ဧကာဒသကနိပါတ် - ၄၅၈။ ဥဒယဘဒ္ဒဇာတ်

ပစ္စုပ္ပန်ဝတ္ထု

သာသနာလွန်ပျင်း ရဟန်းဖျင်း

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌၌ သီတင်းသုံးတော်မူစဉ် ကိလေသာ၏ အစွမ်းဖြင့် သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတပါးကိုအကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ကုသဇာတ်၌ ထင်စွာဖြစ်လတံ့။ ]

အတိတ်ဝတ္ထု

သားတော်ဖွားမြင် လွန်ချစ်ခင်

လွန်လေ ပြီးသောအခါ ကာသိတိုင်း သုရုန္ဓနမြို့ဝယ် ကာသိကရာဇ်မင်း မင်း ပြုသည်ရှိသော် ထိုမင်းအား သားသမီး မရှိ၊ မင်းကြီးသည် မိဖုရားတို့အား သားဆုကိုတောင်းစေ၏၊ ဘုရားအလောင်းသည် ဗြဟ္မာပြည်မှ စုတေ၍ မိဖုရားကြီး၏ ဝမ်း၌ ဖြစ်၏၊ ဖွားမြင်သောအခါ သတို့သားကိုလူတို့ စိတ်နှလုံးကို ပွားစေတတ်သောကြောင့် ဥဒယဘဒ္ဒဟူသောအမည်ကိုမှည့်ကုန်၏၊ မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ တပါးသောသတ္တဝါသည် ဗြဟ္မာပြည်မှပင် စုတေ၍ မိဖုရားတယောက်၏ ဝမ်း၌ဖြစ်၏၊ ဖွားမြင်သောအခါ သတို့သမီးကိုလည်း ဥဒယဘဒ္ဒါ ဟူသော အမည်ကိုမှည့်ကုန်၏။

ဥဒယဘဒ္ဒမင်းသားသည် ဖွားမြင်သည်မှစ၍ မြတ်သောအကျင့်နှင့်ပြည့်စုံ၏၊ အရွယ်ရောက်သောအခါ အတတ်

ပညာနှင့် ပြည့်စုံခြင်းသို့ရောက်၏၊ အိမ်မက်ဖြင့်သော်လည်း မေထုန်အကျင့်ကို မသိစဖူး၊ ကိလေသာ ကာမဂုဏ်တို့၌ ကပ်ငြိခြင်းမရှိ၊ အဘမင်းကြီးသည် အဘိသိက်သွန်း၍ မင်းမြှောက်ပြီးလျှင် ကချေသည်မတို့ကို လုပ်ကျွေးစေမည် ဟု သားတော်ထံ အကြောင်းကြား၏၊ မင်းသားလည်း မင်း အဖြစ်ကိုအလိုမရှိ၊ ကိလေသာကာမဂုဏ်တို့၌ မကပ်ငြိ ဟု အဖန်ဖန်ပယ်၏။ မင်းကြီးလည်း အဖန်ဖန် တိုက်တွန်း၏၊ မင်းသားလည်း နားအေးစေတော့ဟုကြံစည်ကာ ဇမ္ဗူရာဇ် ရွှေစင်မိန်းမရုပ်ကို ထုလုပ်၍ ဤအရုပ်နှင့်တူသော မိန်းမ ကိုရလျှင် မင်းပြုမည် ဟု မယ်တော် ခမည်တော်တို့ထံပို့စေ၏။

