[] အကြီးအကဲ အဖြစ်ဖြင့်—အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ ဣန္ဒြိယပစ္စည်း။ (ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ ကြဉ်သော ဣန္ဒြေ ၂၀ ဟူသော ပစ္စည်း အကြောင်းတရား။ ထိုဣန္ဒြေ ၂၀-တို့တွင် စက္ခုန္ဒြေစသောငါးပါးသည် နာမ် တရားတို့အားသာ ကျေးဇူးပြု၍ ကြွင်းသော ဣန္ဒြေတို့သည် ရုပ်, နာမ် ၂-ပါးစုံအား ကျေးဇူးပြုသည်။ [] []

ဣန္ဒြိယပစ္စည်း

ပြင်ဆင်ရန်

လွန်စွာအုပ်စိုးတတ်သောကြောင့် ဣန္ဒြိယမည်၏။ စက္ခုပသာဒရုပ် ကြည်လင်လေ စက္ခုဝိညာဉ်က ရူပါရုံကို အမြင်သန်လေဖြစ်၏။ မည်မျှပင် ကြည့်ချင်အား ကြီးသော်လည်း စက္ခုပသာဒက ညံ့ဖျင်းနေလျင် ဒဿနကိစ္စ(မြင်ခြင်း)လည်း အားသေးရတော့၏။ ထို့ကြောင့် စက္ခုပသာဒသည် ဒဿနကိစ္စ၌ အစိုးရပေသည်။ ဤသို့လျှင် ဆိုင်ရာကိစ္စ၌ မိမိအလိုအတိုင်း ဖြစ်ရအောင် ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော သတ္တိသည် ဣန္ဒြိယပစ္စည်းမည်၏။ ဥပမာ-ပြည်ထဲရေးအမတ် ပညာရေးအမတ်စသော မှူးမတ်တို့သည် မိမိ ဆိုင်ရာကိစ္စ၌ အစိုးရကြသကဲ့သို့တည်း။

ဣန္ဒြေ ၂၂- ပါး

ပြင်ဆင်ရန်
  • ၁။ စက္ခုန္ဒြေ- စက္ခုပသာဒ
  • ၂။ သောတိန္ဒြေ- သောတပသာဒ
  • ၃။ ဃာနိန္ဒြေ- ဃာနပသာဒ
  • ၄။ ဇိဝှိန္ဒြေ- ဇိဝှါပသာဒ
  • ၅။ ကာယိန္ဒြေ- ကာယပသာဒ
  • ၆။ ဣတ္ထိန္ဒြေ- ဣတ္ထိဘာဝရုပ်
  • ၇။ ပုရိသိန္ဒြေ- ပုရိသဘာဝရုပ်
  • ၈။ ဇီဝိတိန္ဒြေ- ဇီဝိတရုပ်နှင့် ဇီဝိတိန္ဒြေစေတသိက်
  • ၉။ မနိန္ဒြေ- စိတ် ၈၉- ပါး
  • ၁၀။ သုခိန္ဒြေ- သုခသဟဂုတ်ကာယဝိညာဏ်စိတ်၌ယှဉ်သော ဝေဒနာ
  • ၁၁။ ဒုက္ခိန္ဒြေ- ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ်၌ ယှဉ်သော ဝေဒနာ
  • ၁၂။ သောမနဿိန္ဒြေ- သောမနဿသဟဂုတ်စိတ် ၆၂- ပါး၌ ယှဉ်သော ဝေဒနာ
  • ၁၃။ ဒေါမနဿိန္ဒြေ- ဒေါသမူဒွေး၌ယှဉ်သောဝေဒနာ
  • ၁၄။ ဥပေက္ခိန္ဒြေ- ဥပေက္ခာသဟဂုတ်စိတ် ၅၅- ပါး၌ ယှဉ်သော ဝေဒနာ
  • ၁၅။ သဒ္ဓိန္ဒြေ- သောဘဏစိတ်၌ယှဉ်သော သဒ္ဓါ
  • ၁၆။ ဝီရိယိန္ဒြေ- ဝီရိယယှဉ်သည့်စိတ် ၇၃- ပါး၌ ရှိသော ဝီရိယ
  • ၁၇။ သတိန္ဒြေ- သောဘဏစိတ်၌ယှဉ်သော သတိ
  • ၁၈။ သမာဓိန္ဒြေ- ဝီရိယမယှဉ်သည့်စိတ် ၁၆- ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်ကြဉ်သော စိတ် ၇၂- ပါးရှိ ဧကဂ္ဂတာစေတသိက်
  • ၁၉။ ပညိန္ဒြေ- တိဟိတ်စိတ် ၄၇- ပါးရှိ ပညာ
  • ၂၀။ အနညာတညဿာမီတိန္ဒြေ- သောတာပတ္တိမဂ်စိတ်ရှိ ပညာ
  • ၂၁။ အညိန္ဒြေ- အထက်မဂ်- ၃ပါး၊ အောက်ဖိုလ်- ၃ ပါးရှိ ပညာ
  • ၂၂။ အညာတာဝိန္ဒြေ- အရဟတ္တဖိုလ်၌ရှိသော ပညာ []

