ဥယျာဉ်စိုက်ပျိုးရေး

A gardener maintaining topiary in Tulcán, Ecuador

ကိုယ်စိတ်ကျန်းမာခြိုးခြံချွေတာနိုင်ရန် ရှေးအထက်ကျော်ကာရီကပင် အီဂျစ်လူမျိုး၊ ပါးရှင်းလူမျိုး၊ အဆီးရီးယန်းလူမျိုးအစရှိသည့်လူမျိုးတို့နှင့် ဘုန်းကြီးရဟန်းများ၊ ရှင်ဘုရင်အဆက်ဆက်နှင့် မင်းညီမင်းသားများသည် ဥယျာဉ်စိုက်ပျိုးရေးကို လုပ်ကိုင်လာကြရာမှ ယခုအခါ သူသူငါငါ လုပ်ကိုင်ခေတ်စားလာကြသည်။ သဘာဝပညာရပ်များနှင့် စပ်ဆိုင်သော ကမ္ဘာ့ခြင်းရာ အကြောင်းစာများကို လက်တွေ့သဘော လေ့လာသင်ကြားရန်အတွက် စာသင်ကျောင်းများတွင် ကျောင်းသားများကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် ကျောင်းဥယျာဉ်ကြီးများ နိုင်ငံတိုင်းလိုလို၌ တွေ့မြင်နိုင်လေသည်။

An organic garden on a school campus

ဥယျာဉ်စိုက်ပျိုးရေးဆိုရာ၌ ဟင်းသီးဟင်းရွက်နှင့် သစ်ပင်ပန်းမာလ်များ စိုက်ပျိုးထားသည့် ဥယျာဉ်ငယ်ကလေးများမှအစ တောပုံတောင်ပုံကို စနစ်တကျ ခွဲခန့်ဝေဖန်တတ်သူ ဗိသုကာဆရာကြီးများ ညွှန်ကြားစီမံထား သည့် ဥယျာဉ်ကြီးခြံကြီးတို့ကိုပါ ဆိုလိုသည်။ ရှေးအထက်ကျော် ကာရီကပင် အီဂျစ်လူမျိုး၊ ပါးရှင်းလူမျိုး၊ အဆီးရီးယန်း လူမျိုး အစရှိသည့်လူမျိုးများနှင့် ဘုန်းကြီးရဟန်းများ၊ ရှင်ဘုရင် အဆက်ဆက်နှင့် မင်းညီမင်းသားတို့သည် ဥယျာဉ်စိုက်ပျိုးရေးကို လုပ်ကိုင်လာကြရာမှ ထိုလုပ်ငန်းသည် တဖြည်းဖြည်းခေတ်စားလာခဲ့ရာ ယနေ့တွင် နေအိမ်များဆောက်လုပ်ထားသည့် မြေကွက်၌ ရနိုင်သမျှမြေအား မြေလပ်ကလေးတွင် ဟင်းသီးဟင်းရွက်ပင်များ၊ ပန်းပင်များ၊ သစ်သီးပင်များကို စိုက်ပျိုးထား တတ်ကြလေသည်။ ယင်းကဲ့သို့ မိမိတို့ကိုယ်ပိုင် ဥယျာဉ်များ ပြုစုပျိုးထောင်ခြင်းအားဖြင့် အဖိုးမဖြတ်နိုင်သော အကျိုးထူးများ ကို ခံစားရသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ထိုအကျိုးထူးများကား ကိုယ်ခန္ဓာကျန်းမာခြင်း၊ စိတ်ကြည်နူးပျော်ရွှင်ခြင်းနှင့် ချွေတာခြိုးခြံခြင်း၊ ဝီရိယရှိခြင်း၊ အလေ့အထ ဇွဲသတ္တိရှိခြင်း အစရှိသည်တို့ဖြစ်ချေသည်။

