ဥရောပဘုံဈေးအဖွဲ့
ဥရောပ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ခေါ် ဥရောပဘုံဈေး အဖွဲ့သည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအင်အား ကြီးမားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့၌ ဥရောပကျောက်မီးသွေးနှင့်သံမဏိ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဥရောပစီးပွားရေးပူးပေါင်းဆောင် ရွက်မှုအဖွဲ့ ဖွဲ့စည်းရေး သဘောတူညီချက် စာချုပ်ကိုချုပ်ဆိုခဲ့ကြ သည်။ ယင်းစာချုပ်အရ ၁၉၅၈ ခုနှစ် ဇန်နဝါရီလ၁ရက်နေ့တွင် ဥရောပစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ခေါ် ဥရောပဘုံဈေး အဖွဲ့ကို တည်ထောင်ဖွဲ့စည်းခဲ့သည်။ ဥရောပ ဘုံဈေးအဖွဲ့၏မူလ အဖွဲ့ဝင် နိုင်ငံများမှာ ဗဲလဂျီယမ်၊ ပြင်သစ်၊ အနောက် ဂျာမနီ၊ လူဇင်ဘတ်၊ အီတလီနှင့် နယ်သာလန် ခြောက်နိုင်ငံ ဖြစ်သည်။ ထို့နောက် ဗြိတိန်၊ အိုင်ယာလန်နှင့် ဒိန်းမတ်နိုင်ငံတို့သည်၁၉၇၃ ခုနှစ်တွင် ဥရောပဘုံဈေးအဖွဲ့သို့ ဝင်ရောက်ခွင့်ရကြသဖြင့်အဖွဲ့ဝင် နိုင်ငံ ကိုးနိုင်ငံ ဖြစ်လာသည်။ ထို့ပြင် ကယ်ရစ် ဗျန်ဒေသနှင့် ပစိဖိတ်ဒေသမှ နိုင်ငံများနှင့် အာဖရိကတိုက်မှဗြိတိသျှဓနသဟာ ယ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဥရောပဘုံဈေးအဖွဲ့တွင် အရန် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြ၏။ စပိန်၊ လက်ဗနွန်၊ အီရန်၊အဇ္ဇရီ ယယ်နှင့်ယူဂိုစလားဗီးယား နိုင်ငံတို့သည် ဥရောပဘုံဈေးအဖွဲ့နှင့် ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုထား ကြလေသည်။
ဥရောပဘုံဈေး အဖွဲ့တွင် ဘုံဈေးလွှတ်တော်၊ ဘုံဈေး ကော်မရှင်၊ ဝန်ကြီးများကောင်စီ၊ တရားရုံး၊ စီးပွားရေးနှင့်လူမှုရေး ကောင်စီ၊ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေနှင့် လူမှုရေး ရန်ပုံငွေအဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားသည်။
ဥရောပ ဘုံဈေးအဖွဲ့၏ ရည်ရွယ်ချက်များမှာ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကုန်သွယ်ရာ၌ အကောက်ခွန် ကောက်ခံသည့် စနစ်ကိုပယ်ဖျက်ရန်၊ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့်ကုန်သွယ် ရာ၌ တစ်ပြေးညီစွာ အကောက်ခွန်ကောက်ခံသည့် စနစ်ကိုကျင့် သုံးရန်၊ စီးပွားရေး လုပ်ငန်းများကို တစ်ပြေးညီစွာတိုးတက်ဖွံ့ဖြိုး လာအောင်မြှင့်တင်ရန်နှင့် အဆက်မပြတ် တိုးချဲ့ရန်၊ စီးပွားရေး ပိုမို တည်ငြိမ်ရန်၊ အဖွဲ့ဝင် နိုင်ငံများမှ ပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ရန်၊ စီးပွားရေးနှင့်နိုင်ငံရေးကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ဖြစ်သည်။