ဝီရိယမပါ ဣန္ဒြေမည်

ပြင်ဆင်ရန်

ဝီရိယမယှဉ်သည့်စိတ်၌ ဧကဂ္ဂတာသည် အားနည်း၍လည်းကောင်း၊ ဝိစိကိစ္ဆာစိတ်၌ ယှဉ်သည့် ဧကဂ္ဂတာသည် ဝိစိကိစ္ဆာကြောင့် အာရုံ၌ မစွဲမြဲနိုင်ဘဲ ခဏတ္တယ(အခိုက်အတန့်)မျှသာ တည်ရလေသောကြောင့်လည်းကောင်း ဣန္ဒြေ(အစိုးရခြင်း)မရှိ။ []

ဆိုင်ရာ အစိုးရခြင်း

ပြင်ဆင်ရန်

သောတပသာဒသည် ကြားခြင်းကိစ္စ၌ အစိုးရ၏။ ဃာနပသာဒသည် နံခြင်းကိစ္စ၌ အစိုးရ၏။ ဇိဝှါပသာဒသည် အရသာသိခြင်းကိစ္စ၌ အစိုးရ၏။ ကာယပသာဒသည် တွေ့ထိခြင်းကိစ္စ၌ အစိုးရ၏။ ဣတ္ထိဘာဝရုပ်သည် မိန်းမအသွင်အပြင် အမူအယာစသော အစွမ်းဖြင့်ဖြစ်သော စတုသမုဋ္ဌာနိကရုပ်အစဉ်ကို အစိုးရ၏။ ပုရိသဘာဝရုပ်သည် ယောကျ်ားအသွင်အပြင် အမူအယာစသော အစွမ်းဖြင့်ဖြစ်သော စတုသမုဋ္ဌာနိကရုပ်အစဉ်ကို အစိုးရ၏။ ရုပ်ဇီဝိတိန္ဒြေသည် ရုပ်ခန္ဓာအစဉ်၏ နေ့ရက်လနှစ်တို့၏ အစဉ်ဖြင့် အဓွန့်ရှည်စွာ ဆက်လက်၍ဖြစ်သော ကမ္မဇရုပ်တို့ကို အစိုးရ၏။ နာမ်ဇီဝိတိန္ဒြေသည် နာမ်ခန္ဓာလေးပါးတို့၏ နေ့ရက်လနှစ်တို့၏ အစဉ်ဖြင့် အဓွန့်ရှည်စွာ ဆက်လက်၍ဖြစ်သော သဟဇာတ်နာမ်တို့ကို အစိုးရ၏။ စိတ်သည် သိခြင်းကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ သုခိန္ဒြေစသည် ဣန္ဒြေ ၅-ပါး၌ ဝေဒနာသည် အာရုံကိုခံစားမှု၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ သဒ္ဓါသည် အာရုံ၌ ကျွတ်လွတ်ခြင်း, သက်ဝင်ခြင်း (ယုံကြည်ခြင်း) ကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ ဝီရိယသည် အမှုအမျိုးမျိုးတို့၌ ရဲရဲဝံ့ဝံ့ မတွန့်မဆုတ်ခြင်းကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ သတိသည် အာရုံကိုအောက်မေ့ခြင်းကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ သမာဓိသည် အာရုံ၌ အမြဲတည်တံ့ခြင်းကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ ပညိန္ဒြေစသည့် ဣန္ဒြေ ၄-ပါး၌ ပညာသည် မတွေဝေခြင်းကိစ္စ၌ သမ္ပယုတ်တရားတို့ကို အစိုးရ၏။ []

သဟဇာတိန္ဒြိယပစ္စည်း

ပြင်ဆင်ရန်

စိတ်စေတသိက်တို့ကို အစိုးရလျှင် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာရသော စိတ္တဇရုပ်တို့ကိုလည်း အစိုးရသည်ပင် မည်၏။ ပဋိသန္ဓေစိတ် ဥပါဒ်ခဏ၌ စိတ္တဇရုပ် မဖြစ်သေး။ ထို့ကြောင့် ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူဥပါဒ်သော ပဋိသေန္ဓကမ္မဇရုပ်အားသာလျှင် သဟဇာတိန္ဒြိယသတ္တိဖြင့် ကျေးဇူးပြုရသည်။ ဤသို့ လျှင် မိမိနှင့်အတူ ဖြစ်ပေါ်ဥပါဒ်သော စိတ် စေတသိက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား ဆိုင်ရာကိစ္စ၌ အစိုးရမှုအားဖြင့်ကျေးဇူးပြုတတ်သောကြောင့် ဇီဝိတ, စိတ်, ဝေဒနာ စသော တရားရှစ်ပါးကို သဟဇာတိန္ဒြိယ ပစ္စည်းဟု ခေါ်လေသည်။ []

