အမှု—အသက်၂၀ မပြည့်သူကို ရဟန်းပြုပေးမှု။

အမှုသည်—ရဟန်းအများ၊


ဥပါလိ၏မိဘများ အရှည်မြှော်ပုံ ပြင်ဆင်ရန်

ရာဇဂြိုဟ်မြို့၌ တဆယ့်ခုနစ်ယောက်သော ကစားဘော် ကလေးများသည် “သတ္တရသဝဂ္ဂီ” ဟု ထင်ရှား၏၊ ထိုကလေးများတွင် ဥပါလိမည်သော ကလေးသည် ခေါင်းဆောင်ဖြစ်၏။ အခါတပါး၌ ဥပါလိ၏ မိဘတို့သည် သားကလေး အတွက်နောင်ရေးကို စဉ်းစား၍-ကျုပ်တို့ကွယ်လွန်သောအခါ သားကလေး ဥပါလိသည် ဘယ်လိုနည်းဖြင့် အသက်မွေးဝမ်းကြောင်း ချောင်လည်ရစ်ပါ့ မလဲ”...ဟု တိုင်ပင်ကြလေသည်။[၁]

ပဌမအကြံ။ ။ “စာရေးအတတ်သင်ရလျှင် ကောင်းလိမ့်မည်ထင်တယ်”။

ဒုတိယအကြံ။ ။ “စာရေးရလွန်းအားကြီးလို့ လက်ချောင်းကလေးတွေ ဒုက္ခများကုန်လိမ့်မည်၊ ဂဏန်းအတတ် သင်ရလျှင် ကောင်းပါလိမ့်မယ်”။

တတိယအကြံ။ ။ ”ဂဏန်းသင်္ချာဆိုတာများစွာ ကြံစည်ရတယ်, ကြံစည်ရလွန်း အားကြီးလျှင် သူ၏ရင်ဘတ် ဒုက္ခရောက်လိမ့်မယ်, ရွှေပန်းထိမ်သည် အတတ်ကို သင်စေရလျှင် ကောင်းပါ လိမ့်မယ်”။

စတုတ္ထအကြံ။ ။ “ရွှေပန်းထိမ် အတတ်သင်ပေးလျှင် အရုပ်တံဆိပ်များကို လှည့်ကာပတ်ကာ ကြည့်ရှုရသဖြင့် မျက်စိများ ဒုက္ခရောက်ကုန်လိမ့်မယ်၊ ရဟန်းတော်များသည် ကောင်းသောသီလ အကျင့်ရှိကြ၍ ကောင်းစွာမွန်စွာ စားသောက်ပြီးလျှင် လေငြိမ်သော အိပ်ရာနေရာတို့၌ နေကြရတယ်၊ ဥပါလိသည် ရဟန်းပြုလျှင် ကောင်းမှာဘဲ၊ ရဟန်းပြုလျှင် ကျုပ်တို့ ကွယ်လွန်သောအခါ ချမ်းသာစွာလဲ အသက်မွေးရမယ်၊ ပင်ပန်းဘွယ်လည်း မရှိနိုင်။[၁]

ဥပါလိတို့ ရှင်ရဟန်းပြုကြပုံ ပြင်ဆင်ရန်

ထိုသို့မိဘများ တိုင်ပင်သံကို ဥပါလိကြား၍ သူ့ကစားဘော်များကို ပြောပြလေရာ, ကစားဘော်များကလည်း “ခင်ဗျားဘုန်းကြီးလုပ်လျှင် ကျုပ်တို့လဲ ဘုန်းကြီးလုပ်ကြမယ်”ဟု ဝန်ခံကြ၍ ဆိုင်ရာမိဘတို့ကလည်း ကျေကျေနပ်နပ် ခွင့်ပြုကြသဖြင့် ပဌမကိုရင်ဝတ်၍ တဆက်ထည်း ရဟန်းပြုကြလေသည်၊ သူတို့သည် နံနက်စောစော၌ ဆာလောင်မွတ်သိပ်ရှာကြသဖြင့် အစောကြီးထပြီးလျှင် “ယာဂု ပေးကြပါ, ထမင်းပေးကြပါ, သရည်စာပေးကြပါ”ဟု တောင်းကာ ငိုကြရုံမက, ကျောင်းပေါ်မှာပင် ကျင်ကြီးကျင်ငယ် စွန့်ကြသဖြင့် တကျောင်းလုံး ပေနေလေတော့သည်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဇာနံ ဦနဝီသတိဝဿံ ပုဂ္ဂလံ ဥပသမ္ပာဒေယျ, သော စ ပုဂ္ဂလော အနုပသမ္ပန္နော, တေ စ ဘိက္ခူ ဂါရယှာ, ဣဒံ တသ္မိံ ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည်အသက် ၂၀ မပြည့်သေးမှန်း သိလျက် (ဥပဇ္ဈာယ်ဆရာလုပ်၍) ရဟန်းခံပေးအံ့၊ ထိုရဟန်းလောင်းလည်း ရဟန်းမဖြစ်၊ ထိုရဟန်းခံကိစ္စ၌ ပါဝင်ကြသော သံဃာများနှင့် ကမ္မဝါ ဆရာလုပ်သူလည်း ကဲ့ရဲ့၍ထိုက်ကုန်၏၊ ...(“ကဲ့ရဲ့ထိုက်” ဟူရာ၌ “ဒုက္ကဋ်အာပတ်သင့်ကုန်၏”ဟုဆိုလိုသည်၊)ဤအာပတ်ကား အသက် ၂၀ မပြည့်သေးသူကို သိလျက် ရဟန်းခံပေးသော ဥပဇ္ဈာယ်ဆရာ၌ သင့်သော ပါစိတ်အာပတ်တည်း။ [အသက် ၂၀ ရေတွက်ရာ၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရာ ရက်မှစ၍ တွက်ရသည်၊ အကျယ်ကို ဘာသာ ဋီကာမှာရှု။] [၁]

မှတ်ချက် ပြင်ဆင်ရန်

အသက်၂၀မပြည့်သေး၍ အယွယ်နုသူတို့သည် အချမ်းအပူဆာလောင် မွတ်သိပ်ခြင်းဒဏ်ကို မခံနိုင်သေး၊ မှက်ခြင် လေပူ နေပူကင်းတို့၏ အတွေ့ အထိဒဏ်ကို မခံနိုင်သေး၊ သူတပါးတို့က မခံသာအောင် ပြောလာသော စကားနှင့် ကိုယ်ဆင်းရဲမှုများကိုလည်း မခံနိုင်သေး၊ ရဟန်းစစ်စစ်ဘဝ ဟူသည်မှာ (ဥပါလိမိဘများ ထင်သလို အချောင်စား အချောင်နေ မဟုတ်ကြ) ရတတ်သရွေ့နှင့် တင်းတိမ်ရမည့်ဘဝ, ဖြစ်သလိုနေထိုင်ရမည့်ဘဝ, ပရိယတ်ကိုဖြစ်စေ ပဋိပတ်ကိုဖြစ်စေ လူများစီးပွားရေးထက် ဇွဲသန်စွာ ဖြည့်ကျင့်ရမည့်ဘဝ ဖြစ်ပေသည်၊ ထို့ကြောင့် ဗုဒ္ဓရှင်တော်သည် အသက် ၂၀ပြည့်မှ ရဟန်းဘဝဖြင့် နေခွင့်ပြုတော်မူရပေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး