ဧကကနိပါတ် - ၈။ ဝရုဏဝဂ် -(၇၈) ဣလ္လိသဇာတ် အလွန်ဝန်တို နှမြောလှသဖြင့် သိကြားမင်း သူဋ္ဌေးအတုပြုကာ ပစ္စည်းများ လှူဒါန်းစေရန် ဆိုဆုံးမရသော ဣလ္လိသသူဌေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

နှမြောတိုလှ ပစ္ဆရိယ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်မြို့အနီး သက္ကာရနိဂုံးဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပစ္ဆရိယသူဌေးသည် နေလေ၏။ ထိုသူဌေးသည် မြက်ဖျားဖြင့် ဆီပေါက်ကိုမျှလည်း သူတစ်ပါးအား မပေးလှူစဖူး။ ထိုသူဌေး၏ ပစ္စည်းဥစ္စာသည် သားမယားများလည်း မသုံးစွဲရ၊ ရဟန်းပုဏ္ဏားတို့အားလည်း မပေးလှူ၊ ဒကရက္ခိုသ် စောင့်သော ရေကန်ကဲ့သို့ မသုံးဆောင်ဘဲ တည်မြဲတိုင်းသာ တည်လေ၏။

မုန့်စားလိုလှ ပိန်းချုံးကျ ပြင်ဆင်ရန်

တစ်နေ့သ၌ မစ္ဆရိယ သူဌေးသည် မင်းခစားသွား၍ ပြန်အလာတွင် ဇနပုဒ်သားတစ်ယောက် စားနေသော မုယောမုန့်နှင့် အိုးကင်းကြော်မုန့်ကို မြင်သဖြင့် အလွန် စားချင်သော ဆန္ဒဖြစ်၍ အိမ်ရောက်လျှင် ငါ အိုးကင်းကြော်မုန့် စားချင်သည်ဟု ပြောလျှင် လူအများ ဝိုင်းစားလိုကြပေမည်၊ ထိုသို့ဖြစ်လျှင် ငါ့မှာ ပစ္စည်းဥစ္စာ ကုန်ခမ်းလိမ့်မည်ဟု အလွန်နှမြော ဝန်တိုလှသဖြင့် တစ်စုံတစ်ယောက်အား မပြောကြားဝံ့ဘဲ စားချင်ခြင်း အာသာဆန္ဒကို ကြိတ်၍ သည်းခံကာနေ၏။

တစ်နေ့ထက်တစ်နေ့ အာသာဆန္ဒ ပြင်းပြလာသောအခါ အသားအရေ လျော့ပါးလျက် ပိန်ချုံးကာ မကျန်းမမာဖြစ်၍ အားနည်းလှသဖြင့် အိမ်ခန်းတွင်းရှိ ခုတင်တစ်ခုဝယ် အိပ်စက်ကာ သာယာညှင်းပျောင်း အကြောင်းအကြောင်းကို မေးမြန်းသော်လည်း ပစ္စည်းဥစ္စာ ကုန်ခန်းမည်ကြောက်၍ မပြောကြားဝံ့ဘဲနေ၏။

မယားပြောပြ စီမံကြ ပြင်ဆင်ရန်

သူဌေးကတော်သည် အလျှော့မပေးဘဲ အကြိမ်ကြိမ်မေးပြန်သောအခါ သူဌေးသည် ငါ့အား တခြားဝေဒနာမရှိ၊ အိုးကင်းကြော်မုန့်ကို စားလို၍ ဖြစ်သည်ဟု ပြောလေ၏။ ထိုအခါ သူဌေးကတော်သည် “အရှင်သူဌေး … ဖြစ်မှ ဖြစ်ရလေ ပြောပါတော့လော၊ သင့်မှာ ဆင်းရဲသလော၊ သက္ကာရနိဂုံး တစ်ခုလုံး စားလောက်အောင် ကြော်ပေးမည်” ဟု ပြောလေ၏။ သူဌေးလည်း သက္ကာရနိဂုံးကို ကျွေးသဖြင့် ဘယ်အကျိုးရှိမည်နည်းဟု တားမြစ်လေ၏။

