ဥပကထေရ် ပြင်ဆင်ရန်

ဥပကထေရ်သည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် ထင်ရှားသော မထေရ်တပါး ဖြစ်သည်။ ဥပကထေရ်သည် မြတ်စွာဘုရားနှင့် ရှေးဦးစွာ တွေ့ရပါလျက် တရားဦးကို မနာရပဲရှိရသည်။

မြတ်စွာဘုရားသခင်သည် တရားဦးဟောရန်အတွက် ပဉ္စဝဂ္ဂီငါးဦးရှိရာ ဗာရာဏသီပြည်အနီးမှ မိဂဒါဝုန်သို့ ကြွတော်မူလတ်သော် မဟာဗောဓိနှင့် ဂယာသီသအကြား၌ ဥပကမည်သော တက္ကတွန်းကို တွေ့၏။ ထိုတက္ကတွန်းက ငါ့ရှင်၊ သင်၏ဣန္ဒြေတို့သည် နှစ်လိုကြည်ညိုဖွယ် ရှိပေ၏။ သန့်ရှင်းစင်ကြယ် သပ္ပါယ် ပြည့်ဖြိုးလျက် ပြိုးပြိုးပြက်မျှ ထွက်ထွန်းသော အရောင်လည်း ရှိပေ၏။ အဘယ်သူကို ရည်မှန်းလျက် ရဟန်း ပြုဘိသနည်း။ သင့်ဆရာကား အဘယ်သူနည်း။ သင်ကား အဘယ် အမည်ရှိသနည်းဟု မေး၏။ မြတ်စွာ ဘုရားလည်း ချစ်သား ဥပက၊ ငါကား ကိလေသာရန်သင်းကို နှိမ်နင်းဖျက်ဆီး၍ တည်သဖြင့် အလုံးစုံ ဘုံ သုံးပါးလုံး၌ဖြစ်သော တရားအပေါင်းကို သိတော်မူ၍ တေဘူမက ဓမ္မခပ်သိမ်းတို့၌ လိမ်းကျံကပ်ငြိခြင်းမှ ကင်း တော်မူ၏။ အလုံးစုံသော အကုသိုလ်တရားကို ပယ်ရှားစွန့်ခွာ၍ တဏှာ၏ကုန်ရာ နိဗ္ဗုတာအောင်ဘုံကို အာရုံပြုဘိသဖြင့် ကိလေသာအပေါင်းတို့မှ လွတ်၏။ ချစ်သား ဥပက၊ စတုဘူမက ဓမ္မအလုံးစုံကို အလိုလို သာ ငါသိတော်မူရကား လောကသုံးပါး၌ ထင်ရှားပြစရာ ငါ့ဆရာသည် အဘယ်မှာ ရှိတော့အံ့နည်း။ ငါ့အမည်ကား ငါးပါးသောမာရ်ကို ပယ်လှန် အောင်ဘိ၍ အနန္တဇိန မည်သတည်းဟု မိန့်တော်မူသည်။ ထိုအခါ ဥပက ကအရှင်ဂေါတမ၊ ဟုတ်ပေရာ၏။ သို့ရာ တွင် သင်ကား ယခု အဘယ်သို့ ကြွအံ့နည်း ဟု မေးပြန်၏။ ချစ်သား ဥပက၊ သမုဒ္ဒရာ ဂင်္ဂါသဲလုံးမျှ ပွင့်ကုန်ကြသော ဗုဒ္ဓ တို့ ဓမ္မတာ ဓမ္မစကြာ ဟူ သော တရားစည်ကြီးကို တီးတော်မူ ခြင်းငှာ ဗာရာဏသီပြည်၏အနီး မိဂဒါဝုန်တောကြီးသို့ ငါကြွ တော်မူအံ့ ဟု မိန့်တော်မူပြီးလျှင် ငါ့ရှင် ဟုတ်ပေရာ၏ ဟူသောစကားကို ဆိုလျှက် ခေါင်းညိတ်ပြီးသော် ခရီးလွဲ၍ ဝင်္ဂ မည်သော ဇနပုဒ်သို့ သွားလေသည်။