ဝေဒနာဣန္ဒြေအလိုက် ခံစားပုံ

ပြင်ဆင်ရန်

ဝေဒနာသည် အာရုံကို ခံစားမှု၌ အစိုးရ၏။ ဝေဒနာ,က သတ္တိထက်လေ အရသာပေါ်လေဖြစ်၏။ သုခိန္ဒြေသည် ကာယဝိညာဏ်၌ယှဉ်ရကား ဖောဋ္ဌဗ္ဗာရုံ၏ ဣဋ္ဌအရသာကို ခံစား၏။ ဒုက္ခိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံ၏ အနိဋ္ဌအရသာကို ခံစား၏။ သောမနဿိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းကျန်သော အာရုံ ၅-ပါး၏ ဣဋ္ဌအရသာကို ခံစား၏။ ဒေါမနဿိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းကျန်သော အာရုံ ၅-ပါး၏ အနိဋ္ဌအရသာကို ခံစား၏။ ဥပေက္ခိန္ဒြေသည် အလယ်အလတ်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တအရသာကို ခံစား၏။ ထိုခံစားမှုဝယ် ယှဉ်ဘက်တရားများကိုလည်း မိမိတို့အလိုအတိုင်း (မိမိတို့ထက်လျှင် ထက်သလောက် မထက်လျှင် မထက်သလောက် ဖြစ်စေနိုင်ကြသည်) []

ဣန္ဒြေတို့ကြောင့် အမှတ်မှားမှု ဖြစ်ကြပုံ

ပြင်ဆင်ရန်

ဤဣန္ဒြေ ၂၂-ပါးတွင် ပိုင်ပိုင်နိုင်နိုင် မသိလျှင် ပသာဒိန္ဒြေငါးခုတို့သည် ထိုတရားတို့၏ ဓာတ်သဘောကို ပရိညာကိစ္စဖြင့် သတ္တဝါဟူ၍၎င်း ပုဂ္ဂိုလ်ဟူ၍၎င်း မြဲမြံခိုင်ခံ့စွာ စွဲလမ်းနိုင်စေကုန်သည်။ ပရိညာကိစ္စ ဖြင့် ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍သိလျှင် သတ္တသညာ ပုဂ္ဂလသညာတို့မှ ကင်းလွတ်စေနိုင်သော တရားတို့လည်း ဖြစ်ကုန်၏။

ဇီဝိတိန္ဒြေသည် ပသာဒနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၌ အသက်ရှိ၏၊ ဇီဝရှိ၏၊ ထိုရုပ်ကောင်သည် အရှင်တည်းဟူ၍ မှတ်မှားစေ၍ ဇီဝသညာကို ထူထောင်ပေ၏။ ထိုတရားတို့ကို ပရိညာကိစ္စဖြင့် သိအပ်လျှင် ဇီဝသညာကို ပျောက်စေ၏။

ဘာဝရုပ်နှစ်ခုတည်းဟူသော ဣတ္ထိန္ဒြေ ပုရိသိန္ဒြေတို့သည် ပသာဒနှင့်တကွ ဇီဝရှိနေသော ထိုရုပ်ကောင် ပုဂ္ဂိုလ်၌ ဤကား မိန်းမတည်းဟူသော ဣတ္ထိသညာကို၎င်း ဤကား ယောကျ်ားတည်းဟူသော ပုရိသသညာကို၎င်း ဖြစ်စေနိုင်ကုန်၏။ အထီးဟူသော အမှတ်, အမဟူသော အမှတ်ကို ဖြစ်စေနိုင်ကုန်၏ ဟူလို။ ထိုတရားတို့ကို ပရိညာကိစ္စဖြင့် ပိုင်နိုင်စွာ သိအပ်ကုန်လျှင် ဣတ္ထိသညာ ပုရိသသညာတို့ကို ပျောက်စေနိုင်ကုန်၏။

နာမ်ဣန္ဒြေတို့တွင် မနိန္ဒြေသည် ဤပုဂ္ဂိုလ်သည် သိတတ်သော ပုဂ္ဂိုလ်တည်းဟူ၍ ဝိဇာနနသတ္တိဖြင့် အတ္တသညာကို ခိုင်မြဲသည်ထက် ခိုင်မြဲစေနိုင်၏။ ပရိညာကိစ္စဖြင့် ပိုင်နိုင်စွာ သိအပ်လျှင် ပုဂ္ဂိုလ်၏ သိမှုမဟုတ်, ဝိညာဏဓာတ်၏ သိမှုပေတည်းဟူ၍ ဝိဇာနနသတ္တိအတွက်နှင့် အတ္တသညာကို လျော့ပါးစေ၏။

ဝေဒနိန္ဒြေငါးပါးသည် ဝိဇာနနသတ္တိရှိသော အတ္တသည် သုခဒုက္ခတို့ကို ခံစားတတ်၏ဟူ၍ ဝေဒကသညာကို ဖြစ်စေတတ်၏။ ပရိညာကိစ္စဖြင့် ပိုင်နိုင်စွာသိအပ်လျှင် ဝေဒကသညာကို ပျောက်စေနိုင်၏။