ဥရောပ ဘုံဈေးအဖွဲ့သည် မူလအဖွဲ့ဝင် ခြောက်နိုင်ငံ အကြား ကုန်သွယ်မှု အကောက်ခွန် ကောက်ခံခြင်း မပြုရန် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း မူလအဖွဲ့ဝင်ခြောက်နိုင်ငံနှင့် နောက်တိုး အဖွဲ့ဝင် သုံးနိုင်ငံ အကြားတွင်မူ အကောက်ခွန်စနစ်ကိုကျင့်သုံးမြဲ ကျင့်သုံးခဲ့သည်။ သို့သော် ယင်းအကောက်ခွန် စနစ်ကိုလည်း မကြာမီ ပယ်ဖျက်တော့မည် ဖြစ်ကြောင်း ဘုံဈေး အဖွဲ့ချုပ်က ၁၉၇၇ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့သည်။
ထို့ကြောင့် ဘုံဈေးအဖွဲ့ဝင် နိုင်ငံများမှ ထွက်သော စက်မှုနှင့် လယ်ယာထွက်ကုန် ပစ္စည်းများကို လွတ်လပ်စွာ သယ်ယူရွှေ့ပြောင်း ရောင်းချနိုင်တော့မည် ဖြစ်သည်။ သို့သော် ဘုံဈေးအဖွဲ့ဝင် ကိုးနိုင်ငံသည် ဘုံဈေး အဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ ကုန်ပစ္စည်းများအပေါ်တွင်မူ ဘုံအကောက်ခွန်စနစ်ကို ကျင့်သုံးသွားမည်ဖြစ် သည်။
ဘုံဈေးအဖွဲ့ဝင် ခေါင်းဆောင်များ၏ အစည်းအဝေး တစ်ရပ်ကို ၁၉၇၇ ခုနှစ် ဇွန်လ ၂၉ နှင့် ၃ဝရက် နေ့များက လန်ဒန်မြို့တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးမှ ငွေဖောင်း ပွမှု၊ အလုပ်အကိုင် နေရာချထား ရေး၊ ကုန်သွယ်မှုတိုးတက်ရေး တို့နှင့် စပ်လျဉ်းသော ပူးတွဲကြေညာချက် တစ်စောင်ကိုထုတ်ပြန် နိုင်ခဲ့သည်။ သို့သော် သံမဏိလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သင်္ဘော တည်ဆောက်မှုလုပ်ငန်း၊ ဖိနပ်လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ မှု အဖွဲ့ဝင်နိုင်ငံအချင်းချင်း မကြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ဥရောပ ဘုံဈေးအဖွဲ့သည် ရေနံပြဿနာနှင့်စပ် လျဉ်း၍လည်း ကြေညာချက် ထုတ်ပြန်ထားသည်။ ကြေညာချက် တွင် ရေနံထုတ်လုပ်သော နိုင်ငံများ၏ ရေနံပိတ်ဆို့ဖြတ်တောက် မှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့သော် အဖွဲ့ဝင်နိုင်ငံများအတွင်း ရေနံကို ခွဲဝေသုံးစွဲရေးနှင့် ရေနံ ကြမ်းခင်းဈေးနှုန်းတစ်ရပ် သတ်မှတ်ရေး စသည့် အချက်များပါဝင်သည်။ ဘုံဈေးအဖွဲ့သည် အရှေ့အလယ် ပိုင်းနှင့် ပါရှန်ပင်လယ်ကွေ့ရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများနှင့် လည်း တရားဝင် ဆက်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။
ဘုံဈေးအဖွဲ့သည် ပင်လယ်ပြင် ငါးဖမ်းဇုံကိုမိုင် ၂ဝဝ သတ်မှတ်ထားသည်။ ဘုံဈေးအဖွဲ့ရေပြင်အတွင်း ပူးတွဲငါးဖမ်းရေး မှုဝါဒတစ်ရပ်ချမှတ်၍ ငါးဖမ်းလျက်ရှိသည်။