ထီးနန်းအပ်နှင်း မင်းမြှောက်ခြင်း

မယ်တော် ခမည်းတော်တို့လည်း ထို‌ရွှေစင်ရုပ်နှင့် တူသော မိန်းမကို ရရှိရန် ရွှေစင်ရုပ်ကို ယူဆောင်လျက် ဇမ္ဗူဒိပ် တကျွန်းလုံးနှံ့အောင် ရှာစေသော်လည်း မရကုန်၊ နောက် ဆုံး၌ မကြံတတ်သဖြင့် ဥဒယဘဒ္ဒါမင်းသမီးကို တန်ဆာ ဆင်စေလျက်ရွှေစင်ရုပ်နှင့်ယှဉ်၍ ကြည့်ကုန်၏၊ ဥဒယဘဒ္ဒါ မင်းသမီးသည် ရွှေစင်ရုပ်ထက် သာလွန်နေသည်ကို တွေ့ရကုန်၏၊ ထိုအခါ မယ်တော်ခမည်းတော်တို့သည် နှစ်ယောက်လုံး အလိုမရှိကြကုန်ဘဲလျက် အဘတူ အမိကွဲဖြစ်သော ဥဒယဘဒ္ဒါမင်းသမီးကို မိဖုရားကြီးပြုကာ ဥဒယ ဘဒ္ဒမင်းသားကို အဘိသိက်သွန်း၍ မင်းမြှောက်ကြကုန်၏၊ မင်းမိဖုရားတို့သည် တဦးနှင့်တဦး ကိလေသာကာမဂုဏ်၏ အစွမ်းဖြင့် မရောယှက်ကြဘဲ မြတ်သောအကျင့်ကို ကျင့်၍သာ နေကြကုန်၏၊ အယုတ်အားဖြင့် ကိလေသာ၏အစွမ်းဖြင့် ဣန္ဒြေကိုဖျက်၍ အချင်းချင်း မကြည့်ဘူးကုန်၊ စင်စစ်သော်ကား ငါတို့နှစ်ယောက်တို့တွင် ရှေးဦးစွာ သေလွန်သူက လာ၍ မည်သည့်အရပ်မှာ ဖြစ်သည်ဟု ဖြစ်ရာအရပ်ကို ပြောကြားစတမ်း]ဟု ကတိကဝတ်ကိုပြု၍ထားကုန်၏။

လူ့ဘဝ ရွှေ့ချိန် သိကြားစည်းစိမ်

ဥဒယဘဒ္ဒ မင်းကြီးသည် အဘိသိက် ခံသည်မှ အနှစ်ခုနစ်ရာ လွန်သောအခါ နတ်ရွာစံလေ၏၊ ဥဒယဘဒ္ဒါ မိဖုရားကြီးသည် တိုင်းပြည်ကို အုပ်ချုပ်လျက် မင်းလုပ်လေ၏၊ မင်းကြီးသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်၍ စည်းစိမ် အခြံအရံ များပြားလှသဖြင့် စည်းစိမ်ယစ်ကာ ခုနစ်ရက်ပတ်လုံး သတိမရဘဲ နေ၏၊ လူတို့အရေအတွက်အားဖြင့် အနှစ်ခုနစ်ရာလွန်၍ ဆင်ခြင်လတ်သော် နောက် ဘဝက အဖြစ်အပျက် ကတိကဝတ်ထားခဲ့သည်ကို အမှတ်ရ၍ ဥဒယဘဒ္ဒါမိဖုရားကြီးကို ဥစ္စာဖြင့်ဖြားယောင်းစုံစမ်း ကာတရားဟော၍ ကတိကဝတ်မှ လွတ်စေအံ့ဟု ကြံစည်၏ [ထိုအခါ လူတို့အား အနှစ်တသောင်း အသက်ရှည်သောအခါဖြစ်သတတ်။]

အတိတ်ဆင်ခြင် မိဖုရားမြင်

မိဖုရားကြီးသည် နေ့ညဉ့်အဖို့၌ တံခါးပိတ်ကာ အစောင့်အရှောက် လုံစွာ ထားပြီးသော် ဘုံခုနစ်ဆင့်၌ ရှိသော မြတ်သောကြက်သရေတိုက်ခန်းဝယ် တယောက်ထီးတည်း မတုန်မလှုပ် မိမိသီလကို ဆင်ခြင်လျက်နေ၏၊ ထိုအခါ သိကြားမင်းသည် ရွှေပဲရုပ်ဖြင့် ပြည့်သော ရွှေခွက်ကိုယူ လာပြီးလျှင် အိပ်ရာတိုက်ခန်းသို့ဝင်၍ လျောက်ပတ်သော အရပ်၌နေလျက်-

“စင်ကြယ်သောအဝတ်၌ ကောင်းစွာဝတ်ထားအပ်သော ပေါင်ရှိလျက် မကဲ့ရဲ့အပ်သောကိုယ်ရှိကာ ကိန္နရာ မျက်စိနှင့်တူသော မျက်စိရှိသော မင်း သမီး... ပြာသာဒ်ထက်သို့တက်၍ တယောက်ထီးတည်းနေဘိ၏၊ သင့်ကိုတောင်းပန်ပါ၏၊ ဤတညဉ့် ပတ်လုံး ငါတို့နှစ်ယောက် အတူတကွ နေလိုပါကုန်၏”

ဟု မင်းသမီးအား ရှေးဦးစွာ စကားစပ်၍ ပြောဆိုလေ၏။

ထိုစကားကိုကြားလျှင် မင်းသမီးသည် အလွန်အံ့ဩလျက်—

ဤသုရုန္ဓရမြို့ကြီးကား ကျုံးသုံးတန် ခြံရံဘိ၏၊ မြဲမြံသောပြအိုး, ပစ်စင်, တံခါးမုတ်လည်းရှိ၏၊ သန်လျက်လက်စွဲသော သူရဲကောင်းတို့ စောင့်ရှောက် အပ်သဖြင့် ဝင်နိုင်ခဲ၏။

ငယ်သူ၏၎င်း, သူရဲသူဘက်၏၎င်း လာခြင်းမည် သည်မရှိစဖူး၊ သို့ပါလျက် ဘယ်အကြောင်းကြောင့် ငါနှင့်ပေါင်းဘက် ယှဉ်တွဲ၍ နေလိုဘိသနည်း—

ဟု မေးလေ၏။

ဥစ္စာပေးစွမ်းအကျင့်စမ်း

ထိုအခါ သိကြားမင်းသည် မိဖုရားအား ဥစ္စာဖြင့်ဖြားယောင်းလျက် စုံစမ်းသောအနေဖြင့်-

“ကောင်းသောအဆင်းအင်္ဂါလက္ခဏာနှင့်ပြည့် စုံလိုသော အို-မင်းသမီး... အကျွန်ုပ်ကား နတ်သားတည်း၊ သင်၏အထံသို့လာခဲ့၏၊ သင့်အား ကောင်းခြင်းမင်္ဂလာဖြစ်ပါစေ၊ သင်သည် အကျွန်ုပ်ကို ကြိုက်နှစ်သက်ပါလော၊ ဤသို့ကြိုက်နှစ်သက်သည် ရှိသော် ရွှေပဲရုပ်ပြည့်သောဤရွှေခွက်ကိုပေးပါအံ့”

ဟု ချစ်ကြိုက်စေလိုကြောင်းကို ပြောဆိုလေ၏၊ ထိုအခါ မင်းသမီးသည်–

“အို-တန်ခိုးကြီးသော နတ်မင်း...အကျွန်ုပ်သည် နတ်ကို၎င်း, ဘီလူးကို၎င်း, လူကို၎င်း, ဥဒယ ဘဒ္ဒမင်းကိုကျော်လွန်၍ တပါးသောသူကိုမတောင့် တပါ၊ မြန်မြန်သွားပါ၊ နောက်တဖန် ပြန်မလာ ပါလင့်”

ဟု နှင်ထုတ်လေ၏၊ သိကြားမင်းလည်း မင်းသမီး စကားကိုကြားလျှင် မရပ်မူ၍သွားသကဲ့သို့ ထိုအရပ်မှာပင် ကွယ်ပျောက်လေ၏။

ကာမဂုဏ်အစွမ်း သိကြားစမ်း

နောက်တနေ့ ညဉ့်အခါ၌ ရှေးနည်းတူ ရွှေပဲရုပ်ဖြင့် ပြည့်သော ငွေခွက်ကို ယူဆောင် လာပြီးလျှင် ဖြားယောင်းပြန်လိုသဖြင့်–

အို-နှမ... ကာမဂုဏ်စည်းစိမ်ကို ခံစားကုန်သောသူတို့အား မွေ့လျော်ခြင်းတို့တွင် မေထုန်၌ မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏၊ ထို့ကြောင့် သတ္တဝါတို့သည် မကောင်းမှုဒုစရိုက်ကို ပြုကျင့်ကြကုန်၏၊ နှစ်သက်ဘွယ် ပြုံးရယ်သောမင်းသမီး... ဤမေထုန်၌ မွေ့လျော်ခြင်းကို မပျက်ပါစေလင့်၊ ရွှေပဲရုပ်ပြည့်သော ဤငွေခွက်ကိုပေးပါအံ့” ဟုပြောဆိုပြန်၏။ ထိုအခါ မင်းသမီးသည် ဤသူကား ငါနှင့် စကားပြောရသည်ရှိသော် ... အဖန်ဖန် လာလတံ့၊ ထို့ကြောင့် ယခုအခါ၌ ငါသည် စကားမပြောဘဲနေအံ့ဟု ကြံစည်ကာ တခွန်းတပါဒမျှ စကားမပြောလတ်သော်-သိကြားမင်းသည် ထိုအရပ်မှာပင် ကွယ်ပျောက်ပြန်၏။