အမှတ်မှားမှုပျောက်ပြီး ဖြူစင်ခြင်းသို့ ရောက်စေနိုင်သည့် ဣန္ဒြေများ

ပြင်ဆင်ရန်

သဒ္ဓိန္ဒြေစသော ဣန္ဒြေငါးပါးတို့သည် အတ္တစသည်ဖြင့် မှတ်မှား၍ ညစ်နွမ်းလျက်ရှိသော အဘို့မှ ထုတ်နုတ်၍ ဖြူစင်ခြင်းသို့ရောက်စေနိုင်ကုန်၏။ အတ္တသညာစသည်ဖြင့် ထိုထို အမှတ်မှားမှု အထင်မှားမှု အမြင်မှားမှုတို့ကို ပယ်ဖျောက်ခြင်းငှါ ကျင့်ကြံအားထုတ်ရန် လက်နက်ကြီးတို့လည်း ဖြစ်ကုန်၏။ ထိုသို့ ကျင့်ကြံအားထုတ်သဖြင့် ဖြူစင်သည်၏အဖြစ်သို့ ရောက်ရာ၌ အစ,အလယ်,အဆုံးသုံးပါးတို့ကို ပြခြင်းငှါ အနညာတညဿာမီတိန္ဒြေစသော လောကုတ္တရာဣန္ဒြေသုံးပါးတို့ကို ဟောတော်မူသည်။

(ဤစကားအစဉ်ဖြင့် ဣန္ဒြေတို့ဖြင့် အတ္တသညာစသည်ကို ဖြစ်စေ၍ ညစ်နွမ်းသော သံသရာဝဋ် ဖြစ်ပုံကိုလည်းကောင်း ဤဣန္ဒြေတို့ဖြင့် ဖြူစင်သော လောကုတ္တရာတရားဖြစ်ပုံကို၎င်း ပြဆို၏) []

လောကုတ္တရာပညာ အမည်သုံးပါး

ပြင်ဆင်ရန်

ရှေးဦးစွာ သင်္ခါရဓမ္မတို့ကို လက္ခဏာရေးသုံးပါးတို့ဖြင့် နှလုံးသွင်းသည်မှစ၍ မသိအပ်သေးသော သစ္စာလေးပါးတရားတို့ကို မသိလျှင် ငါမနေ၊ သိအောင်ကျင့်ကြံအားထုတ်အံ့ဟူ၍ ကြိုးစားလေရာ ထိုကြိုးစားမှု မငြိမ်းမစဲမီပင်လျှင် သောတာပတ္တိမဂ်ကို ရဆဲသော ပုဂ္ဂိုလ်၏ ပညာကို သံသရာထဲ၌ တရံတခါမျှ မသိရဘူမမြင်ရဘူးသော သစ္စာလေးပါးကို သိအောင်အားထုတ်၍ ရှေးဦးစွာသိမြင်စလက်သစ် ဝိသေသဂုဏ်ရှိပေသောကြောင့် “အနညာတညဿာမီတိန္ဒြိယ” ဆိုသည်။ (အနညာတ-မသိသေးသောတရားကို၊ ဉဿာမိ-သိအောင်ကျင့်အံ့၊ ဣတိ-ဤသို့ကျင့်သောသူ၏၊ ဣန္ဒြိယံ-ဣန္ဒြေ) သောတာပတ္တိမဂ်ဖြင့် မသိအပ်ဘူးသေးသော သစ္စာလေးပါးတရားတို့ကို သိပြီးဖြစ်သော်လည်း ကိလေသာကို ပယ်ခြင်းကိစ္စအတွက် အဆုံးသို့မရောက်သေးသောကြောင့် သိအပ်ပြီးသော သစ္စာလေးပါးတို့နှင့် နိဗ္ဗာန်တရားတို့ကို အဖန်ဖန်အဆင့်ဆင့် ထပ်၍သိသော အလယ်အရိယာပုဂ္ဂိုလ် ၆-ယောက်၏ ပညာသည် အညိန္ဒြိယမည်၏။ (အညံ-အဖန်ဖန်ထပ်၍ သိတတ်သောတရား + ဣန္ဒြိယံ-ဣန္ဒြေ) သိမှုကိစ္စ၌ အပြီးတိုင်ပေါင်ရောက်ပြီးသော ပညာကို “အညာတာဝိန္ဒြေ”ဟုဆိုသည်။ (အညာတာဝီ အလုံးစုံသိအပ်ပြီးသောပညာ၊ ဣန္ဒြိယံ-ဣန္ဒြေ)