အသက်အရွယ် ကြီးရင့်သူတို့သာလျှင် ဥယျာဉ်စိုက်ပျိုးရေးကို လိုက်စားဆောင်ရွက်သင့်သည်ဟု အယူသည်းလျှင် ထိုအယူအဆမှာ ခေတ်မမီဟု ဆိုရပေမည်။ အကြောင်းဆိုသော် ယခုခေတ်စာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် ကျောင်းဥယျာဉ်ကြီးများကို တိုင်းပြည်တိုင်း၌လိုလိုပင် တွေ့မြင်နိုင်လေသည်။ ဆိုင်ရာအစိုးရတို့ကလည်း လိုအပ်သောအကူအညီများကို ပေးလျက်ရှိသည်။ သဘာဝပညာရပ်များနှင့် စပ်ဆိုင်သော ကမ္ဘာ့ခြင်းရာ အကြောင်းစာများကို စာသင်ခန်းတွင်သင်ကြားရုံမျှနှင့် ငယ်ရွယ်သူကျောင်းသားတို့မှာ စိတ်ပါဝင်စား မှတ်သားထားနိုင်ကြမည် မဟုတ်ချေ။ လက်တွေ့သင်ကြားနည်းဖြစ်သော မိမိတို့ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် သစ်ပင်၊ ပန်းပင်ကလေးများ အဆင့်ဆင့်ပြောင်းလဲလာပုံကို မျက်စိနှင့်တပ်အပ်သေချာစွာ မြင်ရ၊ သိရသည့်အခါ၌မူ ကျောင်းသားသူငယ်တို့သည် ပိုမို၍စိတ်ဝင်စားလာသည့်အလျောက် စွဲစွဲမြဲမြဲ မှတ်သားထားနိုင်ကြပေမည်။ ကျောင်းသားတစ်ဦးတစ်ယောက်ကို တာဝန်ပေး၍ အပင်တစ်ပင်ကို စိုက်ပျိုးပြုစုစေလျှင် ထိုကျောင်းသားသည် သူစိုက်ပျိုးရမည့် မြေကို ပြုပြင်သည်မှစ၍ အမြဲဂရုစိုက်လျက် တာဝန်ကျေစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ မိမိစိုက်ပျိုး ပြုစုထားသည့် အပင်မှာလည်း အခြားသူများထက် မသာသာရလေအောင် ကြိုတင် စိတ်ကူးဉာဏ်ထုတ်ရခြင်း၊ မိမိကိုယ်ကိုမိမိ အားကိုးတတ်လာခြင်း၊ အခက်အခဲများနှင့် ရင်ဆိုင်တွေ့ရသည့် အခါများတွင် ပင်ကိုယ်ဉာဏ်ဖြင့် ထိုအခက်အခဲများကို ကျော်လွန်နိုင်အောင် စွမ်းဆောင်ခြင်း အစရှိသည့် အဖိုးတန်သတ္တိထူးများကို ကျောင်းဥယျာဉ်များ၌ လေ့လာဆည်းပူးရင်း ရနိုင်လေသည်။ ထို့ပြင် ကျောင်းသားသူငယ်တို့သည် သစ်ပင်ပန်းမန်များ စိုက်ပျိုးပြုစု ရာ၌သုံးစွဲရသော ပေါက်ပြား၊ တူးရွင်း၊ ထွန်ခြစ် စသည့်ကိရိယာများကို ကိုင်တွယ်အသုံးချခြင်း အလေ့အထများလည်း ဆည်းပူးခွင့် ရနိုင်ပေသည်။

A gardener at work, 1607

ကလေးသူငယ်များကိုမဆိုထားဘိ၊ လူကြီးများပင်လျှင် မိမိတို့နေအိမ်ခြံအတွင်း၌ ကိုယ်တိုင်ပြုစု ပျိုးထောင်ထားသည့် ဥယျာဉ်မှထွက်သော ဟင်းသီးဟင်းရွက် သစ်သီးပန်းပွင့်များကို ဂုဏ်ယူ၍ ပြသလေ့ရှိကြ၏။ အခြားသူတို့အား မြည်းစမ်းစေတတ်ကြ၏။ ကိုယ့်ခြံကိုယ့်ဥယျာဉ်မှထွက်သော ဟင်းသီးဟင်းရွက်၊ သစ်သီးစသည်တို့မှာ ဈေးမှဝယ်ယူရသည့် အသီးအရွက်တို့ထက် အရသာပိုရှိသယောင်ယောင်၊ ပန်းပွင့်များမှာလည်း ပို ၍အဆင်းလှသယောင်ယောင် တွေးထင်တတ်ကြလေသည်။ စင်စစ် ဈေးမှဝယ်ယူရရှိသော အသီးအရွက် အပွင့်တို့ထက် ကိုယ်တိုင်စိုက်ပျိုးပြုစုထားသော ခြံဥယျာဉ်မှထွက်သော အသီးအရွက် အပွင့်တို့မှာ ပို၍လတ်ဆတ်စိမ်းစိုသဖြင့် အရသာ ပိုထူးမည်မှာမှန်သည်ဟုဆိုလျှင် ဆိုသင့်လေသည်။ ပန်းပွင့်တို့မှာလည်း နဂိုအဆင်း ပျက်ပြယ်ခြင်းမရှိသေးသဖြင့် အရောင်အသွေး ပို၍စိုပြေလျက်ရှိမည်ဖြစ်သည်။ သို့ရာတွင် ကိုယ်တိုင်ကိုယ်ကျ မြေကို ပြုပြင်၍ စိုက်ပျိုးထားသော အပင်များမှရသော အသီး၊ အရွက်၊ အပွင့်တို့၏ အရသာထူးကဲခြင်း၊ အဆင်းပိုလှခြင်းတို့ထက် ထိုသစ်ပင်၊ ပန်းပင်ကလေးများ တစ်နေ့တစ်ခြား ရှင်သန်ဖြစ်ထွန်း လာခြင်းကို မြင်ရသဖြင့် ရရှိမည်ဖြစ်သော စိတ်၏ကျေနပ်မှုမှာ အဖိုးဖြတ်နိုင်ကောင်းစရာ မရှိသော ခံစားရသည့် အကျိုးထူး ကြီးတစ်ရပ်ပင် ဖြစ်တော့သည်။