နောက် တစ်လမ်းလုံးစားဖို့၊ နောက် အိမ်နီးချင်းများ စားဖို့၊ နောက် အိမ်သားများစားဖို့၊ နောက် မယားများစားဖို့၊ နောက် သူဌေးနှင့် သူဌေးကတော် နှစ်ယောက်သာစားဖို့ ပြောသော်လည်း ခွင့်မပြုဘဲ သူဌေးတစ်ယောက်တည်းသာ စားဖို့ပြောမှ ခွင့်ပြုလေ၏။ ခွင့်ပြုသော်လည်း တခြားနေရာမှာကြော်လျှင် လူသိမည်စိုး၍ ဘုံခုနစ်ဆင့်တက်ကာ တံခါးကို လုံအောင်ပိတ်ပြီး ကြော်ရန်စီမံလေ၏။

သူဌေးကတော်လည်း ဆန်ကျိုး၊ အိုးကင်း၊ ခုံလောက်၊ နို့၊ ပျား၊ တင်လဲ၊ ထောပတ် စသည်တို့ကို အနည်းငယ်စီယူကာ သူဌေးနှင့်အတူ ဘုံခုနစ်ဆင့်သို့တက်၍ တံခါးလုံအောင် ပိတ်ပြီးလျှင် မုန့်ကြော်ကြလေ၏။

ဗုဒ္ဓ မိန့်ကြား မောဂ္ဂလာန်သွား ပြင်ဆင်ရန်

မြတ်စွာဘုရားလည်း မိုးသောက်ထသောအခါ မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ လောကဓာတ် အားလုံးဝယ် ကျွတ်ထိုက်သော သူတို့ကို ဉာဉ်တော်ဖြင့် ကြည့်ရှုလတ်သော် မစ္ဆရိယ သူဌေးလင်မယား သောတာပန်ဖြစ်မည့်အကြောင်းကို မြင်တော်မူ၏။ နံနက်စောစောကလျှင် ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူ၍ “ချစ်သား ရှင်မောဂ္ဂလာန် … ယနေ့ သက္ကာရိဂုံး၌ မစ္ဆရိယသူဌေးသည် အိုးကင်းကြော်မုန့်ကို စားလိုသဖြင့် ဘုံခုနစ်ဆင့်သို့တက်ပြီး ကြော်နေ၏။ ၎င်းထံသွား၍ သင့်တန်ခိုးဖြင့် မာနကျိုးအောင်ဆုံးပြီး လင်မယားနှစ်ယောက်လုံး မုန့်၊ နို့၊ ပျား၊ တင်လဲ၊ ထောပတ်နှင့်တကွ ကျောင်းတော်သို့ရောက်အောင် ယူခဲ့ရမည်၊ သံဃာငါးရာနှင့်တကွ ဆွမ်းဘုဉ်းပေးရန် ငါဘုရား စောင့်ဆိုင်းနေမည်” ဟု မိန့်တော်မူလေ၏။

လှူခံမရ တန်ဖိုးပြ ပြင်ဆင်ရန်

ရှင်မောဂ္ဂလာန်လည်း တန်ခိုးဖြင့် သူဌေး မုန့်ကြော်ရာ ဘုံခုနစ်ဆင့်သို့ သွားလျက် ကောင်းကင်ပြင်ဝယ် ရပ်တော်မူ၏။ သူဌေး မြင်လျှင် စိတ်နှလုံး တုန်လှုပ်လေ၏။ ငါကား လူသိမည်စိုး၍ ပုန်းလျှိုးပြီးကြော်ရာ ဤရဟန်း ရပ်လာသည်၊ ဤရဟန်းကို ပြေးအောင်လုပ်မည်ဟု ကြံစည်၍ “ရှင်ရဟန်း … ကောင်းကင်၌ ရပ်သော် လည်းကောင်း၊ စင်္ကြံသွားသော် လည်းကောင်း၊ ထက်ဝယ်ဖွဲ့သော် လည်းကောင်း၊ တံခါးခုံမှာ ရပ်သော် လည်းကောင်း၊ အခိုးလွွှတ်သော် လည်းကောင်း ရမည်မဟုတ်” ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်လည်း တန်ခိုးအမျိုးမျိုး ပြသော်လည်း မရသဖြင့် နောက်ဆုံးတွင် အခိုးလွှတ်လေ၏။ ပြာသာဒ်တစ်ခုလုံး အခိုးဖုံး၍ နေ၏။ သူဌေးလည်း အခိုးဝင်သဖြင့် မျက်စိကို အပ်နှင့်ဆွဲသကဲ့သို့ ရှိလေ၏။