အကောက်ခွန် အဟန့်အတားများကို ပယ်ဖျက်နိုင်ခဲ့ သောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့သည့်ဘုံဈေးအဖွဲ့၏ ကုန်သွယ်မှု အရှိန်အဟုန်သည် ယခုအခါအကျဘက်သို့ ယိမ်းယိုင်လျက်ရှိ သည်။ ၁၉၇၂ ခုနှစ်က ဥရောပဘုံ ဈေးအဖွဲ့၏ ကုန်သွယ်မှု စုစုပေါင်း တန်ဖိုး၏ ၅၂ ရာခိုင်နှုန်းမှာ အဖွဲ့ဝင်ကိုးနိုင်ငံအကြား ကူးလူးကုန်သွယ်ရာ မှရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင်အဖွဲ့ ဝင်ကိုးနိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ စုစုပေါင်းကုန်သွယ်မှု တန်ဘိုး၏ ၄၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်တွင် အတန်ငယ် ဦးမော့လာခဲ့ သော်လည်း ၁၉၇၂ ခုနှစ် စံချိန်ကို မမှီသေးပေ။ ယင်းသို့ ကုန်သွယ်မှုကျဆင်းရခြင်း မှာ ကမ္ဘာ့ကုန်ပစ္စည်းများ ဈေးတက်လာသောကြောင့်လည်း တစ် ကြောင်းဖြစ်သည်။
ထိုသို့ကုန်သွယ်မှု စီးပွားရေးကျဆင်းခြင်းကို အကြောင်း ပြုကာ ဘုံဈေးအဖွဲ့ဝင် နိုင်ငံများတွင်အလုပ် လက်မဲ့ဦးရေတိုးနေ သည်။ ၁၉၇၇ ခုနှစ် ဇွန်လ ခန့်မှန်းခြေအရ ဘုံဈေးအဖွဲ့ဝင် နိုင်ငံများအတွင်း အလုပ်လက်မဲ့ဦးရေ ငါးသန်းခန့်ရှိသည်ဆို၏။ ထို့ကြောင့် အလုပ်လက်မဲ့များ အတွက် အလုပ်အကိုင် သစ်များ ဖန်တီးပေးရန်အတွက် ဒေါ်လာသန်း ၁၂ယဝဝဝ ရှိသော ရန်ပုံငွေတစ်ရပ်ကို ထူထောင်ကြရန်လည်း ဘုံဈေးအဖွဲ့က စီစဉ် လျက်ရှိသည်။
ဥရောပ ဘုံဈေးအဖွဲ့ကို ယခုထက်ပို၍ ကျယ်ပြန့်စွာ ဖွဲ့စည်းသွားရန် စီစဉ်နေသည်။ ဩစတြီးယား၊ ဆွီဒင်၊ ဆွစ်ဇာ လန်၊ စပိန်၊ ပေါ်တူဂယ်နှင့် စိုက်ပရပ်နိုင်ငံတို့သည်ဘုံဈေးအဖွဲ့ တွင် အရန်အဖွဲ့ဝင်နိုင်ငံများ အဖြစ် ဝင်ခွင့်တောင်းခံခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုကလည်း မိမိနိုင်ငံနှင့် ဥရောပဘုံဈေး အဖွဲ့တို့ အပြန်အလှန် အခွန်ကောက်ခံမှု လျှော့ပေါ့ရေးကိုဆွေး နွေးရန် အဆိုပြုထားသည်။ ဂျပန်၊ အိန္ဒိယ၊အယ်လဂျီး ရီးယား၊ မိုရော့ကိုနှင့် ကျူနစ်ဇီးယားနိုင်ငံတို့သည်လည်း ဥရောပဘုံဈေးကို ချဉ်းကပ်နေကြသည်။ ဂရိနိုင်ငံသည်လည်း ၁၉၇၆ ခုနှစ်ကဥရော ပ ဘုံဈေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုရန် လျှောက်ထားခဲ့ရာ ၁၉၇၈ ခုနှစ်ဦးပိုင်းတွင် လက်ခံဖွယ်ရာရှိ၏။ သို့ဖြစ်၍ ဂရိနိုင်ငံ သည် ဒသမမြောက် ဘုံဈေးအဖွဲ့ဝင် နိုင်ငံဖြစ်ရန် အလားအလာ ကောင်းလျက်ရှိသည်။
ဥရောပ ဘုံဈေးအဖွဲ့တွင် ဘုံဈေး လွှတ်တော်၊ ဘုံဈေး ကော်မရှင်နှင့်ဝန်ကြီးများ ကောင်စီတို့သည်အဆင့် မြင့်အာဏာပိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။ ဘုံဈေးလွှတ်တော်တွင် အဖွဲ့ဝင် နိုင်ငံများမှ လွှတ်တော်အမတ် များအချိုးကျ ပါဝင်သည်။ ဘုံဈေး ကော်မရှင်တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်သည်။