A cottage garden in Brittany

လူတို့နေ့စဉ်စားသုံးကြသော အစားအစာတွင် ဂျုံ၊ ဆန် တို့နှင့်ဖက်၍ ဟင်းလျာအမျိုးမျိုးကိုလည်း စီမံချက်ပြုတ် စားသောက်လေ့ရှိကြသည်။ ဟင်းလျာအလို့ငှာ အမဲသားငါးများကို သာလျှင် နေ့စဉ်ရက်ဆက် အသုံးပြုနေမည်ဆိုက မကြာမီ ငြီးငွေ့လာဖွယ်ရာရှိသည့်အပြင် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကိုပင် ထိခိုက်လာနိုင်ပေမည်။ ထို့ကြောင့် အာဟာရဓာတ် ညီညွတ် မျှတမှုကိုရရှိစေနိုင်ရန် လူတို့သည် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်တို့ကို အစိမ်းလိုက်ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသောက်ကြရသည်။ ထို့ကြောင့် ခြံဥယျာဉ်စိုက်ပျိုးပြုစုခြင်းသည် စိတ်သာယာကြည်နူးမှုကို ဖြစ်စေသည်သာမက လတ်ဆတ် စိမ်းလန်းသော အသီး၊ အရွက်၊ အပွင့် စသည်တို့ကို အလွယ်တကူ ဆွတ်ခူးသုံးစွဲနိုင်သဖြင့် လူတို့၏ အကြီးဆုံးဆုလာဘ်ကြီး ဟု ဆိုရသော ကိုယ်ခန္ဓာကျန်းမာမှုကိုလည်း ဖြစ်စေနိုင်သည်။ ဥယျာဉ်စိုက်ပျိုးရေးတွင် သိသင့်သိထိုက်သော အခြေခံ အချက်အလက်တို့ကို လေ့လာဆည်းပူးရပေမည်။ သို့မှသာလျှင် အိမ်ထောင်သုံးအတွက်ဖြစ်စေ၊ စီးပွားရေးအတွက်ဖြစ်စေ အပင်များကို စိုက်ပျိုးလုပ်ကိုင်ရာ၌ အကျိုးဖြစ်ထွန်းလာနိုင်ဖွယ်ရှိလေသည်။ အပင်တို့သည် နေ၏အလင်းကိုရမှ ကြီးပွားနိုင်၏။ လောင်းရိပ်မိနေသည့် အပင်များသည် ကြီးထွားသန်စွမ်းသင့်သလောက် မကြီးထွားပဲ ကြုံလှီသေးသိမ်နေတတ်၏။ထို့ကြောင့် ဥယျာဉ်ပြုလုပ်မည့် မြေကွက်ကိုရွေးချယ်သည့်အခါ အပင်များ နေရောင်ကို ကောင်းစွာရနိုင်၍ လောင်းရိပ်လွတ်သည့်နေရာကိုသာ ရွေးချယ်ရပေမည်။ မြေဆီလွှာသည် ဥယျာဉ်တို့၏ အခြေခံ အုတ်မြစ်ဖြစ်ရာ အပင်များစိုက်ပျိုးမည် မြေ၏အခြေအနေကို လက်ဦးသိထားနှင့်ရပေမည်။ အပင်များစိုက်ပျိုးရန် မြေကိုပြုပြင်ရာတွင် အလွယ်၊ အခက်ကိုလိုက်၍ မြေဆီလွှာနှစ်မျိုးရှိသည်ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။ သဲမြေဆန်သောမြေမှာ မြေပွဖြစ်၍ တူးဆွရလွယ်ကူသည်။ ရွှံ့စေးမြေ၊ သို့မဟုတ် စနယ်မြေမှာ သေးငယ်နူးညံ့သော မြေဆီမြေမှုန့်များ စေးကပ်လျှက်ရှိ သည့်အပြင် အစိုဓာတ်များသဖြင့် တူးဆွပြုပြင်ရခက်သည်။ သို့ရာတွင် ရွှံ့စေးမြေတွင် သဲ၊ ထုံးမှုန့်နှင့် မြေဆွေးစသည်တို့ ရောစပ်ပေးခြင်းအားဖြင့် အပင်များစိုက်ပျိုးရန် သင့်တော်သော မြေဆီလွှာမျိုး ဖြစ်လာနိုင်သည်။

Sheffield Park Garden, a landscape garden originally laid out in the 18th century by Capability Brown

မြေဆီလွှာကောင်းဟု ဆိုနိုင်ရအောင် မြေဆီလွှာတွင် ရေသာမဟုတ်၊ လေလည်းရှိရသည်။ အဘယ်ကြောင့်ဆိုသော် အပင်များသည်အောက်စီဂျင်ကို တိရစ္ဆာန်များလိုသကဲ့သို့ပင် လို ကြသောကြောင့်ဖြစ်သည်။

အရွက်အပွင့်များ အောက်စီဂျင်ကို လိုသလောက် မြေဆီလွှာထဲရှိ အမြစ်များသည်လည်း ထိုဓာတ်ကိုလိုကြသည်။ ယင်းသို့ အပင်များ ကြီးပွားဖြစ်ထွန်းရန် မြေဆီလွှာတွင် ရေနှင့်လေကို လိုသဖြင့် ဥယျာဉ်စိုက်ပျိုးမည့် မြေကို အနက်နှစ်ပေ၊ သုံးပေအထိ မြေမှုန့်ဖြစ်လာအောင် တူးဆွပြုပြင်ပေးရမည်။ သို့မှသာ ရေနှင့်လေတို့သည် မြေတွင်းရှိအမြစ်များသို့ အလွယ်တကူရောက်နိုင်ပေမည်။ ထို့ပြင် သေးငယ်နုနယ်သော အပင်တို့၏ အမြစ်များသည် မြေအောက်သို့ လွယ်ကူစွာထိုးဖောက် သွားရောက်နိုင်ကြမည်ဖြစ်၏။

