အမှု—ရန်သူစစ်တပ်သို့ ချီတက်လာသော စစ်တပ်ကို ကြည့်ရှုမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။


စစ်တပ် အကြည့်သွားမှု ပြင်ဆင်ရန်

သာဝတ္ထိပြည်ရှင် ကောသလ မဟာရာဇာသည် မိမိ စစ်တပ်နှင့်အတူ ရန်သူစစ်တပ်ရှိရာသို့ ချီတက်ဘို့ရာ မြို့မှ ထွက်လာခဲ့၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကလည်း မြို့တော်မှ ထွက်လာသော ထိုစစ်တပ်ကို အကြည့်အရှုသွားကြ၏၊ မဟာရာဇာသည် ခပ်လှမ်းလှမ်း၌ လာနေကြသော ထိုရဟန်းတို့ကိုမြင်လျှင် အပင့်ခိုင်း၍ “ဘာလုပ်လာကြသတုန်း”ဟု မေး၏၊ “မဟာရာဇာကို ကြည့်ချင်လို့”ဟု ဖြေကြလေသော် “ကိံ ဘန္တေ မံ ဒိဋ္ဌေန ယုဒ္ဓါဘိနန္ဒနံ = စစ်တိုက်မှုကို လွန်စွာနှစ်သက်နေသော ဒကာတော်ကို ကြည့်ရခြင်းဖြင့် ဘာအကျိုးရှိမှာလဲ ဘုရား” နနု ဘဂဝါ ပဿိတဗ္ဗော = ဘုရားကို ဖူးနေလိုက်သည် မဟုတ်ပါလော”ဟု ပြောဆို့လွှတ်လိုက်လေသည်၊ ထိုအခါ စစ်သားတွေကလည်း ကဲ့ရဲ့ကြသဖြင့် “ယောပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ၊ ပါစိတ္တိယံ”ဟု မူလပညတ်ကို ပညတ်တော်မူရလေသည်။[၁]

သွားခွင့်ရပုံ ပြင်ဆင်ရန်

ထိုသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ရဟန်းတပါး၏ ဥုးကြီး(သို့မဟုတ်ဉုးလေး) ဖြစ်သော စစ်သားတယောက်သည် စစ်တပ်၌ မကျန်းမမာဖြစ်နေစဉ် သူ့တူ ဦးပဉ္စင်း ကြွလာဘို့ရာ လူလွှတ်၍ လျှောက်ထားလေ၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော်အား လျှောက်ထား၍ ရှင်တော်ဘုရားသည် “အညတြ တထာရူပပစ္စယာ” ဟု ဖြည့်စွက်တော်မူကာ အနုပညတ်ထပ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဥယျုတ္တံ သေနံ ဒဿနာယ ဂစ္ဆေယျ အညတြ တထာရူပပ္ပစ္စယာ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

ဆွေမျိုးစစ်သား၏ မကျန်းမမာ ဖြစ်နေခြင်းစသော ထိုသွားထိုက်သော အကြောင်းမရှိဘဲ တိုက်ဘို့ရန် ထွက်လာသော စစ်တပ်ကို ကြည့်ရှူဘို့ရန် သွားသော ရဟန်းမှာ ပါစိတ် အာပတ်သင့်၏။[၁]

မှတ်ချက် ပြင်ဆင်ရန်

ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်၍ ၄-ပါးစုံမှ “စစ်တပ်”ဟုခေါ်၏၊ ထို၄-မျိုး မစုံသော တပ်စိတ်တခုကို အကြည့် အရှုသွားလျှင်ကား ဒုက္ကဋ် အာပတ်သာ သင့်၏။ တိုက်ဘို့ရန်အတွက် လာသော စစ်တပ်မဟုတ်ဘဲ ဥယျာဉ်စသည်သို့ သွားသော စစ်တပ်ကို ကြည့်ရှုရန်သွားလျှင် ဤသိက္ခာပုဒ်အရ အာပတ်မသင့်၊ ဆွေမျိုးသားချင်း စသူက ပင့်ဖိတ်၍ အကြောင်းအားလျော်စွာ သွားလျှင်လည်း အနာပတ္တိပင်၊ တမင်္ဂလာမသွားဘဲ မိမိရှေ့မှောက်ရောက်လာ၍ ကြည့်ခြင်း, ကျောင်းတိုက်တွင်းမှ နေ၍ ကြည့်ခြင်းလည်း အနာပတ္တိပင်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး