ဥက္ကာပျံသွား ဒုက္ခပွား ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

၁၂၆၉ ခု၊ တော်သလင်းလဆန်း (၇) ရက် သောကြာနေ့ ညဉ့် (၁၀) နာရီခန့်အချိန်တွင် ကြောက်ခမန်းလန့်ခမန်း ပျံသန်းသော ဥပါကြီး ထွက်ပေါ်လာသည့်အကြာင်းကို ဖွဲ့ဆိုထားသည့် သံချို ဖြစ်သည်။

ဥက္ကာပျံသွား ဒုက္ခပွား ပြင်ဆင်ရန်

ငွေတာရာ ဘွေကာသမှာ၊ ဓဇချွန် တံခွန်မြီးနှင့်၊ လွန်ကြီးကျယ်ဥက္ကာ သွားပုံက၊ နဂါးမြွေလိုအဖျားခွေ၍ လွန့်သောကြောင့်၊ များရွံ့ကြစိတ်မလုံ။

မိလိန္ဒာကျမ်းစာက၊ ရဟန္တာ ပုဂ္ဂိုဟ်မြတ်တွေတို့၊ ဆုတ်ကပ်မှာ ဗုဒ္ဓတ္တာဘုရားသို့၊ ဝပ်တွားကာ မညွတ်ကျိုးမည်ကြောင့်၊ နတ်မျိုးစုံလှူပူဇော်ကြအောင်၊ တန်ခိုးတော်အလျှံထွက်လို့၊ ပျံတက်စေဓိဋ္ဌာန်ထားသော်ကြောင့်၊ တရံတခါဈာန်သမာနှင့်သွားသတဲ့၊ အများလူဟူသရွေ့တို့၊ နားစေ့ယူကုန်။

နေမိတ္တကာ ဝိဇ္ဇာမယ အတတ်ကယ်က၊ ကြိတ်လျှပ်ကယ်တဖြာနှင့်၊ ကိတ်မှတ်ပါအတိတ်ကပ်အနာဘို့ထားခဲ့၊ နတ်များပင်မိုဃ်းပေါ်က ပြချေထင့်၊ ကိုးနဝနှစ်အကြုံ၊ ဖြစ်ပျက်ပုံထင်လင်း။

ဖလ်သူရိန်စန်းဣန္ဒု၊ ဘာဏုမဏ္ဍလ၊ ဓဇငွေတာရာနှင့်၊ ညအခါအိပ်မက်ရေးငဲ့ပြင်၊ ငှက်ကြွေးကြော်တဘောင်စနဲတို့၊ ရှောင်လွဲရင် ဖဲကြဉ်တတ်သည်ဟု၊ ပညာပ်ကိုသိရုံမျှတဲ့၊ ကမ္မသကာဖြင်၊ ရဋ္ဌသာဆရာမြတ်က၊ စာစပ်ကာပါဌ်ပါဠိနှင့်၊ ဟတ္ထိပါဇာတ်တွင်ရေးခဲ့၊ စဉ်ရှေးရယ်နမူနာနှင့်၊ သူငါစုံဘူတာ အရင်းပ၊ မကင်းနိုင်လံကဓောမို့၊ ဥက္ကာပျံဒုက္ခာတရားကံဟောပါငဲ့၊ ဗုဒ္ဓသရဏံ နှုတ်လျှာအမှန်စောကြတော့၊ လောတတ်ဘိခြင်း။

ခက်ဆစ် ပြင်ဆင်ရန်

၁။ ဘွေကာသ = ဘွေအာကာသ၊ ထက်ကောင်းကင်။

၂။ ဓဇ = တံခွန်။

၃။ ဥက္ကာ = ညဉ့်အခါ တနေရာမှတနေရာသို့ ထွန်းလင်းသော မီးလုံးကြီးတခုသည် ပြောင်းရွေ့သွားတတ်သည်၊ ယင်းကိုဥက္ကာပျံသည် (ဝါ) ဥပါပျံသည်ဟု ဆိုသည်။

၄။ တဘောင် = တံဘောင်၊ အသံကိုနားထောင်၍ နိမိတ်ယူခြင်း။

၅။ စနဲ = စံနည်း၊ အဖြစ်အပျက်ကို စုံစမ်း၍ နိမိတ်ယူခြင်း။

၆။ ဘူတာ = ဘူတ၊ အခြေခံအကြောင်းအရင်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။