ဣန္ဒြိယ သုံးမျိုး

ပြင်ဆင်ရန်
  • ၁။ သဟဇာတိန္ဒြိယ
  • ၂။ ပုရေဇာတိန္ဒြိယ
  • ၃။ ရူပဇီဝိတိန္ဒြိယ

သဟဇာတိန္ဒြိယ ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်

ပြင်ဆင်ရန်
ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
ဇီဝိတ စိတ် ဝေဒနာ သဒ္ဓါ

ဝီရိယ သတိ ဧကဂ္ဂတာ ပညာ

စိတ် ၈၉၊ စေ ၅၂၊

စိတ္တဇရုပ်၊ ပဋိသန္ခေကမ္မဇရုပ်၊

ဗာဟိရရုပ်၊ အာဟာရဇရုပ်၊

ဥတုဇရုပ်၊ အသညသတ်ကမ္မဇရုပ်၊

ပဝတ္တိကမ္မဇရုပ်

သဟဇာတိန္ဒြိယ ပစ္စည်း ပစ္စယုပ္ပန် ခွဲပုံ

ပြင်ဆင်ရန်

လောဘမူ ပဌမစိတ် စေတသိက် စိတ္တဇရုပ်တို့ဖြစ်ရာ ထို၌ပါသော ဇီဝိတိန္ဒြေသည် ပစ္စည်း၊ ကြွင်းသော စိတ်,စေတသိက် စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ ဤသို့စသည်ဖြင့် ဝေဒနာသည် ပစ္စည်း, ဝီရိယသည် ပစ္စည်း, ဧကဂ္ဂတာသည် ပစ္စည်း, ကြွင်းသော စိတ် စေတသိက် စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ မဟာကုသိုလ်ပထမစိတ် စေတသိက် စိတ္တဇရုပ်တို့ဖြစ်ရာ သဒ္ဓါ ပညာ စသည့် နာမ်ဣန္ဒြေတရားကိုယ်ကား ပစ္စည်း, ကြွင်းသော စိတ် စေတသိက် စိတ္တဇရုပ်သည် ပစ္စယုပ္ပန်။ ပဋိသန္ဓေစိတ်ဖြစ်သည့်အခါမှာလည်း ကမ္မဇရုပ်ကို ထည့်သွင်းရုံသာ။ အရူပဘုံ၌ ဖြစ်ခိုက်မှာ ပစ္စယုပ္ပန်ဘက်၌ ရုပ်မပါခြင်းသာ ထူး၏။ [၁၀]

ပုရေဇာတိန္ဒြိယ

ပြင်ဆင်ရန်

စက္ခဒွါရဝီထိ၌ စက္ခုဝိညာဏ်သည် စက္ခုဝတ္ထုကို မှီရ၏။ ထိုစက္ခုဝတ္ထုသည် စက္ခုဝိညာဉ်မဖြစ်မှီ ဖြစ်နှင့်သောကြောင့် ပုရေဇာတလည်းဟုတ်၏။ ဒဿနကိစ္စ၌ အစိုးရသည့်အတွက် ဣန္ဒြိယလည်းဟုတ်၏။ ထို့ကြောင့် ပုရေဇာတိန္ဒြိယ သတ္တိရှိ၏။ သောတ ဃာန ဇိဝှါ ကာယ ဝတ္ထုများလည်း ဤနည်းပင်တည်း။

စက္ခုဝိညာဉ်မဖြစ်မှီ ဖြစ်နှင့်၍ ဌီသို့ရောက်သော စက္ခုဝတ္ထုသည် စက္ခုဝိညာဉ်နှင့် သဗ္ဗစိတ္တသာဓာရဏ ၇ ခုသည် ပစ္စယုပ္ပန်, ဤသို့စသည်ဖြင့် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ဟန်ကို သိရာ၏။

ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
စက္ခုဝတ္ထု သောတ- ဃာန-

ဇိဝှါ- ကာယဝတ္ထု

ဒွေပဉ္စဝိညာဏ် ၁၀၊

သဗ္ဗစိတ္တသာဓာရဏစေ ၇၊

ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်

စိတ် ၇၉၊ စေ ၅၂၊ ရုပ်အားလုံး

ရူပဇီဝိတိန္ဒြိယ

ပြင်ဆင်ရန်

ပဝတ္တိအခါဖြစ်စေ ပဋိသန္ဓေအခါဖြစ်စေ ကမ္မဇကလာပ်ဖြစ်တိုင်း ဇီဝိတရုပ်ပါ၏။ ထိုဇီဝိတရုပ်ဟူသမျှသည် မိမိနှင့်တစ်ကလာပ်တည်းဖြစ်ကြသော ကမ္မဇရုပ်တွေကို စောင့်ရှောက်တတ်၏။ စောင့်ရှောက်ခြင်းကိစ္စ၌ အစိုးတရဖြစ်၏။ ထို့ကြောင့် ပဝတ္တိ ပဋိသန္ဓေ အားဖြင့် အလုံးစုံသော ရုပ်ဇီဝိတသည် ဣန္ဒြိယပစ္စည်းဖြစ်၏။ ထိုရုပ်ဇီဝိတသည် ပစ္စည်းအမြဲဖြစ်ရကား ပစ္စယုပ္ပန်တွင် မပါဝင်နိုင်တော့ဘဲ ပစ္စနိက်မှာ ပါဝင်ရသည်။ (ပစ္စနိက်၌ “ပဋိသန္ဓေကမ္မဇ အသညသတ်ကမ္မဇ ပဝတ္တိကမ္မဇရုပ်၌ တည်ရှိသော ဇီဝိတိန္ဒြေ”ဟူသည် ထိုပစ္စည်းဖြစ်သော ဇီဝိတရုပ်ပင်တည်း။ ပဋိသန္ဓေကမ္မဇကလာပ်၌တည်ရှိသော ဇီဝိတိန္ဒြေ, အသညသတ် ကမ္မဇကလာပ်၌တည်ရှိသော ဇီဝိတိန္ဒြေ, ပဝတ္တိကမ္မဇရုပ်ကလာပ်၌တည်ရှိသော ဇီဝိတိန္ဒြေ ဟု ဆိုလိုသည်။)စက္ခုဒသက ကလာပ်၌ ဇီဝိတရုပ်သည် ပစ္စည်း, ဇီဝိတမှကြွင်းသော ကလာပ်တူ (တစ်ကလာပ်တည်းဖြစ်သော) ကမ္မဇ ၉ ခုသည် ပစ္စယုပ္ပန်။ သောတဒသကစသည်၌လည်း နည်းတူ။


ပစ္စည်း ပစ္စယုပ္ပန် ပစ္စနိက်
ဇီဝိတရုပ် ဇီဝိတရုပ်ကြဉ်သော

ကလာပ်တူကမ္မဇရုပ်

စိတ်၈၉၊ စေ၅၂၊ စိတ္တဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်၊

ကမ္မဇကလာပ်တိုင်းတွင်ပါသော ဇီဝိတ

ရူပဇီဝိတိန္ဒြေကိုသီးခြားထုတ်ရပုံ

ပြင်ဆင်ရန်

ရုပ်ဇီဝိတသည် တကွဖြစ်ဘက်ကမ္မဇရုပ်တို့အား ကျေးဇူးပြု သောကြောင့် သဟဇာတိန္ဒြိယတွင် ပါဝင်သင့်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် သီးခြားခွဲရ ပါသနည်းဟု မေး။ အဖြေကား-ဇီဝိတသည် တကွဖြစ်ဘက် ကလာပ်တူ ကမ္မဇရုပ်အား ကျေးဇူးပြုသော်လည်း နာမ်ဣန္ဒြေများကဲ့ သို့ ဥပါဒ်ခိုက်၌ အထင်အရှားကျေးဇူးမပြုနိုင်။ ဩဇာသည် မိမိနှင့်အတူဖြစ်သော ရုပ်အားထောက်ပံ့သကဲ့သို့ ဤဇီဝိတရုပ်လည်း ဌီအခိုက်ကျမှ စောင့်ရှောက်ထောက်ပံ့သောအားဖြင့် ကျေးဇူးပြုသည်၊ ထို့ကြောင့် ရုပ်ဇီဝိတကို သဟဇာတ ပုရေဇာတနှစ်မျိုး၌ မသွင်းနိုင်ဘဲ သီးခြားထုတ်ပြန်ရသည်။

ဘာဝိန္ဒြေနှစ်ပါး ပစ္စည်းမထိုက်

ပြင်ဆင်ရန်

ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့၌ အဘယ့်ကြာင့် ဣန္ဒြိယပစ္စည်း မတပ်ပါသနည်း။ လိင်္ဂ (ကိုယ်လုံးကိုယ်ပေါက်, လက်ခြေပုံစံ) နိမိတ္တ (မုတ်ဆိတ်ကျင်စွယ်ပါခြင်း, မပါခြင်း) ကုတ္တ (ကစားပုံ) အာကပ္ပ (ဟန်ပန်အမူအရာ)တို့သည် ဘာဝရုပ်၏ အကျိုးဖြစ်ရကား “ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေတို့က ဣန္ဒြိယပစ္စည်း, လိင်္ဂစသည်တို့က ဣန္ဒြိယပစ္စည်း၏ ပစ္စယုပ္ပန်”ဟု ဆိုဘို့ရန် မသင့်ပါလော-ဟု စောကြော မေးမြန်းဘွယ်ရှိ၏။ အဖြေကား-ဤဣန္ဒြိယပစ္စည်းသည် အတ္ထိပစ္စည်းတွင် ပါဝင်သောကြောင့် ဣန္ဒြိယပစ္စည်းတတ်လျှင် အတ္ထိပစ္စည်းလည်း ဖြစ်ရမည်။ အတ္ထိပစ္စည်း၏သဘောကား ပစ္စည်းပစ္စယုပ္ပန် နှစ်ပါးလုံး ဥပါဒ်ခိုက်မှာဖြစ်စေ ဌီအခိုက်မှာဖြစ်စေ ထင်ရှားရှိစေရမည်။ ဘာဝရုပ်တို့သည် ပဋိသန္ဓေခဏပင် ဖြစ်ကြ၏။ ထိုပဋိသန္ဓေခဏ၌ လိင်္ဂစသည်တို့ မရှိကြ။ ဤသို့လျှင် ဘာဝရုပ်ဖြစ်သည့်အခါ လိင်္ဂစသည်တို့ထင်ရှာမရှိသေးသည့်အတွက် အတ္ထိသဘော လိင်္ဂစသည်တို့အား ဣန္ဒြိယသတ္တိဖြင့် ကျေးဇူးမပြုနိုင်။ မသက်ဝင်သောကြောင့် ဘာဝရုပ်တို့က

