(၅)သုတ် ရှိပါသည်။

[၁] အရှင်အာနန္ဒာထေရ်နှင့် အရှင်ဥဒါယီထေရ်တို့ ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်ဥဒါယီ၏ “ဤကာယကို ဘုရားရှင်က နည်းအမျိုးမျိုးဖြင့် အနတ္တ-ဟု ဟောတော်မူသကဲ့သို့ ဝိညာဏ်ကိုလည်း အနတ္တ-ဟု ဟောကြားရန် သင့်/မသင့် မေးလျှောက်ထားချက်အရ -ဝိညာဏ်ကိုလည်း အနတ္တ-ဟု ဟောဆိုသင့်ပုံကို အကျယ်တဝင့် ရှင်းလင်းဟောကြား၍ ငှက်ပျောတုံး၌ အနှစ်ရှာပုံဥပမာဖြင့် မိန့်ကြားပြီး ဖဿာယတန ၆-ပါးတို့၌ ငါ (အတ္တ)မဟုတ်, ငါ့ဟာ (အတ္တနိယ)မဟုတ်ဟု ရှုမြင်သောပုဂ္ဂိုလ်သည် အာသဝေါကင်းကွာ ရဟန္တာ ဖြစ်နိုင်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဤသုတ်၌ အနိစ္စလက္ခဏာဖြင့် အနတ္တလက္ခဏာကို ဟောတော်မူကြောင်း ဖွင့်ဆိုထားပါသည်။


[၂] ဘုရားရှင် သမ္ဘဇနပုဒ် သေတကနိဂုံး၌ သီတင်းသုံးနေတော်မူစဉ် အရှင်ဥဒါယီ က “ဘုရားရှင်အပေါ်၌ ချစ်ခင်ခြင်း, ရိုသေခြင်း, ရှက်ခြင်း ကြောက်ခြင်း၏ ကျေးဇူး များလှပုံ၊ မိမိအား ဘုရားရှင်က ဥပါဒါနက္ခန္ဓာငါးပါး, ယင်းတို့၏ ဖြစ်ကြောင်း ချုပ်ရာတရားတော်ကို တစ်ခုစီ တစ်ခုစီ ဟောတော်မူပုံ၊ မိမိသည် ယင်းဥပါဒါနက္ခန္ဓာတို့၏ ဖြစ်ဟန် ပျက်ပုံကို အပြန်ပြန် အလှန်လှန် ဆင်ခြင်သုံးသပ်သည်ရှိသော် သစ္စာလေးပါးကို သိခဲ့ရပုံ, ရဟန္တာပုဂ္ဂိုလ်၏အဖြစ်ကို သိနိုင်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ, သတိ သမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများပုံ-အစရှိသည်တို့ကို လျှောက်ထားပါသည်။

ဘုရားရှင်က သာဓုခေါ်တော်မူပြီး “သင်သည် ပွားများအပ်သောမဂ်ကို ရပြီးပုံ၊ အရဟတ္တဖိုလ်ကို သိမြင်နိုင်သော ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံ၊ အရဟတ္တဖိုလ်သို့ ရောက်နိုင် ပုံတို့ကို ဟောတော်မူသည့်သုတ်။


[၃] ဥဒါယီဗြာဟ္မဏကြီး၏ ဘုရားရှင်အား “အရှင်ဂေါတမသည် ယာဇ်ပူဇော်ခြင်းကို ချီးမွမ်းပါသလော”ဟု လျှောက်ထားသည်ကို အကြောင်းပြု၍ ဘုရားရှင် ချီးမွမ်းတော်မူအပ်သော ယာဇ်ပူဇော်ခြင်း, ချီးမွမ်းတော်မမူအပ်သော ယာဇ်ပူဇော်ခြင်းတို့ကို ခွဲခြား၍ ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ တရားဟောမည့်ပုဂ္ဂိုလ်များ တရားငါးမျိုးတို့ကို မိမိသန္တာန်၌ဖြစ်စေပြီးမှ တရားဟောသင့်ပုံကို မိန့်ကြားတော်မူသည့်သုတ်။


[၅] ဘုရားရှင်က “အနုဿတိဌာန အဘယ်မျှရှိသနည်း”ဟု အရှင်ဥဒါယီအား မေးတော်မူရာ မှန်ကန်စွာ မဖြေဆိုနိုင်သဖြင့် အရှင်အာနန္ဒာအား မေးတော်မူရာ အရှင်အာနန္ဒာက-(၁)မျက်မှောက်ဘဝ၌ ချမ်းသာစွာနေနိုင်သော အနုဿတိဌာန၊ (၂)သိမြင်တတ်သောဝိပဿနာဉာဏ်အမြင်ကို ရနိုင်သော အနုဿတိဌာန၊ (၃)ကာမရာဂကို ပယ်နိုင်သော အနုဿတိဌာန၊ (၄)ငါ-ဟူသော မာန်မာနကို ပယ်နိုင်သော အနုဿတိဌာန၊ (၅)များစွာသောဓာတ်တို့ကို ထိုးထွင်း၍ သိနိုင်သော အနုဿတိဌာနဟု အနုဿတိ (၅)မျိုးရှိကြောင်း လျှောက်ထားပါသည်။ ဘုရားရှင်က သတိသမ္ပဇဉ် ဖြစ်နိုင်သော အနုဿတိဌာနကိုလည်း မှတ်သားဦးဟု ဟောတော်မူသည့်သုတ်။ [၆]


ဥဒါယီသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူကြောင်း၊ သူတစ်ပါးတို့အား တရားဟောမည့်သူ၏ မိမိသန္တာန်၌ ဖြစ်စေရမည့် တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၇]

ဥဒါယီသုတ် ပြင်ဆင်ရန်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရသည်’

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ အသျှင်ဥဒါယီသည် လူပရိသတ် များစွာခြံရံ၍ တရားဟောလျက် နေ၏၊ အသျှင် အာနန္ဒာသည်လူပရိသတ် များစွာခြံရံ၍ တရားဟောနေသော အသျှင်ဥဒါယီကို မြင်သဖြင့် မြတ်စွာဘုရား ထံသို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရားအသျှင်ဥဒါယီသည် လူပရိသတ် များစွာခြံရံလျက် တရားဟောနေပါ၏”ဟု လျှောက်၏။

အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ၊ အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည် တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ’

  • “အစဉ်အတိုင်းဖြစ်သော တရားစကား ‘အနုပုဗ္ဗိကထာ’ ကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။[၇]
  • “(အကျိုးအားလျော်သော) အကြောင်းကို ပြလျက် တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။[၇]
  • “အစဉ်သနားခြင်းကို အစွဲပြု၍ တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့ အားတရားဟောရမည်။[၇]
  • “အာမိသကို မငဲ့ကွက်သော စိတ်ရှိသည်ဖြစ်၍ တရားစကားကို ဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။[၇]
  • “မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမပုတ်ခတ်မူ၍ တရားစကားကိုဟောမည်”ဟု (နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။[၇]

အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ၊ အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည် ဤ တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည်ဟု (မိန့်တော်မူ၏)။[၇]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၃၇၅-၇။ သံ၊မြန်၊၂၊၃၇၂-၃။ သံ၊ဋ္ဌ၊၃၊၅၀။ သံ၊ဋီ၊၂၊၃၂၂။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၈)၃-သမုဒ္ဒဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၃၊၇၉-၈၀။ သံ၊မြန်၊၃၊၈၄-၅။ သံ၊ဋ္ဌ၊၃၊၁၈၇-၈။ သံ၊ဋီ၊၂၊၄၂၇။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၃-ဥဒါယိဝဂ္ဂ၊ ဒသမသုတ်။
  3. -အံ၊၁၊၃၅၂-၃။ အံ၊မြန်၊၁၊၃၆၆-၇။ အံ၊ဋ္ဌ၊၂၊၃၀၂-၃။ အံ၊ဋီ၊၂၊၂၉၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-စက္ကဝဂ္ဂ၊ ဒသမသုတ်။
  4. -အံ၊၂၊၁၆၂။ အံ၊မြန်၊၂၊၂၀၇-၈။ အံ၊ဋ္ဌ၊၃၊၅၅။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၆)၁-သဒ္ဓမ္မဝဂ္ဂ၊ နဝမသုတ်။
  5. -အံ၊၂၊၂၈၄။ အံ၊မြန်၊၂၊၃၆၅-၈။ အံ၊ဋ္ဌ၊၃၊၁၀၂-၄။ အံ၊ဋီ၊၃၊၁၀၃-၄။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-အနုတ္တရိယဝဂ္ဂ၊ နဝမသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ ၇.၆ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၄-စတုတ္ထပဏ္ဏာသက (စတုတ္ထသုတ်ငါးဆယ်)၊ (၁၆) ၁- သဒ္ဓမ္မဝဂ် ၉ - ဥဒါယီသုတ်