အနောက်နိုင်ငံများတွင် ဆောင်းကူးရာသီနှင့် နွေကူးရာသီများ၌ စိုက်ခင်းမြေကို ပြုပြင်ရန် အချိန်ကောင်း ဖြစ်လေသည်။ မြန်မာနိုင်ငံ၌မူ ဆောင်းဥတုနှောင်းပိုင်းနှင့် နွေဦးပေါက် အချိန်များတွင် ဥယျာဉ်၏ စိုက်ခင်းမြေကို ပြုပြင်ရန် အချိန်ကောင်းများဖြစ်သည်။ မြေဆီလွှာကို တူးဆွပြုပြင်ပေးသဖြင့်မွလာသောအခါ ထွန်ခြစ်နှင့် စိုက်ခင်းကို ညီညာလာအောင် ဆွဲခြစ်၍ မြေညှိပေးရမည်။ စိုက်ခင်းကို ကျနစွာပြုပြင်ပေးခြင်းသည် ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းတွင် အလွန်အရေးကြီးသဖြင့် မြေဆီလွှာကို စနစ်တကျ ပြင်ဆင်ပြီးမှသာလျှင် စိုက်လိုရာ မျိုးစေ့များကို ကြဲပက်စိုက်ပျိုးရလေသည်။

မြေဆီလွှာတွင် အပင်များကြီးပွားဖြစ်ထွန်းစေရန် နိုက်ထရိုဂျင်၊ ဖော့စပရပ်နှင့် ပိုတက်ဆီယမ် ဓာတ်များလိုပေသည်။ ထိုအရေးကြီးလိုအပ်သော ဒြပ်စင်သုံးမျိုးအနက် တစ်မျိုးမျိုးချို့တဲ့နေလျှင် စိုက်ပျိုးထားသည့် အပင်များသည် ကြီးထွားသင့်သလောက်မကြီးထွားဘဲ သေးသိမ်ကြုံလှီ၍နေပေမည်။ထို့ကြောင့် အပင်တို့၏အစာဖြစ်သော ထိုဓာတ်များကို လိုလျှင်လိုသလို မြေဆီလွှာတွင်ဖြည့်စွက်ပေးရသည်။ မြေဩဇာ ကောင်းမွန်ထက်သန်လာစေရန် ကျွဲနွားတိရစ္ဆာန်တို့မှ စွန့်ပစ်လိုက်သော ကျင်ကြီး၊ ကျင်ငယ်များ၊ ကြက်ငှက်အမျိုးမျိုးတို့၏ အညစ်အကြေး၊ ချေး အစရှိသည်တို့အပြင် မြေဆွေး၊ အရိုးမှုန့်တို့ကိုလည်း အသုံးပြု တတ်ကြသည်။ မြေဆီလွှာတွင် မြေဆွေး၊ အရိုးမှုန့် အစရှိသည် တို့ကို ထပ်လောင်းဖြည့်စွက်ပေးခြင်းဖြင့် မြေမွလာ၍ အပင်၏ အမြစ်များ လွယ်ကူစွာ ထိုးဖောက်သွားနိုင်သည်။ အစိုဓာတ်ကို လည်း ကောင်းစွာ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

တိရစ္ဆာန်များမှဖြစ်သော မြေဩဇာကို မရနိုင်လျှင်ဖြစ်စေ၊ လိုသလောက် လုံလောက်စွာ မရနိုင်လျှင်ဖြစ်စေ ဓာတ် သတ္တုများမှဖြစ်သော မြေဩဇာကို အသုံးပြုကြသည်။ ဓာတ်မြေ ဩဇာများကို အသုံးပြုသည့်တိုင်အောင် အပင်၊ လူ၊ တိရစ္ဆာန် များ၏ သက်မဲ့ကိုယ်ထည်တို့ ဆွေးမြေ့ပျက်စီးသဖြင့် ရသော မြေဆွေးကို ရနိုင်သလောက် နှစ်စဉ်ထည့်ပေးရသည်။ ထုံးမှုန့်ကို လည်း မြေချဉ်မျိုးတွင်လည်းကောင်း၊ ရွံ့စေးမြေမျိုးတွင်လည်း ကောင်း ထည့်ပေးရသည်။ ထို့ကြောင့် ဥယျာဉ်စိုက်ပျိုးလုပ်ကိုင် မည့်မြေအခြေအနေကိုလိုက်၍ မြေဩဇာကျွေးခြင်း အလုပ်သည် လည်း အရေးကြီးလုပ်ငန်းတစ်ရပ် ဖြစ်လေသည်။ ယင်းကဲ့သို့ အပင်များစိုက်ပျိုးမည့် မြေယာကို ပြင်ဆင်ပြုပြင်ပြီးနောက် အစေ့များကြဲပက်ရမည့် လုပ်ငန်းကို စရတော့မည်ဖြစ်၏။ ရာသီဥတုကိုလိုက်၍ ဟင်းသီးဟင်းရွက်ပင်၊ သစ်သီးပင်၊ ပန်းပင်တို့ကို စတင်စိုက်ပျိုးရမည့် အချိန်ကာလမှာ တိုင်းပြည်တစ်ခုနှင့်တစ်ခု မတူနိုင်ကြချေ။ အနောက်နိုင်ငံများ၌ ဆောင်းကူးရာသီနှင့် နွေကူးရာသီများသည် ဥယျာဉ်ပင်များကို စတင်စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်များ ဖြစ်ကြသည်ကိုဆိုခဲ့ပြီ။ ထိုနိုင်ငံများတွင် များသောအားဖြင့် တစ်နှစ်အတွင်း အသီးထွက်သည့် ဟင်းသီးပင်၊ ပန်းပင်တို့ကို နွေကူးရာသီ၌ စတင်စိုက်ပျိုးလေ့ရှိကြသည်။ သို့ရာတွင် တစ်နှစ်အတွင်း အပွင့်များပွင့်သည့် ပန်းပင်အချို့ကို ဆောင်းကူးရာသီ၌ စတင်စိုက်ပျိုး ထားလျှင် အချိန်စောစော ပွင့်လာမည်ဖြစ်သည်။ ဥများကိုစိုက်လျက် အပင်ဆက်ပွားအောင် ပြုလုပ်ရသည့်အပင်မျိုးကို ဆောင်းကူးရာသီတွင် စတင်စိုက်ပျိုးခြင်းဖြင့် ရှေ့နှစ်ဆောင်း အကုန်၌ အပင်များပွားလာနိုင်သည်။

မြန်မာနိုင်ငံကဲ့သို့ ပူအိုက်စွတ်စိုသောတိုင်းပြည်များတွင် ဆောင်းဥတုနှောင်းပိုင်းနှင့် နွေဦးပေါက် ရာသီများ၌ ဥယျာဉ်ပင်များစတင်စိုက်ပျိုးသင့်သော အချိန်များဟုလည်း ဆိုခဲ့ပြီ။ အကြောင်းကမူ အစေ့မှ အစို့အညှောက်များ ထွက်လာအောင် ရေလောင်းစိုက်ပျိုးထားပြီးနောက် မြေဆီလွှာအတွင်း၌ အပင်များအမြစ်စွဲလာသည့်အခါ မိုးရေကိုဆက်လက်ရရှိခြင်းဖြင့် ကြီးထွားသန်စွမ်းလာမည် ဖြစ်သောကြောင့်တည်း။ အချို့အပင်များကို ဥယျာဉ်တစ်နေရာရာတွင် ပျိုး၍ အပင်အတော်အတန် ကြီးပြင်းလာမှ အသင့်ပြင်ဆင်ထားသော နေရာများ၌ ပြောင်းရွှေ့စိုက်ပျိုးကြရသည်။ ဤကဲ့သို့ ပျိုးခင်းမှ အပင်ငယ်များကို ပြောင်းရွှေ့စိုက်သည့်အခါတွင် အပင်၏အမြစ်များကို မဖြတ်မိ၊ မချိုးမိစေရန်သတိပြုရမည်။ အပင်များသည် သက်ရှိများဖြစ်၍ ပင်မအတွက် အစာရေစာတို့ကို သယ်ယူပို့ ဆောင်ပေးသည့် အမြစ်များသည် အကိုင်အတွယ် ကြမ်းတမ်းသဖြင့် ထိခိုက်ချို့ယွင်းခဲ့လျှင် နေရာသစ်တွင် အပင်အားပြတ်၍ သေမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် အချို့အပင်များကိုပြောင်း ရွှေ့စိုက်ပျိုးသည့်အခါ အပင်၏အမြစ်များကို မထိမခိုက်စေရန် အမြစ်များတွင်တွယ်ကပ်နေသော မြေစိုင်မြေခဲတို့ကိုပါ အပင်နှင့် တစ်ပါတည်း ပြောင်းရွှေ့ပေးရသည်။ အနောက်နိုင်ငံများတွင် အပင်အားသစ်လောင်းလျက် အစို့သစ် အတက်သစ်များ ထွက်ပေါ်လာချိန်ဖြစ်သည့် နွေရာသီ၌ ပြောင်းရွှေ့စိုက်ပျိုးသင့်၍ မိုးများသောနိုင်ငံများ၌မူ မိုးဦးကျတွင် အပင်များကို ပြောင်းရွှေ့စိုက်ပျိုးသင့်သည်။

အပင်များကို နေရာဟောင်းမှနေရာသစ်သို့ ပြောင်းရွှေ့ စိုက်ပျိုးသည့်အခါ၌ သတိပြုလိုက်နာသင့်သော အချက်များမှာ

  1. မိုးအုံ့သောနေ့ကို ရွေးချယ်ရမည်။
  2. ပျိုးပင်များကို မပြောင်းရွှေ့မီ ရေများများ လောင်းပေးရမည်။
  3. အမြစ်များ ကိုမထိခိုက်စေရန် အပင်တစ်ပင်စီကို တတ်နိုင်သမျှ သတိထား ၍နှုတ်ရမည်။ စိုက်မည့်နေရာသစ်တွင် တုတ်ချွန်တစ်ခုနှင့် တွင်းဖော်၍ အပင်ကိုထည့်ရမည်။
  4. နေရာဟောင်းရှိတွင်းထက် နေရာသစ်ရှိတွင်းကို ပို၍နက်နက်တူးလျှက် အပင်ရင်းကို မြေသိပ်နေအောင်ဖို့ပေးရမည်။
  5. နေရာသစ်တွင် အပင်စိုက်ပြီး လျှင်ပြီးခြင်း ရေလောင်းပေးရမည်။