လူ့ ဘဝပြစ်ဖော် နတ်ဘဝခေါ်

နောက်တနေ့ ညဉ့်အခါ၌လည်း ရှေးနည်းအတူ အသပြာပြည့်သော ကြေး ခွက်ကိုယူလာပြီးလျှင်

“အို-နှမ သင်သည် ငါ့ကိုမေထုန်ဖြင့် မွေ့လျော်စေခြင်းဖြင့် ရောင့်ရဲစေ လော၊ ဤအသပြာပြည့်သော ကြေးခွက်ကို ပေးပါအံ့”ဟု ခွင့်တောင်းပြန်၏၊ ထိုအခါမင်းသမီးသည်–

“အို-ယောက်ျားမိန်းမကို ဥစ္စာလက်ဆောင်ဖြင့် ဖြားယောင်းသောယောက်ျားမည်သည် အလိုဆန္ဒရှိလာစေရန် ထိုမိန်းမကို ချီးမွမ်းကာများသည်ထက် များသောဥစ္စာဖြင့် လာသင့်၏၊ သင်ကားထို သဘောနှင့်ဆန့်ကျင်ဘိ၏၊ ယခုမျက်မှောက်မှာပင် အလွန်နည်းသောဥစ္စာဖြင့် လာဘိ၏"-

ဟု ပြောဆိုလေ၏၊ မင်းသမီး စကားကိုကြားလျှင် သိကြားမင်းသည်–

“ကောင်းသောကိုယ်ရှိသော အို-မင်းသမီး... လူ့ပြည်၌လူတို့အား အသက်နှင့် အဆင်းသည် တနေ့တခြား ဆုတ်ယုတ်ဘိ၏၊ ထို့ကြောင့်သာလျှင် သင့်အား ဥစ္စာကိုလည်းဆုတ်ယုတ်စေဘိ၏၊ ယနေ့ အလွန်အိုမင်းပြီ”-

“အခြံအရံများသော အို-မင်းသမီး... ဤသို့ ငါမြင်စဉ်လျှင် သင်၏အဆင်းသည် ဆုတ်ယုတ်သည် သာတည်း၊ နေ့ညဉ့်တို့ ကုန်လွန်သည်ရှိသော် ခေါ် ဝေါ်စရာ အကောင်အထည်မရှိသော အဖြစ်သို့ ရောက်လတံ့၊ ကောင်းသော ပညာရှိသောအိုမင်း သမီး... သင်သည် ဤအရွယ်ဖြင့် မြတ်သောအကျင့် ကိုကျင့်လော့၊ လွန်စွာ အဆင်းလည်း ပြည့်စုံရာ၏”-

ဟု မင်းသမီးအား ဥစ္စာတဖြည်းဖြည်း နည်းခြင်းအကြောင်းကို ပြောကြားလေ၏။

ကျင့်တရားစုံစမ်း သိကြားမေးမြန်း

ထိုအခါ မင်းသမီးသည် နတ်ပြည်၌ရှိသော စည်းစိမ်ချမ်းသာကိုသိကြားမင်း အားမေးမြန်းလိုသောကြောင့်–

“အို-တန်ခိုးကြီးသောနတ်မင်း...လူတို့အိုကုန် သကဲ့သို့ နတ်တို့မအိုကုန်ဘူးလော၊ နတ်တို့ကိုယ်၌ အရေမတွန့်လိပ်ကုန်ဘူးလော၊ နတ်တို့ခန္ဓာကိုယ်သည် အဘယ့်ကြောင့် မအိုသနည်း”

ဟု သိကြားမင်းကို မေးပြန်၏၊ ထိုအခါ သိကြားမင်းသည်-

“အို-မင်းသမီး...လူတို့အိုကုန်သကဲ့သို့နတ်တို့ မအိုကုန်၊ လူတို့ကိုယ်၌ အရေ တွန့်လိပ်ကုန်၏၊ နတ်တို့အားကား နေ့တိုင်းနေ့တိုင်း အလွန်အဆင်း လှကုန်၏၊ စည်းစိမ်ဥစ္စာ ပွားများလာကုန်၏”—

ဟု နတ်တို့ဂုဏ်ကျေးဇူးကို ပြောကြားလေ၏၊ ထိုစကားကိုကြားလျှင် မင်းသမီးသည်—

“အို-တန်ခိုးကြီးသောနတ်မင်း...ဤလူ့ပြည်၌ လူပေါင်းများစွာတို့သည် ဘယ်အရာကိုကြောက်၍ နတ်ပြည်သို့မရောက်ကြသနည်း၊ များသောတည်ရာ ရှိ၍ ပညာရှိတို့ဟောကြားအပ်သော နတ်ရွာလမ်း ခရီးသည် အဘယ်မှာနည်း၊ ဘယ်အရပ်၌ တည်သောသူသာလျှင် တမလွန်လောကကို မကြောက်သနည်း”-