စောဒနာဥုးအံ့

ပြင်ဆင်ရန်

“ပစ္စည်းပစ္စယုပ္ပန် ထင်ရှားရှိမှ ကျေးဇူးပြုမည်မှန်လျှင် ဘာဝဒသက ကလာပ်၌ မိမိနှင့်တကွဖြစ်ဘက် ရုပ်အားလည်းကောင်း ဩဇာသည် ကလာပ်တပါး၌ ထင်ရှားရှိခိုက် ရုပ်တို့အား ထောက်ပန့်သကဲ့သို့ ကလာပ်တပါး၌ရှိသော ရုပ်တို့အား ထောက်ပန့်သောအားဖြင့်လည်းကောင်း ကျေးဇူးပြု ပါတော့လားဟူအံ့” တကွဖြစ်ဘက် ရုပ်ကိုးခုအားလည်းကောင်း ကလာပ်တပါး၌ပြုသောရုပ်တို့အားလည်း ကောင်း မည်သည့်နည်းနှင့်မျှ အစိုးမရသောကြောင့် တကွဖြစ်ဘက်ရုပ်, ကလာပ်တပါး၌ရှိကြသော ရုပ်တို့အားလည်း ဘာဝရုပ်က ကျေးဇူးမပြုနိုင်။

ဣန္ဒြိယသတ္တိမရှိသော်လည်း ဣန္ဒြိယမည်ပုံ

ပြင်ဆင်ရန်

လိင်္ဂစသည်တို့အား ကျေးဇူးမပြု၊ တကွဖြစ်ဘက်ရုပ် တို့အားလည်း ကျေးဇူးမပြုနိုင်ဘဲလျက် ဤဘာဝရုပ်နှစ်ပါးကို ဘယ်အတွက် ဣန္ဒြိယဟု နာမည်မှည့် ထားပါသနည်း။ အဖြေကား-ဘာဝရုပ်နှစ်ပါးက လိင်္ဂစသည်အား ဣန္ဒြိယသတ္တိဖြင့် ကျေးဇူးမပြုနိုင်သော် လည်း သုတ္တန်နည်းအရ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုလျက် အစိုးရလျက်ရှိသောကြောင့် ဣန္ဒြိယဟု နာမည်မှည့် ရပေသည်။ ထင်ရှားစေအံ့-ဣတ္ထိဘာဝရုပ်ဖြစ်ရာသန္တာန်၌ ထိုဘာဝရုပ်အရှိန်ကြောင့် လိင်္ဂ(အသွင်သဏ္ဌာန်) နိမိတ္တ(ပြုံးရယ်ဟန်စသည်) ကုတ္တ(ကစားပုံ) အာကပ္ပ(သွားလာပုံ) စသည်များသည် သေးသွယ်နွဲ့နှောင်း ပြော့ပျောင်းသိမ်မွေ့လျက် ရှိရသည်သာများ၏။ ပုရိသဘာဝရုပ်ဖြစ်ရာသန္တာန်၌ကား ထိုဘာဝရုပ်တန်ခိုးကြောင့် လိင်္ဂစသောအကျိုးတို့ ကြီးမားခန့်ကျမ်းလျက် ရှိသည်သာများ၏။ ဤသို့လျင် ဘာဝရုပ်က“ငါ့သန္တာန်မှာ လိင်္ဂစသည်တို့ မည်ကဲ့သို့ ဖြစ်စေရမည်”ဟု မစီမံသော်လည်း စီမံသကဲ့သို့ သုတ္တန်ပကတူပနိဿယသတ္တိဖြင့် ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သောကြောင့် လိင်္ဂစသည်တို့ကို အစိုးရသော ဣန္ဒြိယတရားများဟု နာမည်မှည့်ထားရလေသည်။