သေးငယ်လှူရာ တောင်းလုံးပါ ပြင်ဆင်ရန်

ထိုအခါ သူဌေးသည် ဤရဟန်းကား တပ်စွန်းလှသည်၊ မရလျှင် ပြန်မည်မဟုတ်၊ မုန့်ငယ်တစ်ယှက်ကို လှူလိုက်တော့မည် ကြံစည်ကာ “ရှင်မ … မုန့်ငယ်ငယ်တစ်ယှက်ကြော်ပါ” ဟု ခိုင်းလေ၏။ သူဌေးကတော်လည်း မုန့်ညက်အနည်းငယ်ထည့်၍ ကြော်ရာ အိုးကင်းပြည့်အောင် မုန့်ကြီးဖြစ်လာလျှင် သူဌေး စိတ်မကောင်းသဖြင့် နောက်တစ်ကြိမ် ကိုယ်တိုင် အနည်းငယ်ထည့်၍ ကြော်ပြန်သောအခါ သာ၍ ပင် ကြီးမားလာသဖြင့် ငြီးငွေ့ကာ “ရှင်မ … မုန့်တစ်ယှက်ယူ၍ လှူလိုက်ပါ” ဟု ခိုင်းလေ၏။

သူဌေးကတော်လည်း မုန့်တောင်းမှ မုန့်တစ်ယှက်ယူရာ တစ်တောင်းလုံးရှိ မုန့်တွေ ကပ်ပါနေသဖြင့် သူဌေးလာ၍ ချွေးဒီးဒီးကျအောင် ဆွဲခွာသော်လည်း မရသဖြင့် စားချင်စိတ်ပျောက်ကာ တစ်တောင်းလုံးသာ လှူပေတော့ဟု ခိုင်းလေ၏။ သူဌေးကတော်လည်း တောင်းပါ လှူလေ၏။

တန်ခိုးဖြင့်ခေါ်သွား သူဌေးလင်မယား ပြင်ဆင်ရန်

ရှင်မောဂ္ဂလာန်လည်း သူဌေး လင်မယားအား ရတနာ သုံးပါးဂုဏ်နှင့် အလှူ၏အကျိုးကို ဟောကြားဆုံးမသောအခါ ကြည်ညိုသောစိတ် ဖြစ်လာ၍ “အရှင်ဘုရား … ဤပလ္လင်ပေါ်မှာထိုင်၍ ဘုဉ်းပေးတော်မူပါ” ဟု လျှောက်ထားလေ၏။ “သူဌေးကြီး … မြတ်စွာဘုရားသည် ရဟန်းငါးရာနှင့် မုန့်ဆွမ်း ဘုဉ်းပေးမည်ဟု စောင့်ဆိုင်းနေတော်မူ၏။ သင်တို့လင်မယား မုန့်၊ ထောပတ် စသည်ကို ယူပြီးလျှင် ကိုယ်တိုင်လိုက်၍ ကပ်လှူကြပါ” ဟု ပြောလေ၏။ “အရှင်ဘုရား …ဇေတဝန်ကျောင်း ရောက်အောင် လေးဆယ့်ငါးယူဇနာဝေး၍ ဆွမ်းမီအောင် လိုက်နိုင်မည် မဟုတ်ပါ” ဟု လျှောက်လေလျှင် ၊ “သူဌေးကြီး … သင်တို့ လိုက်လိုလျှင် ငါ တန်ခိုးဖြင့် ဆောင်ယူမည်” ဟု ဝန်ခံကာ တန်ခိုးဖြင့် ဇေတဝန်ကျောင်းသို့ ဆောင်ယူခဲ့၍ မြတ်စွာဘုရား အထံတော်သို့ ပို့လေ၏။