ပျိုးပင်ကိုစိုက်ပျိုးမည့်တွင်းသစ်မှာ အပင်၏အမြစ်များ ဝင်ဆံ့သည်ထက် ပို၍ကျယ်ရမည်။ ပို၍နက်ရမည်။ မြေဩဇာထည့်ထားသော အပေါ်ယံမြေဆီကို တွင်း၏အောက်ခံမြေအဖြစ် လောင်းထားရမည်။ ထို့နောက်မှ စိုက်မည့်အပင်၏အမြစ်များကို နဂိုအနေအထားအတိုင်း တွင်းသစ်ထဲသို့စိုက်လျက် အပင်ရင်း နှင့်အမြစ်များကို မြေဆီမြေမှုန့်တို့ဖြင့် တဖြည်းဖြည်း ဖုံးအုပ်ပေး ရသည်။ ထိုကဲ့သို့ မြေဆီမြေမှုန့်များကို တွင်းထဲသို့ ထည့်ပေး ရာ၌ တစ်ကြိမ်လျှင် မြေမှုန့်အနည်းငယ်ကိုသာထည့်၍ ထည့်သမျှမြေမှုန့်ထပ်ကို သိပ်သည်းစေပြီးမှ နောက်တစ်ကြိမ် ထည့် ပေးရသည်။ အထူးသတိချပ်ရန်မှာ အပင်၏အမြစ်များကိုမြေဩ ဇာများနှင့် ထိစပ်၍မနေစေရအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဥယျာဉ်များတွင် ဟင်းသီးဟင်းရွက်ပင်ကို စိုက်သည် ဖြစ်စေ၊ ပန်းပင်များကို စိုက်သည်ဖြစ်စေ လက်ဦးပထမ အပင်များကိုစုပြုံ၍ ထူထပ်စွာပေါက်လာစေရသည်။ သို့ရာတွင် အပင်များ တဖြည်းဖြည်း ကြီးထွားလာသည့်အခါ မလိုသော အပင်သေး၊ အပင်လှီများကို နှုတ်ပယ်ပေးခြင်းဖြင့် ကျန်နေသောအပင်များ ကြီးပွားလာနိုင်ရန် နေရာကျယ်ကျယ်ဝန်းဝန်း ရှိစေရပေမည်။

ဥယျာဉ်များကို ပန်းပင်များဖြင့် တန်ဆာဆင်သည့်အခါ၌ တစ်နှစ်လျှင်တစ်ကြိမ်သာ အပွင့်များပွင့်သော ပန်းပင်တို့နှင့် အမြဲတမ်းပွင့်သော ပန်းပင်များကို ရော၍စိုက်ပျိုးထားရသည်။ ဂမုန်းကဲ့သို့ ပန်းပင်ငယ်ကလေးများကို ပန်းခြံပင်တို့နှင့် ရောယှက်၍ဖြစ်စေ၊ ပန်းစိုက်ကွက်၏ အနားတစ်လျောက်တွင်ဖြစ်စေ စိုက်ပျိုးထားလျှင် ဥယျာဉ်ကို ပိုမိုတင့်တယ်လာစေမည် ဖြစ်သည်။ မြေယာကျယ်ကျယ်ဝန်းဝန်း ရှိပါက လူသွားမြက်ခင်းကလေးကို သပ်ရပ်စွာဖောက်လုပ်ထား၍ ထိုလမ်း၏တစ်ဖက်တစ်ချက်တွင် ပန်းပင်ငယ်များကို စီတန်းလျက် စိုက်ပျိုးနိုင်သည်။ အိမ်ယာ ကွက်တွင် ဟင်းသီးဟင်းရွက်ပင်၊ သစ်ပင်၊ ပန်းပင် အစရှိသည် တို့ဖြင့် စိုက်ပျိုးပြုစုခြင်းမပြုလုပ်မီ မည်သည့်နေရာတွင် မည် သည့်အပင်မျိုးကိုစိုက်မည်၊ လူသွားလမ်းကို မည်သည့်နေရာမှ ဖောက်လုပ်မည်စသဖြင့် နေအိမ်နှင့်ပနံရအောင် အသေးစိတ်စီစဉ် မှုကို စုံလင်နိုင်သမျှ စုံလင်စေရန် ကြိုတင်စီစဉ်မှုရှိရပေမည်။ သို့မှသာလျှင် သစ်ပင်ချုံပင်တို့ကြောင့် နေအိမ်၏ ရုပ်လုံးကို ဖုံးကွယ်ခြင်းမဖြစ်စေဘဲ ပို၍ပေါ်လွင် ထင်ရှားလာစေနိုင်မည် ဖြစ်သည်။

အိမ်ရှေ့ဘက်နှင့် အိမ်နောက်ဘက်တွင် မြက်ခင်းများရှိ လျှင် ထိုမြက်ခင်းတို့ကိုဖျက်၍ ပန်းပင်များ စိုက်ပျိုးခြင်း မပြုလုပ်ဘဲ နဂိုအတိုင်းထားလျက် မြေမညီလျှင် ညီအောင်ညှိပေးခြင်း၊ မြက်ပင်များရှည်လာလျှင် ညှပ်ပေးခြင်း၊ စိမ်းစိမ်းစိုစိုရှိအောင် ရေဖြန်းပေးခြင်း စသည်တို့ ပြုလုပ်ခြင်းဖြင့် ခြံ၏ကျက်သရေကို ဆောင်နိုင်မည်ဖြစ်သည်။ အိမ်၏ဆင်ဝင်ခန်းရှေ့ဘက်နှင့် ပြတင်းပေါက်များအောက်တွင် ခြုံပင်ငယ်များကိုစိုက်ထား၍ အိမ်ဘေးတစ်ဖက်တစ်ချက်၌ ခြုံပင်ကြီးများကို စိုက်ထားသင့်သည်။