ဥပကသည် ဝင်္ဂဇနပုဒ်၌ ထိုရွာတွင် အကြီးဆုံးဖြစ်သော မုဆိုးကြီး စဏ္ဍာမိ၏ ကိုးကွယ်လုပ်ကျွေးခြင်းကို ခံလျက် နေထိုင်၏။ တစ်နေ့သောအခါ မုဆိုးကြီး စဏ္ဍာမိသည် တောလိုက်သွားရာ သမီးဆာဝါအား ရဟန်းကြီးကို လုပ် ကျွေးပြုစုရန် မှာကြားထားခဲ့သည်။ ဆာဝါလည်း ရဟန်းကြီး အား ဆွမ်းလုပ်ကျွေးသည်။ ရဟန်းကြီးဥပကသည် ဆာဝါ၏ ရူပါရုံကြောင့် ချစ်ခင်တပ်မက်ခြင်းဖြစ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းမစားနိုင်၊ မကျိန်း စက်နိုင်ပဲ စိတ်ဒုက္ခ ရောက်ရသည်။ မုဆိုးကြီး တောမှ ပြန်လာသောအခါ ရဟန်းကြီး၏ အဖြစ်ကို သိရ၍ မေးမြန်းပြီးသော် သမီးဆာဝါနှင့် လက်ထပ် ပေးမည်ဟု ကတိပြုသည်။ ဥပကသည် လူထွက်၍ လက်ထပ် ပြီးနောက် မုဆိုးကြီးထံတွင် သားငှက်တို့ကို ထမ်းပိုးရောင်းချ ခြင်းဖြင့် နေထိုင်သည်။

ကာလကြာသော် သုဘဒ္ဒမည်သော သားငယ်တစ်ယောက် ဖွားမြင်သည်။ ကလေးငယ် ငိုယိုသောအခါ မိခင် ဆာဝါက ရဟန်းလူထွက် မုဆိုးနောက်လိုက် လူငမိုက်၏သား မငိုနှင့် ဟု ငေါက်ငန်းလေ့ပြုသည်။ ထိုအခါ ဥပက ကြားသဖြင့် ဇနီး ဖြစ်သူအား ငါ့ကို ကိုးကွယ်ရာ မရှိဟု သင်မမှတ်လေနှင့်၊ ငါ့တွင် အနန္တဇိန မည်သော မိတ်ဆွေရှိသည်ဟု ပြန်ပြော လေ့ရှိသည်။

ဆာဝါသည် ထိုသို့ ငေါက်ငန်းဖန်များလတ်သော် ဥပကသည် နားငြီးရှက်ရွံ့၍ အိမ်မှထွက်ခွာလျက် ဘုရား ရှိရာ မဇ္ဈိမဒေသသို့ ရှေးရှု သွားလေသည်။ သာဝတ္ထိပြည် ဇေတဝန် ကျောင်းသို့ရောက်လျှင် ငါ့ရှင်တို့ အနန္တဇိနသည် အဘယ်မှာ ရှိသနည်းဟု မေး၏။ ရဟန်းတို့သည် မြတ်စွာဘုရားက အနန္တဇိနအမည်ဖြင့် မေးလာသူကို ခေါ်ဆောင်ခဲ့ရန် ဦးစွာကပင် မှာကြားထားသည့်အတိုင်း မြတ်စွာဘုရားအထံတော်သို့ ခေါ် ဆောင်သွားသည်။

ဥပကသည် မြတ်စွာဘုရားကို ဖူးတွေ့ရ၍ တရားရကာ ရဟန်းပြုလေသည်။ ရဟန်းဖြစ်ပြီးသော် မြတ်စွာဘုရား ဟော ကြားတော်မူသော ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်သည်။ ဥပကသည် အနာဂါမိဖိုလ်၌ တည်ပြီးနောက် အသက်အတိုင်း နေ၍ စုတေသော် အဝိဟာဗြဟ္မာဘုံ၌ ပဋိသန္ဓေနေသည်။ ထိုဘုံ ၌ဖြစ်သော ခဏ၌ပင် အရဟတ္တဖိုလ်သို့ ရောက်လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)