ဗုဒ္ဓဟောပြ မဂ်၊ ဖိုလ်ရ ပြင်ဆင်ရန်

ရောက်လျှင် သူဌေးလင်းမယားသည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော် ငါးရာတို့အား ကိုယ်တိုင် မုန့်တို့ကို ကပ်လှူကြပြီးလျှင် ရေစက်သွန်းချကြကုန်၏။ မုန့်ဆွမ်း ဘုဉ်းပေးပြီးလျှင် သူဌေးလင်မယားလည်း အလိုရှိတိုင်း စားကြကုန်၏။ မုန့်တွေ များလှသေး၏။ သူတောင်းစားတို့ကို အလိုရှိတိုင်း ပေးသော်လည်း မကုန်နိုင်၍ ကျန်သော မုန့်တို့ကို တံခါးမုခ်အနီး ကျင်းထဲသို့ စွန့်စပ်ရ၏။

မြတ်စွာဘုရားလည်း သူဌေးလင်မယားအား အစဉ် အတိုင်းသော တရားတော်ကို ဟောတော်မူ၏။ ထိုခဏ၌ ပင် မစ္ဆရိယ သူဌေးလင်မယားသည် သေတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ ထိုအခါမှစ၍ ကုဋေရှစ်ဆယ်ရှိသော ဥစ္စာတို့ကို မြတ်စွာဘုရား သာသနာတော်၌ သာလျှင် လှူဒါန်းပူဇော်ကြလေကုန်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်မောဂ္ဂလာန်၏ ဂုဏ်ကျေးဇူးကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ … မောဂ္ဂလာန်သည် ယခုအခါမှသာ မစ္ဆရိယ သူဌေးကို ဆုံးမ၍ သောတာပန်ဖြစ်စေသည် မဟုတ်၊ ရှေးအခါကလည်း ဆုံးမ၍ ကံ၊ ကံ၏အကျိုးကို သိစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မိဘစဉ် ဆက် အကုန်ဖျက် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဣလ္လိသ မည်သော သူဌေးကြီးသည် ရှိလေ၏။ ထိုသူဌေးကြီးသည် သူယုတ်လက္ခဏာနှင့် ပြည့်စုံ၏။ ခြေခွင်၏၊ လက်ကောက်၏၊ မျက်စိစွေ၏၊ သဒ္ဓါတရားမရှိ ဝန်တို၏။ ပစ္စည်းဥစ္စာကို သူတစ်ပါးအားလည်း မပေးလှူ၊ မိမိလည်း မသုံးဆောင်၊ ဒကရက္ခိုက် စောင့်သော ရေကန်ကဲ့သို့ တည်မြဲတိုင်းသာ တည်လေ၏။ သူဌေး၏ အမိအဖတို့ကား အမျိုးခုနစ်ဆက် တိုင်အောင် အလှူရှင် ဖြစ်ကြကုန်၏။ မိဘတို့သေလွန်၍ သူဌေးရာထူးကို ရလျှင် အလှူတင်းကုပ်တို့ကို မီးရှို့ကာ အလှူခံတို့ကို ရိုက်ပုတ် နှင်ထုတ်လေ၏။

သေရည်တစ်ပဲလောက် ပုန်းလျှိုးသောက် ပြင်ဆင်ရန်

တစ်နေ့သ၌ ဣလ္လိသ သူဌေးသည် မင်းခစား သွားရာမှ အပြန်တွင် ငါးပုပ်ခတ်သော ဟင်းနှင့် သုရာ သောက်နေသော သူတစ်ယောက်ကိုမြင်၍ အလွန်သောက်လိုသော အာသာဆန္ဒ ချင်ခြင်း ဖြစ်သော်လည်း ပစ္စည်းဥစ္စာ ကုန်ခန်းမည်စိုး၍ ဘယ်သူမှ မပြောကြားဝံ့ဘဲ အောင့်အည်းသည်းခံကာ နေလေ၏။ [အကျယ် ပစ္စုပ္ပန်ဝတ္ထုနှင့် တူ၏။ ထူးခြားရာကိုသာ ရေးမည်။ ]

ဣလ္လိသသူဌေးသည် တစ်နေ့ထက်တစ်နေ့ ချင်ခြင်းပြင်းပြလာသဖြင့် မကျန်းမမာဖြစ်ကာ နောက်ဆုံးတွင် အိမ်ဈေးမှ သေရည်တစ်ပဲဖိုး ဝယ်ယူစေ၍ မြို့ပြင်ထွက်လျက် ခရီးလမ်းမတစ်ခုအနီးရှိ ချုံထဲတွင် ပုန်းအောင်း၍ သောက်လေ၏။

သူဌေးယောင်ဖန်ဆင်း သိကြားမင်း ပြင်ဆင်ရန်

ထိုအခါ ဣလ္လိသသူဌေး၏ အဖ ဖြစ်ခဲ့ဖူးသော သိကြားမင်းသည် လူ့ပြည်ကို ကြည့်လတ်သော် ဣလ္လိသသူဌေး၏ အဖြစ်အပျက်ကိုမြင်၍ ငါသည် ဣလ္လိသသူဌေးကို တုန်လှုပ်ချောက်ချားစေလျက် ကံ၊ ကံ၏ အကျိုးကို သိစေ၍ အလှူပေးခြင်း စသော ကုသိုလ်ကောင်းမှုကို ပြုစေပြီးလျှင် နတ်ပြည်သို့ ရောက်စေမည်ဟု ကြံစည်ကာ လူ့ပြည်သို့ ဆင်းသက်၍ ဣလ္လိသသူဌေးနှင့် ရွေးမရအောင် ဖန်ဆင်းကာ မင်းကြီးထံသွား၍ လျှောက်ထားလေ၏။ “အရှင်မင်းကြီး … အကျွန်ုပ်ပစ္စည်း ကုဋေရှစ်ဆယ်ကို ယူပါ” ဟု လျှောက်ထား၏။ “သူဌေးကြီး … ငါ အလိုမရှိ” ဟု ဆိုလေလျှင် “အရှင်မင်းကြီး … သို့ဖြစ်လျှင် အလှူ ပေးလိုပါသည်” ဟု ခွင့်ပန်လျှောက်ထား၍ အိပ်သို့ သွားလေ၏။

ဣလ္လိသသူဌေး အလှူပေး ပြင်ဆင်ရန်

အိမ်သို့ရောက်လျှင် သိကြားမင်းကို သူဌေးကတော်မှ စ၍ တစ်ဦးတစ်ယောက်မျှ ဣလ္လိသသူဌေး မဟုတ်မှန်းမ သိကြကုန်။ သိကြားမင်းလည်း တံခါးစောင့်ကိုခေါ်၍ “အမောင် … ငါနှင့်တူသော လူတစ်ယောက် သည်အိမ် ငါ့အိမ်ပဲဟု ဝင်မည်လာလျှင် လက်ခခံလေနှင့်၊ ဆွဲထုတ်ကြရမည်” ဟု ပြာသာဒ်ထက်သို့ တက်ပြီးလျှင် သူဌေးကတော်ကိုခေါ်ကာ “ရှင်မ … ယနေ့ ငါ အလှူပေးမည်” ဟု ပြောလေ၏။

သူဌေးကတော်မှစ၍ သားသမီး ကျေးကျွန်တို့လည်း လှူမည်ဟု လောသံမျှ မဖြစ်ဖူးသော သူဌေးကြီးကား သေရည်သောက်ရ၍ စိတ်ပြောင်းလဲလာသည်ဟု အောက်မေ့ကြကုန်၏။ သို့အတွက် သူဌေးကတော်လည်း “အရှင် … အလိုရှိတိုင်း လှူပါ” ဟု ခွင့်ပြုလေ၏။ ထိုအခါ တစ်မြို့လုံး စည်လည်စေ၍ ဘဏ္ဍာတိုက်တို့ကို ဖွင့်လှစ်ကာ အလိုရှိတိုင်း ယူကြကုန်ဟု လှူဒါန်းလေ၏။