ဟု နတ်ပြည်သို့ ရောက်ရာရောက်ကြောင်းလမ်းခရီးကိုမေးမြန်းပြန်၏။

နူးညံ့ သိမ်မွေ့ နတ်အတွေ

ထိုအခါ သိကြားမင်းသည် နတ်ရွာသို့ လားစေတတ်သော အကျင့်တရားတို့ကို ပြောဆိုဆုံးမလို၍–

“အို-နှမ... ကိုယ်, နှုတ်, နှလုံး သုံးပါးတို့ဖြင့် မကောင်းမှုကိုမပြုရာ၊ အိမ်၌နေရသော်လည်း များစွာသော ထမင်းအဖျော်စသည်တို့ကို ပေးလှူရာ၏၊ ယုံကြည်သောစိတ်, နူးညံ့သောစိတ် ရှိသည်ဖြစ်၍ အလှူအဖို့ကို အမျှပေးဝေလျက် အဆုံးအမကို လိုက်နာကာ လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် သင်္ဂြိုဟ်ရာ၏၊ ချစ်ဘွယ်သောစကား ပြေပြစ်နူးညံ့သော စကားကို ပြောဆိုရာ၏၊ ဤဆိုအပ်ပြီးသော ဂုဏ်ကျေးဇူး၌ တည်သောသူသည် တမလွန်လော ကကိုမကြောက်” ဟု ပြောကြားလေ၏၊ ထို့နောက်မင်းသမီးသည်–

“အို-မြတ်သော ကိုယ်ရှိသောနတ်မင်း...သင်သည် အမိအဘကဲ့သို့ အကျွန်ုပ်ကို ဆုံးမပေ၏၊ တင့်တယ်သော အဆင်းရှိသော သင်နတ်မင်းကို မေးလိုပါ၏၊ သင်သည်အဘယ်သူဖြစ်ပါသနည်း” ဟု မေးမြန်းပြန်၏။

ခင်ပွန်းဟောင်းဘဝ သိကြားပြောပြ

ထိုအခါ သိကြားမင်းသည် မိမိဖြစ်ခဲ့သောနောက်ဘဝကို မိဖုရားအားပြောကြားလိုသဖြင့်–

“အိုမင်းသမီး ငါကားလူဖြစ်စဉ်အခါ သင်၏ချစ်လင် ဥဒယဘဒ္ဒမင်းသားဖြစ်၏၊ ဖြစ်ရာအရပ်မှ လာ၍ ပြောကြားစတမ်းဟူသော ကတိကဝတ်ကြောင့် သင့်ထံလာခဲ့၏၊ သင်နှမကို ခေါ်၍ငါသွားမည်၊ သင်၏ကတိကဝတ်မှ လွတ်ပေပြီ”-

ဟု ရှေးအကြောင်းရင်းကို ထုတ်ဘော်ပြောဆိုလေ၏၊

ထိုအခါ မင်းသမီးသည် အလွန်နှစ်သက်ဝမ်းမြောက်သည် ဖြစ်၍–

“အရှင်အရှင်သည် ဥဒယမင်းသားအကယ်၍ဖြစ်ပါအံ့၊ ကတိကဝတ်ကြောင့် ဤအိပ်ရာတိုက်ခန်းသို့ လာသည်ဖြစ်ပါအံ့၊ သင် မင်းသားနှင့် နောက်တဖန်ပြန်၍ လင်မယားအဖြစ် ပေါင်းဖော် ရအောင် အဆုံးအမ ပေးတော်မူပါ”— ဟု ခယတောင်းပန်လေ၏။

ဖြစ်ပျက်သဘော သိကြားဟော

ထိုအခါသိကြားမင်းသည် ကုသိုလ်ကမ္မပထတရားတို့အား နေ့, ညမပြတ်ပွား များရန် တိုက်တွန်းလိုသဖြင့်—

“အို-ဥဒယဘဒ္ဒါ မင်းသမီး... သတ္တဝါတို့ အရွယ်သုံးပါးသည် လျင်မြန်စွာလွန်၏၊ ခဏသုံး ပါးသည် အလွန်လျင်မြန်၏၊ အမြဲတည်ရာအရပ် မရှိ၊ မချွတ်သေရကုန်၏၊ အိုမင်းရကုန်၏၊ ခန္ဓာ ကိုယ်သည်မမြဲ၊ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မ ပထတရား ဆယ်ပါးကိုကျင့်ပါလော့”-