ဝန်ကြီးများ ကောင်စီတွင် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီး အဆင့်ရှိသူ ကိုယ်စားလှယ် တစ်ဦးကျစီ (အများအားဖြင့်နိုင်ငံခြား ရေးဝန်ကြီး) ပါဝင်သည်။ ဝန်များ ကောကြီးင်စီသည် ဆုံးဖြတ် ချက်များ ချမှတ်နိုင်သည့် အခွင့်အာဏာရှိသည်။ လက်ရှိဘုံဈေး အဖွဲ့ဝန်ကြီးများ ကောင်စီ၏ ဥက္ကဋ္ဌမှာ ဗဲလဂျီယမ်နိုင်ငံမှနိုင်ငံခြား ရေးဝန်ကြီး ဟင်နရီဆီမိုနက် ဖြစ်သည်။
ဥရောပဘုံဈေးအဖွဲ့၏ ဌာနချုပ်ကို ဗဲလဂျီယမ်နိုင်ငံ ဗရပ်ဆဲမြို့တွင် ဖွင့်လှစ်ထားရှိသည်။
ဥရောပဘုံဈေးအဖွဲ့၏ ရှေးအလားအလာများမှာအကယ် ၍ ဂရိနိုင်ငံသည် ဘုံဈေးအဖွဲ့ဝင် နိုင်ငံဖြစ်လာပါက ဘုံဈေးအဖွဲ့ ၏ ဩဇာသည် အရှေ့မြေထဲပင်လယ် ဒေသသို့တိုင် တိုးချဲ့လာ မည်ဖြစ်သည်။ ဘုံဈေးအဖွဲ့၏ စီးပွားရေးနှင့် ငွေကြေးသမဂ္ဂထူ ထောင်ရန် လိုအပ်သည့် လုပ်ဆောင်ဖွယ်ရာ များကိုလည်း၁၉၈ဝ ပြည့်နှစ်တွင် အပြီးသတ် လုပ်ဆောင်နိုင်ရန် လျာထားသည်။[၁]
ဥရောပဘုံဈေးအဖွဲ့ (အီးအီးစီ)ကို ၁၉၅၈ ခုနှစ်တွင် စတင် ဖွဲ့စည်း ထူထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁ဝ နိုင်ငံရှိသည်။ ဥရောပ နိုင်ငံများအတွင်း စီးပွားရေးကိစ္စအဝဝတွင် တူညီသော အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်လေသည်။
၁၉၈၁ ခုနှစ်အတွင်းတွင် အီးအီးစီအဖွဲ့၏ ၁၉ ကြိမ်မြောက်၊ အကြိမ် ၂ဝ မြောက်နှင့် ၂၁ ကြိမ်မြောက် အစည်းအဝေးများကို မတ်လ၊ ဇွန်လနှင့် နိုဝင်ဘာလများတွင် ကျင်းပခဲ့ပြီး ဥရောပ စီးပွားရေးရာနှင့် နိုင်ငံတကာရေးရာများကို ဆွေွးနွေးခဲ့ကြသည်။ ၁၉ ကြိမ်မြောက် အီးအီးစီထိပ်သီးအစည်းအဝေးကို ၁၉၈၁ ခုနှစ် မတ်လတွင် နယ်သာလန်နိုင်ငံ မာစတရစ်မြို့တွင် ကျင်းပ ခဲ့ရာ အီးအီးစီအဖွဲ့ဝင် ၁ဝ နိုင်ငံ၏ ခေါင်းဆောင်များ တက် ရောက်ခဲ့ကြပြီး နယ်သာလင်ဝန်ကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းအစည်းအဝေးသည် အဖွဲ့ဝင် ၁ဝ နိုင်ငံ၏ ပထမဆုံးအစည်းအဝေး ဖြစ်သည်။ ယခင်က အဖွဲ့ဝင် ကိုးနိုင်ငံသာရှိခဲ့ပြီး ဂရိနိုင်ငံသည် ၁၉၈၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် အီးအီးစီအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
အီးအီးစီ၏ မတ်လအတွင်းက ကျင်းပခဲ့သော အစည်းအဝေး တွင် ဥရောပစီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာရေးရာများကို ဆွေးနွေးခဲ့ကြသည်။ ဥရောပငွေကြေးဖောင်းပွမှုနှုန်း ကြီးထွား လာခြင်းသည် ကုန်ထုတ်လုပ်မှု၊ စီးပွားရေးနှင့် ငွေကြေးလည် ပတ်မှုတို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ စိုးရိမ်ဖွယ်ရာကောင်း သော လူငယ်ထုအလုပ်လက်မဲ့ပြဿနာကို ဥရောပလူ့အဖွဲ့ အစည်းတစ်ရပ်လုံးက ဖြေရှင်းသင့်ကြောင့် စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