လှည်းနွားမြစ်တား ထုနှက်သွား ပြင်ဆင်ရန်

အလှူခံလာသူတို့တွင် ဇနပုဒ်သား တစ်ယောက်သည် ဣလ္လိသသူဌေး၏ လှည်းနွားတို့ဖြင့် ရတနာတို့ကို တင်ဆောင်ကာ လှည်းကို မောင်း၍ လာခဲ့ရာ ဣလ္လိသသူဌေး သေရည်သောက်သော ချုံအနီးသို့ ရောက်သောအခါ ငါ့မှာ ဣလ္လိသသူဌေးကိုမှီ၍ တစ်သက်လုံး စားလောက်အောင် ရပေပြီ။ ဤလှည်း၊ ဤနွား၊ ဤရတနာတို့အား ဣလ္လိသသူဌေး ပစ္စည်းများဖြစ်၏။ ငါ့ အမိအဖ ပေးသည် မဟုတ်၊ ဣလ္လိသသူဌေးကြီး အသက်ရာကျော် ရှည်ပါစေဟု ဆုတောင်းလျက် မောင်နှင်သွားလေ၏။

ထိုအခါ ဣလ္လိသသူဌေးသည် သေရည်သောက်ရာမှ ကြား၍ ထိတ်လန့်တကြားထကာ လှည်းနှင့်နွားကို မြင်လျှင် မှတ်မိ၍ ဧကန် မင်းကြီးသည် ငါ့ပစ္စည်းဥစ္စာတို့ကို လုယှက်၍ ပေးသည် ဖြစ်လိမ့်မည်ဟု ကြံစည်လျက် ချုံမှထွက်ပြီးလျှင် “ဟယ် ကျွန်ယုတ် … ငါ့လှည်းနှင့် ငါ့နွားကို ဘာကြောင့် ယူလာရသနည်း” ဟု ဆိုကာ နွားနဖားကို ကိုင်၍ ထားလေ၏။

ဇနပုဒ်သားလည်း လှည်းပေါ်မှဆင်း၍ “ဟယ် ကျွန်ယုတ် … ဣလ္လိသသူဌေးကြီး တစ်မြို့လုံး အလှူပေးနေသည်ကို နင် မသိသလော” ဟု ဒေါသထွက်၍ လည်ကုပ်ကို ကိုင်ဆွဲလျက် ထောင်းထုပုတ်ခတ်ပြီးလျှင် လှည်းကိုမောင်း၍ သွားလေ၏။

ဣလ္လိသအိမ်ဝင် ရိုက်နှက်နှင် ပြင်ဆင်ရန်

ဣလ္လိသသူဌေးလည်း အမူးပြေကာ လဲရာမှထပြီးလျှင် လွန်စွာ ထိတ်လန့်တုန်လှုပ်လျက် အိမ်သို့ အမြန်သွား၍ အိမ်တံခါးသို့ရောက်လျှင် ပစ္စည်းဥစ္စာယူသွားသူတို့ကို “သင်တို့ကို မည်သူပေးသနည်း၊ ငါ့ပစ္စည်းကို လုယူကြသလော” ဟု ဆိုကာ ကိုင်၍ ဖမ်းလေ၏။ ကိုင်တိုင်း ကိုင်တိုင်း သူတို့က သူဌေးကို ထုရိုက်၍ လွှတ်ကြကုန်၏။ ထိုအခါ ဣလ္လိသသူဌေးလည်း အလွန် နာကျင်လှသဖြင့် အိမ်ထဲသို့ ဝင်မည်အပြုတွင် တံခါးစောင့်တို့သည် “ဟယ် လူယုတ် … ဘယ်ကို ဝင်မည်နည်း” ဟု ငေါက်ငမ်းလျက် ဝါးခြမ်းစိတ်ဖြင့် ရိုက်နှက်ကာ လည်ကုပ်ကိုကိုင်၍ နှင်ထုတ်ကြကုန်၏။