အိမ်မြေယာကွက်ပုံစံကိုရေးဆွဲ၍ နေအိမ်နှင့် အခြား အဆောက်အဦးများရှိလျှင် ထိုပုံစံတွင်ထည့်ထားရမည်။ နေအိမ်၏ ဆင်ဝင်ခန်းဆောင် တံခါး၊ ပြတင်းပေါက်များမှ ခြံစည်းရိုး အထိ သစ်ပင်ရိပ်လမ်းကြားများ ဖောက်လုပ်သည့်အနေနှင့် မျဉ်းကြောင်းများဆွဲရသည်။ ထိုသစ်ပင်ရိပ် လမ်းကြားအကြောင်းများကိုအလွတ်ထား၍ ကျန်အကွက်များတွင် စက်ဝိုင်းရှည်ပုံများကို ထည့်သွင်းပေးခြင်းဖြင့် ပန်းပင် စိုက်ပျိုးမည့် နေရာများကို အကွက်ချစီစဉ်နိုင်ပေမည်။ လူသွားလမ်းများကို တတ်နိုင်လျှင် ဖြောင့်ဖြောင့်တန်းတန်း ဖောက်လုပ်ထားသင့်သည်။ ထိုလမ်းများကို ကျောက်ပြား၊ အုပ်ချပ်၊ ကျောက်စရစ်ခဲ တစ်မျိုးမျိုး ခင်းထားနိုင်သည်။ ဥယျာဉ်ခြံကို အုတ်တံတိုင်း နှင့်ဖြစ်စေ၊ ခြံစည်းရိုးပြုလုပ်၍ဖြစ်စေ ကာရံထားသင့်သည်။ ခြံစည်းရိုးတစ်လျှောက်တွင် တရုတ်မန်ကျည်းပင်မျိုးကို စိုက်ပျိုးထား၍ အကိုင်းအခက်များ အပေါ်နှင့်ဘေးဘက်သို့ ပြန့်မထွက် ရအောင် မကြာခဏချိုင်ပေးရမည်။

အဆင်မတတ်လျှင် ဆန်းလျှက်နှင့်မလှဟု ဆိုဘိသကဲ့ သို့ ဥယျာဉ်ကို နဂိုအနေအထား ပျက်ပြားသွားသည့်တိုင်အောင်တန်ဆာဆင်လွန်းလျှင်လည်း အကျိုးမဲ့ဖြစ်တတ်သည်ကို အထူးသတိပြုရပေမည်။ အချို့ဥယျာဉ်များတွင် ကျောက်ခဲ၊ကျောက်တုံးတို့ဖြင့် ကျောက်ဥယျာဉ်တုကလေးများ ပြုလုပ်ထားတတ်ကြသည်။ နေနာရီများ၊ ရေအိုင်များ၊ ကျေးငှက်များ ရေဆင်းချိုးရန် ရေအင်တုံများ၊ ကျောက်ရုပ်၊ ကြေးရုပ်များ၊ ခိုအိမ်များ၊ လူများထိုင်ဖို့ ခုံတန်းကလေးများ အစရှိသည်တို့ဖြင့် ဥယျာဉ်ကို ဆင်ပြင်ထားလေ့ ရှိကြသည်။ ကျောက်ဥယျာဉ်တုကလေးများ ပြုလုပ်သည့်အခါ၌ ဥယျာဉ်ထောင့်တစ်နေရာရာတွင် သဘာဝ ကျကျ စီမံထားရန်သင့်ပေသည်။ ဟောင်းနွမ်းနေသည့် ကျောက် တုံး ကျောက်ခဲ တစ်မျိုးတစ်စားတည်းကိုသာ ရွေးချယ်လျက် တောင်ကုန်းကလေးသဖွယ် မြေဖို့ထားသောနေရာတွင် ထိုကျောက်တုံးများကို မြှုပ်နှံထားရသည်။ ကျောက်တုံးများကို အလျားလိုက် အဆင့်ဆင့်ခင်းထား၍ ပန်းပင်များကို ထိုကျောက်တုံးများအကြားမှ ထွက်လာဘိသကဲ့သို့ စိုက်ပျိုးထားရမည်။ မိုးရွာသည့်အခါဖြစ်စေ၊ ရေလောင်းပေးသည့်အခါဖြစ်စေ အပင်များ ၏အရင်းသို့ ရေစီးသွားနိုင်ရန် ကျောက်တုံးများကို အတွင်းဘက်သို့ အနည်းငယ် ရွှေ့စောင်း၍ထားရမည်။ ရေအိုင်ကလေးများ ပြုလုပ်ထားလျှင်လည်း သဘာဝကျနိုင်သမျှ ကျရအောင်အိုင်ဘောင်ကိုမညီမညာပြုလုပ်၍ မြက်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရမည်။ ရေထဲ၌လည်း ကြာပင်များကို စိုက်ပျိုးထားရမည်။ ဟင်းသီးဟင်းရွက်ပင်များကိုဖြစ်စေ၊ ပန်းပင်များကိုဖြစ်စေ ဥယျာဉ်ထဲတွင် စိုက်ပျိုးထားပြီးလျှင် ပေါင်းပင်များကို ရှင်း ဖို့လိုပေမည်။ သစ်ပင်များကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ပိုးကောင်များနှင့် မှိုရောဂါများ၏ အဖျက်အဆီးကိုလည်း ကာကွယ် ပေးရမည်။ စိုက်ပျိုးထားသော အပင်များအကြား၌ရှိသော မြေကို ထွန်တိုကလေး(ကြားတိုက်ထွန်) မကြာခဏအသုံးပြုခြင်းဖြင့် မွလာစေနိုင်သည့်ပြင် ပေါင်းပင်များ ကင်းရှင်းစေနိုင်လေသည်။

