ဖြစ် သော ဝင်ချက်စတာမြို့တွင် စာပေဌာနတစ်ခုကို တည်ထောင်၍၊ ဝေလနယ်၊ မားရှားနယ်နှင့် ဥရောပတိုက်မှ ပညာသည်များကို ခေါ်ဖိတ်ကာ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက် သည်။ မိမိကိုယ်တိုင် လက်တင်ဘာသာကို လေ့လာသင်ကြား သည့်အပြင်၊ တိုင်းသူပြည်သားတို့ ဖတ်ရှုနိုင်ရန်အတွက် ထင် ရှားသော လက်တင်ဘာသာစာအုပ်များကို အင်္ဂလို-ဆက္ကဆန် ဘာသာသို့ပြန်ဆိုစေသည်။ ဘာသာပြန်စာအုပ်များတွင် အယူ ဝါဒဆိုင်ရာစာပေ၊ သမိုင်းဆိုင်ရာစာပေ၊ ဒဿနိကဗေဒဆိုင်ရာ စာပေတို့ ပါဝင်လေသည်။ အင်္ဂလိပ်လူမျိုးတို့၏ ရှေးခေတ် သမိုင်းနှင့် ထုံးတမ်းစဉ်လာကို ဖော်ပြသော အင်္ဂလို-ဆက္ကဆန် သမိုင်းမှတ်တမ်း စာအုပ်ကိုလည်း ပြုစုစေသည်။ အဲလဖရက်ဘုရင်ကြီးသည် ၈၉၉ ခုနှစ် အောက်တို ဘာလတွင် အနိစ္စရောက်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)