မင်းထံလျှောက်တင် စစ်ဆေးချင် ပြင်ဆင်ရန်

သူဌေးလည်း ငါ့မှာ မင်းမှတစ်ပါး ကိုးကွယ်ရာမရှိတော့ပြီဟု မင်းကြီးထံသွား၍ “အရှင်မင်းကြီး … အကျွန်ုပ်အိမ်ကို အလုယက် ခိုင်းသလော” ဟု လျှောက်ထား၏။ “သူဌေးကြီး … မခိုင်းပါ၊ နံနက်အခါကပင် သင် လာ၍ အကြောင်းကြားသည် မဟုတ်ပါလော၊ သင့်သဘောအတိုင်း လှူဒါန်းသည်ကို ငါ မတတ်နိုင်ပါ” ဟု ပြောလေလျှင် “အရှင်မင်းကြီး … အကျွန်ုပ် နှမြောဝန်တိုသည်ကို အရှင် အသိဖြစ်ပါသည်၊ အကျွန်ုပ်ကား မြက်ဖျားတွင် ကပ်သော ဆီတစ်ပေါက်ကိုမျှ အလှူမပေးစဖူးပါ၊ အလှူပေးနေသူကို ခေါ်၍ စစ်ဆေးတော်မူပါ” ဟု လျှောက်ထားလေ၏။

မင်းကြီးလည်း အလှူပေးနေသူကို ခေါ်စေ၍ ရှေ့တော်သို့ ရောက်လျှင် တစ်ယောက်နှင့် တစ်ယောက် ရွေးမရအောင် တူနေသဖြင့် မည်သူ ဣလ္လိသသူဌေးမှန်း မသိလေ။

သက်သေစစ်ခံ ရှုံးရပြန် ပြင်ဆင်ရန်

ထိုအခါ ဣလ္လိသသူဌေးက “အရှင်မင်းကြီး … အကျွန်ုပ် ဣလ္လိသသူဌေးပါ” ဟု လျှောက်၏။ “သူဌေးကြီး … ငါ မသိပါ၊ သင့်ကို မည်သူသိနည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး … အကျွန်ုပ်မယားနှင့် သားများ သိပါသည်” ဟု လျှောက်၏။ ထိုအခါ မင်းကြီးက မယားကို ခေါ်၍ မေးလျှင် သိကြားမင်းကို မိမိလင် ဣလ္လိသသူဌေး ဆိုကာ ၎င်းထံမှာ နေ၏။ သားလည်း လည်းကောင်း၊ ကျေးကျွန်တို့သည် လည်းကောင်း သိကြားမင်းကိုသာ ညွှန်ပြကြကုန်၏။

တစ်ဖန် ဣလ္လိသသူဌေးက အကျွန်ုပ်ကို ဆတ္တာသည် သိပါသည်ဟု ဆိုပြန်ရာ ဆတ္တာသည်ကို ခေါ်၍ မေးလျှင် ဆတ္တာသည်သည် မင်းကြီးအား ဣလ္လိသသူဌေး ဆံပင်ထဲမှာ မှဲ့ရှိပါသည်၊ မှဲ့ကိုမြင်ရလျှင် သိပါသည်ဆို၍ နှစ်ယောက်စလုံး ခေါင်းကို ကြည့်သောအခါ အညီအမျှ မှဲ့တွေ့ပြန်သဖြင့် -