အို-ဥဒယဘဒ္ဒါမင်းသမီး...သူတပါးနှင့်မစပ်သော ဥစ္စာဖြင့်ပြည့်သော ပထဝီမြေပြင်ဝယ် တယောက်တည်း ဧကရာဇ်မင်း ဖြစ်ငြားသော်လည်း တဏှာ၏အလိုသို့ လိုက်သောသူသည် ထိုဧကရာဇ် မင်းအဖြစ်ကိုလည်း စွန့်လွှတ်ရ၏၊ မမေ့မလျော့ ပါလင့်၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို ကျင့် ပါလော့”-

“အို-ဥဒယဘဒ္ဒါ မင်းသမီး...အမိ အဘ ညီအကို သားမယားတို့သည် ဥစ္စာဖြင့် မရောင့်ရဲနိုင်ကုန်၊ အချင်းချင်းလည်းစွန့်ရကုန်၏၊ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မပထတရားဆယ်ပါးကို ကျင့်ပါလော့”-

“အို-ဥဒယဘဒ္ဒါမင်းသမီး... ခန္ဓာကိုယ်သည် တပါးသောသတ္တဝါတို့၏အစာအာဟာရဖြစ်၏ဟူ၍၎င်း, သံသရာဝယ် သုဂတိ, ဒုဂ္ဂတိဘဝတို့၌ နေရ ခြင်းလည်း အနည်းငယ်မျှသော နေခြင်းဟူ၍၎င်း သိမြင်၍ မမေ့မလျော့ပါလင့်၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကိုကျင့်ပါလော့”

ဟု အကြောင်းအကျိုးကိုပြကာ အဆုံးမဩဝါဒပေးလေ၏။

ထီးနန်းစွန့်သော် တရားနှင့်ပျော်

မင်းသမီးလည်း သိကြားမင်း ဟောကြားသောတရားစကားကို ကြားနာရသဖြင့် အလွန်ကြည်ညိုသည်ဖြစ်၍-“အရှင်မင်းသား... သတ္တဝါတို့အသက်သည် နည်းလှ၏၊ ဆင်းလည်းဆင်းရဲ၏၊ တို့လည်းတိုလှ၏။ ထိုအသက်သည်လည်း ဝဋ်ဆင်းရဲနှင့်ယှဉ်၏ဟု နတ်မင်းသည်ပြောဆိုဘိ၏၊ ကောင်းလေစွတကား၊ အကျွန်ုပ်သည်သုရုန္ဓနမြို့ကြီးကို စွန့်ပစ်၍တယောက် ထီးတည်း ရဟန်းပြုပါတော့အံ့”—

ဟု သိကြားမင်းထံ ဝန်ခံလေ၏၊ သိကြားမင်းလည်းအ ဆုံးမဩဝါဒပေးပြီးလျှင် မိမိနေရာတာဝတိံသာနတ်ရွာသို့ သွားလေ၏၊ မင်းသမီးလည်း မိုးသောက်သောအခါ တိုင်းပြည်ကို အမတ်တို့အားအပ်နှင်း၍ ရသေ့ရဟန်းပြုပြီးလျှင် မြို့တွင်းဥယျာဉ်တော်၌ နေလျက် ရဟန်းတရားကိုအားထုတ်၍ သေလွန်သောအခါ သိကြားမင်း၏အလုပ်အကျွေး နတ်မိဖုရား ဖြစ်လေ၏။

ဤဒေသနာတော်ကို ဆောင်၍သစ္စာကို ပြသည်၏အဆုံး၌ သာသနာတော်၌ ငြီးငွေ့ပျင်းရိ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့...

*ထိုအခါ ဥဒယဘဒ္ဒါမင်းသမီးသည်-ယခုအခါ ရာဟုလာမယ်တော်။

*သိကြားမင်းသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) ဗြဟ္မာထက်ဖျား၊ ကူးပြောင်းငြား၊ နည်းပါးကိလေသာ။

(၂) ဥဒယမောင်မယ်၊ နန်းရိဝလယ်၊ စင်ကြယ်တရားရှင်။

(၃) တဏှာကိလေ၊ ဆားငန်ရေ၊ သောက်လေငတ်သည်သာ။

ဥဒယဘဒ္ဒဇာတ်ပြီး၏။

***

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