လောင်စာစွမ်းအင် မူဝါဒ၊ ပင်လယ်ငါးဖမ်းပြဿနာနှင့် အီးအီးစီနိုင်ငံများအတွင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး များအပြင် နိုင်ငံတကာရေးရာကိစ္စများကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
စက်မှုနိုင်ငံကြီးများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ဆွေးနွေး ကြသော တောင်မြောက်ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အကျိုး ကျေးဇူးရရှိကြောင်း အတည်ပြုပြောကြားသည်။ လက်ဗနွန် ပြဿနာနှင့်စပ်လျဉ်း၍ လက်ဗနွန်နိုင်ငံ၏ အချုပ်အခြာအာဏာ ကို လေးစားသင့်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့၏ ဆောင်ရွက်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်မှသာ ယင်းပြဿနာ တိုးတက်မှုရနိုင်ကြောင်း ဆွေးနွေးသဘောတူညီ ခဲ့ကြသည်။
အကြိမ် ၂ဝ မြောက် အီးအီးစီထိပ်သီး အစည်းအဝေးကို လူဇင်းဘတ်နိုင်ငံတွင် ၁၉၈၁ ခုနှစ် ဇွန်လ၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်တွင်းဈေးကွက်၊ အမေရိကန်နှင့် ငွေကြေးဆက်ဆံမှု၊ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှု၊ သံမဏိဈေးနှုန်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာရေးရာနှင့် စပ်လျဉ်း၍ တောင်မြောက်ဆွေးနွေးပွဲ ဆိုင်ရာ အီးအီးစီ အထွေထွေကောင်စီ၏ သဘောထားကို အတည်ပြုရေး၊ အာဖဂနိစတန်နိုင်ငံတွင် ပြည်ပစွက်ဖက်မှု ကင်း၍ အာဖဂန်ပြည်သူများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကမ်ပူးချားပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ ဖြေရှင်းပြီး လွတ်လပ်၍ကြားနေသော ကမ်ပူး ချားနိုင်ငံ ထူထောင်ရေး၊ လုံခြုံရေးကောင်စီ၏ အခြေခံမူနှင့် အညီ နမီးဗီးယားပြဿနာကို ဖြေရှင်းရေး စသည်တို့ကို ဆွေးနွေးကြသည်။ ထို့ပြင် အစ္စရေးက အီရတ် နျူးကလီးယား ဓာတ်ပေါင်းဖိုကို ဗုံးကြဲတိုက်ခိုက်သဖြင့် အစ္စရေးနိုင်ငံအား လုံခြုံရေးကောင်စီက ရှုတ်ချသော အဆိုကိုလည်း အီးအီးစီက ထောက်ခံခဲ့ကြသည်။