“အရှင်မင်းကြီး … နှစ်ယောက်စလုံး ခြေခွင်ကြသည်၊ လက်လည်း ကောင်းကြသည်၊ မျက်စိလည်း စွေကြသည်၊ မှဲ့မည်းလည်း ရှိကြသည်၊ မရွေးနိုင်လောက်အောင် တူညီနေကြသည့်အတွက် အကျွန်ုပ် ဣလ္လိသသူဌေးကို မပြနိုင်တော့ပါ” ဟု လျှောက်ထားလေ၏။ ဣလ္လိသသူဌေးလည်း ဆတ္တာသည်စကားကို ကြားလျှင် ပစ္စည်းဥစ္စာ၌ ဖြစ်သော စိုးရိမ်ပူပန်းခြင်းကြောင့် သတိလစ်ကာ လဲလေ၏။

သိကြားညွှန်ပြ ဆိုဆုံးမ ပြင်ဆင်ရန်

ထိုအခါ သိကြားမင်းသည် “အရှင်မင်းကြီး … အကျွန်ုပ် ဣလ္လိသသူဌေး မဟုတ်ပါ၊ သိကြားမင်း ဖြစ်သည်” ဟု ပြောဆိုပြီးလျှင် ကောင်းကင်တွင်ရပ်လျက် ဣလ္လိသသူဌေး၏ မျက်နှာကို သုတ်သင်ကာ ရေသွန်းလောင်းလေ၏။ ဣလ္လိသသူဌေးလည်း သတိရ၍ ထထိုင်လျက် သိကြားမင်းကို ရှိခိုးကာနေလေ၏။ ထိုအခါ သိကြားမင်းသည် ဣလ္လိသသူဌေးအား -

“ဣလ္လိသ … ဤပစ္စည်း ဥစ္စာစုကား ငါ့ပစ္စည်း ဥစ္စာစု ဖြစ်သည်၊ သင့်ပစ္စည်း ဥစ္စာစု မဟုတ်၊ ငါကား ဟိုဘဝက သင့်အဖေတည်း၊ ကုသိုလ်ကောင်းမှုပြု၍ သေသောအခါ သိကြားမင်း ဖြစ်ရသည်၊ သင်ကား ငါ့အမျိုးအနွယ်ကို ဖျက်သည်၊ အလှူတင်းကုတ်ကို မီးတိုက်၍ အလှူခံတို့ကို နှင်ထုတ်သည်၊ သင်လည်း မစားရက်၊ သူတစ်ပါးလည်း မပေးလှူရက်၊ သင့်ပစ္စည်းကား ဒကရက္ခိုသ် စောင့်သော ရေကန်ကဲ့သို့ ဖြစ်၏။ ယခုပင် အလှူတင်းကုတ်ကိုဆောက်၍ လှူလျှင် လှူ မလှူလျှင် ပစ္စည်းဥစ္စာ အကုန်ကွယ်ပြီး သင့်ဦးခေါင်းကို ဝရဇိန်လက်နက်ဖြင့် ခွဲသတ်မည်” - ဟု ခြိမ်းခြောက် ပြောဆိုလေ၏။ ဣလ္လိသသူဌေးလည်း သေးဘေးမှ ကြောက်လန့်သဖြင့် “ယနေ့မှစ၍ လှူဒါန်းပါမည်၊ သီလကို စောင့်ထိန်းပါမည်” ဟု ဝန်ခံသဖြင့် အဆုံးအမပေးကာ မိမိနေရာ တာဝတိံသာသို့ ပြန်လေ၏။

ဣလ္လိသသူဌေးလည်း ထိုနေ့မှစ၍ အဖသိကြားမင်းထံ ဝန်ခံထားသောအတိုင်း ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ သေလွန်သောအခါ နတ်ရွာသို့လားလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဣလ္လိသသူဌေးသည်သည် - ယခုအခါ ပစ္ဆရိယသူဌေး။

သိကြားမင်းသည် - မောဂ္ဂလာန်။

ဗာရာဏသီမင်းသည် - အာနန္ဒာ။

ဆတ္တာသည်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ဝန်တိုနှမြော၊ တွင်းသဘော၊ အဟောစက်ဆုပ်ဖွယ်။

(၂) စွဲလမ်းဥစ္စာ၊ သေသောခါ၊ ပြိတ္တာဖြစ်လိမ့်မယ်။

ဣလ္လိသဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