အပင်များကိုဖျက်ဆီးတတ်သော ပိုးမွှားများနှင့်မှိုရောဂါတို့ကို အချိန်မီကာကွယ်ပေးမှသာ စိုက်ပျိုးပင်များ ကြီးထွားသန်စွမ်းလာမည်ဖြစ်၏။ အချို့ပိုးကောင်များသည် အပင်၏အရွက်များကို ကိုက်ဖြတ် ဖျက်ဆီးတတ်သည်။ ခူကောင်နှင့် ပိုးကျိုင်းကောင်များသည် အတွေ့ရများသော ရွက်ဖြတ်ပိုးများဖြစ်သည်။ ထိုပိုးကောင်များ ဥယျာဉ်ထဲရှိအပင်များပေါ်တွင် စ၍တွေ့လျှင်တွေ့ခြင်း ဆေးဆိုင်၌ဖော်စပ်ရောင်းချသော ပိုးမွှားသတ်ဆေးရည် ဆေးမှုန့်တို့ကိုဝယ်၍ ပက်ဖျန်းရမည်။ ထို့အတူ အပင်တို့၏ အရွက်နု၊ အကိုင်းနုနှင့် အညွန့်များပေါ်တွင် တစ်ချိန်တည်း အကောင်ပေါင်းများစွာ စွဲကပ်ကျရောက်တတ်သော ပျပိုးကဲ့သို့ သစ်ရည်စုတ်ပိုးမွှားများကို တွေ့ရှိလျှင်လည်း အရွက်၊ အကိုင်း၊ အညွန့်တို့ကိုဖြတ်၍ မီးရှို့ပစ်ရသည်။ အခြားလွယ်ကူသော နည်းတစ်ခုမှာ ကျိုချက်ထားသော ဆပ်ပြာရည်အေးဖြင့် ပက်ဖျန်းပေး ခြင်းဖြစ်သည်။ ထို့ပြင် ပိုးကောင်ကလေးများကို အဆိပ်ရည်ဖြင့် သတ်ပစ်ရသည်။ အကိုင်း၊အခက်၊အမြစ်များကို ထိုးဖောက်ဖျက် ဆီးတတ်သော ပိုးများလည်းရှိသေးသည်။ ကာကွယ်နည်းမှာ ထိုပိုးများ ထိုးဖောက်ဖျက်ဆီးထားသော အကိုင်းအခက် စသည်တို့ကို ဖြတ်တောက်ပစ်ခြင်း၊ သံချိတ်ဖြင့် ပိုးကောင်များကို ဆွဲထုတ်ပစ်ခြင်းတို့ ဖြစ်လေသည်။

အဆိုပါပိုးမွှားတို့၏ အဖျက်အဆီးများအပြင် အပင်တို့၌ ဖြစ်တတ်သော ရောဂါများကြောင့်လည်း အပင်များ ပျက်စီးတတ်ကြသည်။ ထိုရောဂါများအနက် မှိုရောဂါကို ဆေးရည်ပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပေသည်။ ဥယျာဉ်စိုက်ပျိုးပြုစုသူတို့တွင် အဆိုပါအနှောင့်အယှက်များကို တွေ့ကြုံရစမြဲဖြစ်၍ စိုက်ပျိုးထားသောအပင်များကို အခါမလပ် စောင့်ရှောက်ခြင်းဖြင့် ပိုးမွှားများ ဖျက်ဆီးခြင်းဘေးနှင့် ရောဂါများစွဲကပ်သည့် ဘေးအပေါင်းတို့ကို ကြိုတင်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် ဥယျာဉ်မှူးတို့အား အဖိုးမဖြတ်နိုင်သော အထောက်အပံ့ကိုဖြစ်စေသည့် ပိုးကောင်များနှင့် ငှက်များလည်း ရှိပေသေးသည်။ ထိုပိုးကောင်များ၊ ငှက်များကို ဥယျာဉ်မှူးတို့၏ အကောင်းဆုံးမိတ်ဆွေများဟု ဆိုရပေမည်။ ငှက်တော်၊ စွေ့၊ ဆက်ရက်အစရှိသော ငှက်များသည် ဥယျာဉ်များ၊ ဝင်းခြံများ အတွင်း၌ ပိုးကောင်၊ မွှားကောင်များကို လိုက်လံရှာဖွေလျက် တွေ့ရှိသည့်အခါ ဖမ်းယူစားပစ်ကြသည်။ ထို့ပြင် ပျား၊ ပိတုန်း၊ လိပ်ပြာစသည့် ပိုးကောင်တို့ကလည်း ပန်းဝတ်မှုန်၊ ဝတ်ဆံတို့ကို ပန်းတစ်ပင်မှတစ်ပင်သို့ သယ်ယူပို့ဆောင်ခြင်းအားဖြင့် ပန်းပွင့်များ မျိုးအောင်လာကြရလေသည်။

ဥယျာဉ်ပြုစုသူတို့၏ အခြားလုပ်ငန်းများမှာ သစ်ပင်၊ ပန်းပင်များကို မြေတောင်မြှောက်ခြင်း၊ ရေလောင်းပေးခြင်းတို့ ဖြစ်သည်။ ထို့ပြင် ရာသီဥတု မြေ၏အနေအထားနှင့်သင့်တော်မည့် သစ်ပင်ပန်းပင်များကိုသာ ရွေးချယ်စိုက်ပျိုးထားသင့်ပေ သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)