[၁] ဤသုတ်လာဂါထာ (၁၇)ဂါထာတို့တွင်-ပဌမဂါထာကို “ဘူတဂါမသိက္ခာပုဒ်ကို ပညတ်တော်မူပြီး ရုက္ခဇိုဝ်းနတ်သမီး၏ ဒေါသကိုပယ်ဖျောက်နိုင်ရန် ဟောတော်မူပါသည်၊ ဤဂါထာသည် ပါစိတ္တိယပါဠိ၊ ဓမ္မပဒ၊ သုတ္တနိပါတ ပါဠိတော် ၃-ဌာန၌ သံဂါယနာ တင်ထားပါသည်။ ဒုတိယဂါထာကို “အရှင်သာရိပုတ္တရာ၏ တပည့် ရွှေပန်းထိမ်သည်သား ရဟန်းတော် အရဟတ္တဖိုလ်ပန်းကို ပန်ဆင်စေရန်” ဟောတော်မူပါသည်။

တတိယဂါထာကို “ဂဂ္ဂရာရေကန်အနီး၌ တဏှာ၏အစွမ်းဖြင့် အကုသလ ဝိတက်ကိုကြံစည်နေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရရှိရေးအတွက်” ဟောတော်မူပါသည်။ စတုတ္ထဂါထာကို “ဂင်္ဂါမြစ်ကမ်း၌ နွေအခါဆောက်လုပ်ထားသည့် ကျူရိုးတံတား ရေ၌မျောပါသွားသည်ကို ကြည့်၍ သံဝေဂဉာဏ်ဖြစ်ပေါ်နေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရဖို့ရန်” ဟောတော်မူပါသည်။ ပဉ္စမဂါထာနှင့် ကျန် ၁၂-ဂါထာတို့ကို သာဝတ္ထိမြို့ ရေသဖန်းတော၌ ရေသဖန်းပွင့်ရှာနေသော ပုဏ္ဏားနှင့် စကားပြောဆိုနေသော အညတရ ရဟန်း အရဟတ္တဖိုလ်ရရှိရေးအတွက် ဟောတော်မူပါသည်။ ဂါထာတို့၏အဆုံး၌ “ဥရဂေါ ဇိဏ္ဏ မိဝတ္တစံ ပုရာဏံ”ဟု ဟောတော်မူသောကြောင့် “ဥရဂသုတ်”ဟု သံဂါယနာတင်ထားတော်မူပါသည်။ ။

အဋ္ဌကထာ၌-ဝတ္တမာနုပ္ပန္န-အစရှိသော ဥပ္ပန္နလေးပါး၊ သမုဒါစာရုပ္ပန္နအစရှိသော ဥပ္ပန္နလေးပါး၊ သီလသံဝရ-အစရှိသော သံဝရဝိနယ ၅-ပါး၊ တဒင်္ဂပဟာန်အစရှိသော ၅-ပါး အကျယ်ဖွင့်ပြချက်၊ အာဃာတပယ်ဖျောက်ပုံနည်းများ၊ မြွေအမျိုးမျိုး နှင့် စပ်၍ သိမှတ်ဖွယ်၊ အရှင်သာရိပုတ္တရာ၏ တပည့် ရွှေပန်းထိမ်သည် ရဟန်းဝတ္ထု၊ မာန ၉-မျိုး၊ ရေသဖန်းပင်၌ အပွင့်မရှိပုံ၊ အနုသယကို မဂ်ဖြင့်ပယ်ပုံ၊ တဏှာ၏ ပရိယာယ်များ၊ နီဝရဏကို မဂ်ဖြင့်ပယ်ပုံ-အစရှိသော ဖွင့်ဆိုချက်များကို အကျယ် ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၂၇၉-၂၈၁။ သုတ္တနိ၊မြန်၊၂၆၅-၇။ သုတ္တနိ၊ဋ္ဌ၊၁၊၂-၂၃။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၁-ဥရဂဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