ဥလူကဇာတ်
တိကနိပါတ် - ၂။ ပဒုမဝဂ် -(၂၇၀) ဥလူကဇာတ်။ ။ ငှက်အပေါင်းတို့ ခင်ပုပ်ငှက်အား မင်းမြှောက်ကြရာတွင် ကျီးက ကန့်ကွက်သဖြင့် ဟင်္သာမင်းကို မင်းမြှောက်လိုက်ကြရာ ကျီးနှင့်ခင်ပုပ် ရန်သူဖြစ်ရခြင်းအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ကျီးခင်ပုပ်ကြောင်းများ ဘုရားလျှောက်ထား
ပြင်ဆင်ရန်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကျီးတို့သည် နေ့အခါ ခင်ပုပ်တို့ကို ထိုးဆိတ်ကြကုန်၏။ ခင်ပုပ်တို့လည်း နေဝင်သောအခါမှစ၍ ညအခါ ထိုထိုအရပ်၌ အိပ်ကုန်သော ကျီးတို့ ဦးခေါင်းတို့ကို ဖြတ်ကြကုန်၏။
ထိုအခါ ဇေတဝန်ကျောင်းတော်၏ အစွန်းဝယ် ပရိဝုဏ်တစ်ခုတွင်နေသော ရဟန်းတစ်ပါးသည် တံမြက်လှည်းသောအခါ သစ်ပင်မှကျကာ သွေးအလိမ်းလိမ်း ကပ်လျက် ခုနစ်ကွမ်းစားမျှသော ကျီးဦးခေါင်းတို့ကို စွန့်ပစ်ရကုန်၏။ ထိုရဟန်းသည် ထိုအကြောင်းကို ရဟန်းတို့အား လျှောက်၏။
ရဟန်းတို့သည် တရားဘသင်ဝယ် ကျီး ခင်ပုပ်တို့ကို အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ယခုအခါ၌သည် ကျီး ခင်ပုပ်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ကြသည်မဟုတ်၊ ရှေးအခါ ကမ္ဘာဦးကစ၍ အချင်းချင်း ခိုက်ရန်ပြုကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်မင်းမြှောက်လေကြ ကမ္ဘာဦးစ
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ကမ္ဘာဦးအခါ လူတို့သည် အဆင်းအင်္ဂါ လက္ခဏာ အကျင့်သီလနှင့် ပြည့်စုံသော ယောကျာ်းမြတ်ကို မင်းမြှောက်ကြကုန်၏။ အခြေလေးချောင်းရှိ သတ္တဝါတို့လည်း စည်းဝေးတိုင်ပင်ကာ ခြင်္သေ့ကို မင်းမြှောက်ကြကုန်၏။ ငါးတို့လည်း စည်းဝေးတိုင်ပင်ကာ (အာနန္ဒာငါးကြီး) ကို မင်းမြှောက်ကြကုန်၏။ ။ [မင်းအုပ်စိုးခြင်းကား ကမ္ဘာဦးကပင် ရှိခဲ့ကြောင်း ထင်ရှားသည်။]
ထိုအခါ အခြေနှစ်ချောင်းရှိ ငှက်သတ္တဝါ အပေါင်းတို့သည် စည်းဝေးတိုင်ပင်ကြလျက် အဆွေတို့ ... လူတို့မှာလည်းကောင်း၊ အခြေလေးချောင်းရှိ သတ္တဝါတို့မှာလည်းကောင်း၊ ငါးတို့မှာလည်းကောင်း မင်းရှိကြပေပြီ၊ ငါတို့မှာကား မင်းမရှိကုန်သေး၊ ရိုသေတုပ်ဝပ်ခြင်းမရှိသော နေခြင်းမည်သည်ကား မသင့်လျော်၊ သို့အတွက် မင်းမြှောက်သင့်သော ငှက်တစ်ကောင်ကို ကြည့်ရှုရှာဖွေကြရန် တိုင်ပင်ကြကုန်၏။
ငှက်တို့သည် စည်းဝေးရောက်လာကြသော ငှက်တို့တွင် ရှာဖွေလတ်သော် ခင်ပုပ်ငှက်ကို မြင်လျှင် ဤခင်ပုပ်ငှက်ကို မင်းမြှောက်ရန် နှစ်သက်သည်ဟု ဆိုကြကုန်၏။ ထိုအခါ ခင်ပုပ်ငှက်သည် အလုံးစုံသောငှက်တို့၏ အလိုဆန္ဒကို ယူလိုသဖြင့် (မင်းမြှောက်ရန် မိမိကို နှစ်သက်ကြောင်း) သုံးကြိမ်တိုင်အောင် ကြွေးကြော်လေ၏။
ခင်ပုပ်မင်းတွက် ကျီးကန့်ကွက်
ပြင်ဆင်ရန်ကျီးတစ်ကောင်သည် နှစ်ကြိမ် ကြွေးကြော်စဉ် အောင့်အည်းသည်းခံ၍နေကာ သုံးကြိမ် ကြွေးကြော်သောအခါ ထ၍ - ငှက်အပေါင်းတို့အား -
“အချင်း ... အလုံးစုံ ဆွေမျိုးဖြစ်ကြသော ငှက်အပေါင်းတို့က ခင်ပုပ်ငှက်အား မင်းမြှောက်ခြင်းကို ပြုလိုကြသတဲ့၊ အကယ်၍ ခင်ပုပ်ငှက်အား မင်းမြှောက်ခွင့်ပြုကြမည်ဖြစ်ပါမူ - အကျွန်ုပ်စကားတစ်ခွန်း ပြောလိုပါ၏” –
ဟု ခွင့်တောင်းလေ၏။ ထိုအခါ ငှက်အပေါင်းတို့သည် ကျီးအား -
“အဆွေကျီး .. ငါတို့ ခွင့်ပြုကြပါတယ်၊ သင်သည် စင်စစ်အကျိုးအကြောင်းနှင့်စပ်သော စကားကို ပြောပါ၊ အမှန်မှာ - ငယ်သော်လည်း ပညာရှိ၍ ပညာဖြင့် ထွးန်ပနိုင်သော ငှက်များ ရှိကြပါကုန်၏” –
ဟု ပြောဆို ခွင့်ပြုကြလေ၏။ ကျီးသည် ပြောဆိုခွင့်ရလတ်သော်၊ ငှက်အပေါင်းတို့အား -
“အချင်းတို့ ... နားထောင်ကြပါ၊ အကျွန်ုပ်သည် ဤမည်သော ခင်ပုပ်ငှက်အား အဘိသိက်သွန်း၍ မင်းမြှောက်ခြင်းကို မနှစ်သက်နိုင်ပါ၊ အကြောင်းမူကား - အမျက်မထွက်သေးသော ခင်ပုပ်ငှက်၏ မျက်နှာကို ကြည့်ရှုကြပါလော့၊ အမျက်ထွက်သော်ကား မည်မျှလောက်ဆိုးဝါးမည်နည်း” –
ဟု ပြောဆိုကာ “ငါတို့မနှစ်သက် - ငါတို့မနှစ်သက်” ဟု မြည်၍ ကောင်းကင်သို့ ပျံလေ၏။
ခင်ပုပ်ငှက်လည်း ငါ့အား မင်းမြှောက်ကြမည်ကို သက်သက်နှောင့်ယှက်သည်ဟု အမျက်ပြင်းစွာထွက်လျက် ထိုကျီးကို ထ၍လိုက်လေ၏။ ထိုအခါမှစ၍ ကျီးနှင့်ခင်ပုတ်တို့သည် အချင်းချင်း ရန်ငြိုးဖွဲ့ကြကုန်၏။
ထိုအခါ ငှက်အပေါင်းတို့သည် ကျီးကန့်ကွက်သည့်အတွက် ခင်ပုပ်ငှက်ကို မင်းမြှောက်ရန် အစီအစဉ်ကို ဖျက်သိမ်းကာ ရွှေဟင်္သာကို မင်းမြှောက်ကြကုန်၏။
ဤဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာကိုပြသည်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့၌ တည်ကြကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မင်းမြှောက်သော ဟင်္သာငယ်သည် - ယခုအခါ ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ကျီး, ခင်ပုပ်မှာ၊ ရန်ငြိုးပါ၊ ကမ္ဘာဦးကပင်။
(၂) ခင်ပုပ်နှစ်သက်၊ မင်းမြှောက်ချက်၊ ကန့်ကွက်သောကြောင့်ပင်။
ဥလူကဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။