အချို့ကား လိင်္ဂစသည်တို့သည် ပဋိသန္ဓေအခါ ကလလရေကြည် အခိုက်စသည်၌ အတ္ထိသဘောအားဖြင့် အထိုက်အလျှောက်ရှိကြ၏။ သို့သော် လိင်္ဂစသည်တို့က ပရမတ်တရားအစစ်မဟုတ်ကြ, ပရမတ်ဖြစ်သော ရုပ်အပေါင်းကိုစွဲ၍ ပညတ်ရသော ပညတ်မျှသာဖြစ်သောကြောင့်ဘာဝရုပ်တို့က ဣန္ဒြိယသတ္တိဖြင့် ကျေးဇူးမပြု နိုင်ဘဲရှိရလေသည်-ဟု အဋ္ဌကထာနည်းအပေါ်မှာ တမျိုးကျော်၍ ပြောဆိုကြ၏။ ကလလရေကြည်အခိုက်မှာ နိမိတ္တ ကုတ္တ အာကပ္ပတို့ရှိဘို့အရေးကား ဝေးလှချေ၏။ လိင်္ဂရှိမရှိကပင် ဆင်ခြင်စရာပေ။ [၁၁]

ဣန္ဒြိယ နှင့် အဓိပတိ ထူးပုံ

ပြင်ဆင်ရန်

ဤ၌ သဟဇာတိန္ဒြိယနှင့် သဟဇာတာဓိပတိတို့ မတူထူးခြားပုံကို မှတ်သားအပ်ပေသည်။ စိတ္တုပ္ပါဒ်တခု ဖြစ်ပေါ်ချိန်၌ အဓိပတိတရားကိုယ်လေးပါး အားလုံးပါရှိသော်လည်း ထိုလေးပါးတို့သည် တချိန်တည်း၌ ပြိုင်၍ အဓိပတိပစ္စည်း မတတ်ကုန်။ တပါးတပ်ခိုက် ကျန်သုံးပါးတို့က နောက်လိုက်သာ ဖြစ်ရကုန်၏။ သဟဇာတိန္ဒြိယပစ္စည်းကား ဤသို့မဟုတ်။ တချိန်တည်း တပြိုင်တည်း၌ပင် ဣန္ဒြေတရားကိုယ်ရှစ်ပါးပါသည့် စိတ်၌ ရှစ်ပါးလုံး ပစ္စည်းတပ်ကုန်၏။ ခုနစ်ပါးပါသည့် စိတ်၌ ခုနစ်ပါးလုံး ပစ္စည်းတပ်ကုန်၏။

ထို့ပြင် အဓိပတိတရားကိုယ်များ ပါဝင်သော စိတ်တိုင်းလည်း အဓိပတိပစ္စည်း မတပ်ချေ။ ဒွိဟိတ်ဇော တိဟိတ်ဇောတို့၌ရှိသော အဓိပတိတရားလေးပါးတို့၌သာလျှင် အဓိပတိပစ္စည်းတပ်ကုန်၏။ ထိုတွင်လည်း မဟဂ္ဂုတ်,လောကုတ္တရာဇောတို့၌သာလျှင် အမြဲအဓိပတိတပ်ကုန်၏။ ကာမဇောတို့ကား ရံခါသာ အဓိပတိ ထိုက်၍ ရံခါ အဓိပတိမထိုက်ကုန်။

သဟဇာတိန္ဒြိယပစ္စည်း၌ကား မည်သည့်စိတ်တွင်မဆို ပါဝင်သော တရားကိုယ်ရှစ်ပါးတို့သည် ဣန္ဒြိယသတ္တိရှိကုန်၏။ ၎င်းတို့သည်လည်း အဓိပတိကဲ့သို့ ရံခါတပ်မဟုတ်ပဲ ထိုစိတ်များ ဖြစ်ပေါ်သည့် အခါတိုင်း ဣန္ဒြိယပစ္စည်းတပ်ကုန်၏။ ဤကား သဟဇာတိန္ဒြိယနှင့် သဟဇာတာ ဓိပတိတို့ ထူးခြားပုံတည်း။ [၁၂][၁၃]

  1. ဣန္ဒြိယပစ္စယ (ပု) [ဣန္ဒြိယ+ပစ္စယ]
  2. အဘိ၊ဋ္ဌ၊၃၊၃၅၁။ ဝိသုဒ္ဓိ၊၂၊၁၇၀-ကြည့်။ သင်္ဂဟ၊၅၆-လည်းကြည့်။) ဣန္ဒြိယပစ္စယာတိ-စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၇။
  3. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း ၁
  4. (အခြေပြုသင်္ဂြိဟ် ၄၂၇- ၄၂၉)
  5. (သင်္ဂြိုဟ်ဘာဋီ ၅၇၇-၈)
  6. (ပရမတ္ထသံခိပ်ဋီကာ ဒု ၂၉၇-၂၉၉)
  7. (ပရမတ္ထသံခိပ်ဋီကာ ဒု ၅၁၆)
  8. (သင်္ဂြိဟ်ဘာဋီ ၅၆၈)
  9. (ပရမတ္ထသံခိပ်ဋီကာ ဒု ၃၀၀)
  10. (သုံးချက်စုဘာဋီ)
  11. (သုံးချက်စု ဘာဋီ ၂၃၇-၂၄၀)
  12. (ပရမတ္ထသံခိပ်ဋီကာ ဒု ၅၁၆-၅၁၇)
  13. ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်