၂၁ ကြိမ်မြောက် အီးအီးစီ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ၁၁ နိုင်ငံထိပ်သီးတို့သည် ဥရောပ ငွေကြေးစနစ်အပေါ် ပြန်လည်သုံးသပ်ရန် သဘောတူခဲ့ကြသည်။ အီးအီးစီခေါင်းဆောင်များသည် အဖွဲ့ဝင်နိုင်ငံများအတွင်း ငွေ ကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန် ဂျပန်နိုင်ငံ များနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုပြုရန် သဘောတူခဲ့ကြသည်။ ဥရောပပါလီမန်ဥက္ကဋ္ဌ ဆိုင်မွန်ဗီသည် ဇူလိုင်လ ၁၇ ရက် နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုသို့ရောက်ရှိစဉ် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အီးအီးစီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် မှုပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီးအီးစီအနေဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကြိုးပမ်း မှုတွင် မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်နိုင်မည်ကို လေ့လာရန် အတွက် နယ်သာလင်နိုင်ငံခြားရေးဝန်ကြီးသည် မေလအတွင်း၌ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများသို့ ခရီးထွက်ခဲ့သည်။ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးသည် ဂျော်ဒန်၊ ဆီးရီးယား၊ မော်ရော့ကို၊ အီရတ်၊ တျူးနစ်ဇီးယား၊ အီဂျစ်၊ လက်ဗနွန်နှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပီအယ်အိုခေါင်းဆောင် ယာဆာအာရာဖတ်နှင့်လည်း ဘေရွတ်မြို့တွင် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်မှရရှိသော အချက်အလက်များကို အကြိမ် ၂ဝ မြောက် အီးအီးစီ ထိပ်သီးအစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဆိုင်းနိုင်းနိုင်ငံစုံတပ်ဖွဲ့တွင် ပါဝင်ရေးအတွက် အီးအီးစီ အဖွဲ့ဝင်နိုင်ငံများအတွင်း သဘောတူညီမှု မရရှိဟူသောသတင်း နှင့် အီးအီးစီအဖွဲ့ဝင်နိုင်ငံများအတွင်း အရှေ့အလယ်ပိုင်း အရေး အခင်းနှင့်ပတ်သက်၍ သဘောထားကွဲပြားခဲ့သည်ဟူသော သတင်းများမှာ မမှန်ကန်ကြောင်း အီးအီးစီအရာရှိများက ငြင်းဆိုခဲ့ကြသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ အစ္စရေးက ဂိုလန်ကုန်းမြင့်အား သိမ်းပိုက်ခြင်းကို ဆန့်ကျင်ကြောင်း အီးအီးစီ နိုင်ငံခြားရေးဝန်ကြီးများက ကြေညာခဲ့သည်။[၂]
၁၉၈၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသော ဥရောပ ဘုံဈေးအဖွဲ့ဝင် ခေါင်းဆောင်များ၏ နှစ်ရက်ကြာ ဆွေးနွေးပွဲ၌ သဘောတူညီချက် တစုံတရာမျှ မရရှိပဲ ပြီးဆုံးသွားသည်။ ဥရောပဘုံဈေးအဖွဲ့သို့ ရန်ပုံငွေထည့်ဝင်ရေး ပြဿနာ ဖြေရှင်းရန် နိုင်ငံခြားရေးဝန်ကြီးများအား လွှဲအပ်ခဲ့သည်။ ဗြိတိန်နှင့်ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံတို့က မိမိတို့သည် ထည့်ဝင်ငွေကြေးကို မတန်တဆပေးသွင်း နေရကြောင်း ပြောကြား ခဲ့ကြသည်။
ဖောက်ကလင်အရေးအခင်းကြောင့် ဥရောပဘုံဈေးအဖွဲ့က အာဂျင်တီးနားနိုင်ငံမှ ပို့ကုန်များ အားလုံးကို ၁၉၈၂ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့မှစ၍ ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။ လက်တင်အမေရိကရှိ ပီရူးနှင့် အခြားသော အင်ဒီယန်းစာချုပ် အဖွဲ့ဝင်နိုင်ငံများက ဥရောပဘုံဈေးအဖွဲ့သည် အာဂျင်တီးနား နိုင်ငံမှ ပို့ကုန်များကို ပိတ်ပင်ခဲ့ခြင်းကြောင့် အာဂျင်တီးနား နိုင်ငံမှ ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ဥရောပဘုံဈေးအဖွဲ့ဝင်များ၏ လယ်ယာထွက်ကုန်ဈေးနှုန်း တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ချက်ကို ဗြိတိန်နိုင်ငံက ဗိတို အာဏာဖြင့် ပယ်ချမည်ကို အဖွဲ့ဝင်နိုင်ငံများက တားဆီးပိတ်ပင် ခဲ့သည်။ ယင်းသို့ ပိတ်ပင်ခဲ့ခြင်းသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အား မိမိ၏ အရေးပါသော အမျိုးသားရေး အကျိုးစီးပွားကို ကာကွယ်ခွင့် ပေးရမည်ဟူသော ၁၉၆၆ ခုနှစ်က လူဇင်ဘတ် သဘောတူညီချက်ကို ပထမဦးဆုံးအကြိမ် ဆန့်ကျင်ခြင်း ဖြစ်သည်။
ဥရောပဘုံဈေးအဖွဲ့က အာဂျင်တီးနားနိုင်ငံမှ ပို့ကုန်များအား သပိတ်မှောက်ထားခြင်းကို ရက်သတ္တပတ် အချိန် ထပ်မံ တိုးခဲ့ရာ ယင်းဆုံးဖြတ်ချက်ကို အိုင်ယာလန်နှင့် အီတလီနိုင်ငံ တို့က ဆန့်ကျင်ခဲ့ကြသည်။ လက်ဗနွန်ပြဿနာနှင့် စပ်လျဉ်း၍ ဗဲလဂျီယမ်နိုင်ငံ ဘရပ် ဆယ်မြို့တွင် ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံ အကြီးအကဲများ၏ ကွန်ဖရင့်တစ်ရပ်ကို ၁၉၈၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ လူဇင်ဘတ် နိုင်ငံ၌ ၁၉၈၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသော ဥရောပဘုံဈေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက အာဂျင်တီးနားနိုင်ငံအား စီးပွား ရေးသပိတ်မှောက်ထားမှုကို ရပ်စဲခဲ့သည်။
ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများက ဆိုဗီယက်ပြည်ထောင် စု၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် စက်ကရိယာများ ပေးပို့နေမှုနှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတက တားဆီး ပိတ်ပင်ရန် ကြိုးစားလျက်ရှိသည်။ ယင်းသို့ ကြိုးစားနေ ခြင်းသည် ဥရောပဘုံဈေးအဖွဲ့၏ အတွင်းရေးကို အမေရိကန် ပြည်ထောင်စုက ဝင်ရောက် ၊စွက်ဖက်ခြင်းဖြစ်သည်ဟု ယူဆကြ ပြီး ဥရောပဘုံဈေးအဖွဲ့ ကိုယ်စားလှယ်များက ဝါရှင်တန်မြို့၌ အမေရိကန် သမ္မတရေဂင်ထံ တရားဝင် ကန့်ကွက်လွှာကို ပေးအပ်ခဲ့သည်။ ဘရပ်ဆယ်မြို့၌ ၁၉၈၂ ခုနှစ် ဇွန်လတွင် ဥရောပဘုံဈေးအဖွဲ့ဝင်များ၏ အစည်းအဝေးက အမေရိကန် ပြည်ထောင်စုသို့ တင်သွင်းသော သံမဏိပို့ကုန်ကို ၁ဝ ရာခိုင်နှုန်းအထိ လျှော့ချရန် သဘောတူညီခဲ့ကြသည်။