ကျင်ခဲ၊ ဦး
ဦးကျင်ခဲ(ဦးကြင်ခဲ)သည် မြန်မာ့သဘင်လောကတွင် ထင်ရှားသော လူရွှင်တော်တစ်ဦး ဖြစ်ပေသည်။ သီချင်းရေးဆရာလည်း ဖြစ်သည်။ ဥဩဘသောင်းသီဆိုသည့် နွားကျောင်းသား၊ ဘဲကျောင်းသားသီချင်းများမှာ ထင်ရှားသောလက်ရာများဖြစ်သည်။
ဦးကျင်ခဲ | |
---|---|
မွေးဖွား | မောင်ငယ် မြန်မာနှစ် ၁၂၄၈ ခရစ်နှစ် ၁၈၈၆/၁၈၈၇ ပြည်မြို့၊ ပြည်ခရိုင်၊ ပဲခူးတိုင်း၊ ဗြိတိသျှဘားမား |
ကွယ်လွန် | မြန်မာနှစ် ၁၃၀၀ ခရစ်နှစ် ၁၉၃၈/၁၉၃၉ |
အလုပ်အကိုင် | လူရွှင်တော်၊ သီချင်းရေးဆရာ |
အိမ်ထောင်ဖက်(များ) | မသိန်းမျှင်၊ စန္ဒရားမမြရီ |
သားသမီး | ကျော်အုန်းလှိုင်၊ ရွှေတိုင်ညွန့် |
မိဘ(များ) | ဆရာလန်း + ဒေါ်သာ |
ဦးကျင်ခဲကို ပြည်မြို့ သံတချောင်းလမ်း၊ ဖခင် ဆရာလန်းနှင့် အမိဒေါ်သာတို့မှ ၁၂၄၈ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဖများက မောင်ငယ်ဟု နာမည်ပေးခဲ့သော်လည်း၊ အဒေါ်ဖြစ်သူ မှည့်ခေါ်ခဲ့သော ကျင်ခဲနာမည်သာ တွင်ခဲ့လေသည်။ ဆရာလန်းမှာ သီချင်းကြီး သီချင်းခံ့များကို စံနစ်တကျ သီဆိုနိုင်သည့်အပြင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်များတွင် အမှုတော်ထမ်းခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်လေသည်။ ဦးကျင်ခဲ ၁၂ နှစ်အရွယ်တွင် ဆရာလန်းသည် ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့၍ ကြည့်မြင်တိုင် ထီးတန်းအရပ်တွင် နေထိုင်လေသည်။ ဦးကျင်ခဲသည် ဖခင်၏ ဇာတ်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ယင်း ဒေါပုံအုန်းစိန်အဖွဲ့၊ မစိန်ချစ်အဖွဲ့၊ အလုံမစိန်တင်အဖွဲ့၊ မစိန်ပုကြီးအဖွဲ့ စသော အငြိမ့်အဖွဲ့များတွင် လူရွှင်တော်အဖြစ် ဝင်ရောက်ကပြခဲ့လေသည်။ အသက် (၁၇)နှစ်အရွယ်တွင် ကြည့်မြင်တိုင်မှ အရပ်သူ မသိန်းမျှင်နှင့် အကြောင်းပါခဲ့သည်။ ၉ နှစ်ခန့်အကြာတွင် ဒေါ်သိန်းမျှင် ဆုံးလေသည်။ မောင်အုန်းလှိုင်နှင့် မောင်အုန်းဆိုင်ဟု သား ၂ ယောက် ထွန်းကားခဲ့သည်။ မောင်အုန်းလှိုင်မှာ မင်းသား ကျော်အုန်းလှိုင်အမည်ဖြင့် ထင်ရှားရှိသည်။ မောင်အုန်းဆိုင်မှာ စာရေးဆရာ ရွှေတိုင်ညွန့်အမည်ဖြင့် ထင်ရှားခဲ့လေသည်။
နောက်များမကြာမီ ဦးကျင်ခဲသည် အငြိမ့်မင်းသမီး စန္ဒယားမမြရီနှင့် အကြောင်းပါခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဦးကျင်ခဲသည် ဒေါင်းယာဉ်ပျံမင်းသမီးအဖွဲ့နှင့် အိန္ဒိယပြည်သို့ သွားရောက်ကပြခဲ့လေသည်။ ဦးကျင်ခဲသည် မြန်မာအက၊ ယိုးဒယားအကများကို ကပြနိုင်သည့်အပြင် ပတ္တလား၊ ပတ်ဝိုင်း၊ ဗာဂျာနှင့် နှဲများ ကိုလည်း တီးမှုတ်တတ်လေသည်။ ထို့ပြင် ပန်းချီနှင့် ပန်းပုပညာများကိုလည်း လိုက်စားခဲ့လေသည်။ ဦးကျင်ခဲမှာ အသံအောင်ရုံမျှမက အသံအမျိုးမျိုးဖြင့် သီဆိုနိုင်ခြင်းမှာ သူ၏ ထူးခြားသောအရည်အချင်းတစ်ရပ် ဖြစ်သည်။
ဦးကျင်ခဲ၏ပျက်လုံးများ၊ ဇာတ်ထုပ်များကို ဓာတ်ပြား သွင်းထားခဲ့သည်။ သီချင်းပေါင်း ၁ဝဝ ကျော် ဓာတ်ပြားသွင်းခဲ့ရာ ပဲပြုတ်သည်သီချင်းမှာ ပထမဆုံးသွင်းသော ဓာတ်ပြား ဖြစ်သည်။ သူ၏ ဓာတ်ပြားဇာတ်ထုပ်များမှာ ဦးရှင်ကြီး၊ ဗျတ်ဝိ၊ ဗျတ္တ၊ ဗုဒ္ဓဝင်၊ မောင်မစ္စက၊ ရေနံချောင်းက ဖေကံကောင်း စသောဇာတ်ထုပ်များ ဖြစ်လေသည်။ သူသည် ဦးသော်တာဆိုသော အမည်ကိုလည်း ယူခဲ့လေသည်။ ဦးကျင်ခဲသည် အခြားသဘင်သည်များအဖို့ တေးသီချင်းများကိုလည်း ရေးစပ်ပေးခဲ့လေသည်။ မင်းသား ပုဏ္ဏားပျံ ကျော်အေးနှင့် ဖိုးစိန်ကြီးတို့အတွက် သီချင်းများ ရေးစပ်ပေးဘူး လေသည်။ ဖိုးစိန်ကြီးသီဆိုလေ့ရှီသော 'အချစ်ဆုံး' သီချင်းနှင့် 'နိဗ္ဗာန်ကူးမဲ့စိန် သီချင်း'များမှာ ဦးကျင်ခဲ ရေးစပ်ခဲ့သော သီချင်းများ ဖြစ်သည်။
ထို့အပြင် 'လယ်ယာစောင်းမှာ၊ တစ်ယောက်ထဲ နွားကျောင်းလာတာ၊ ပြွေတစင်းနဲ့အပျင်းဖြေရကာ' အစချီသော နွားကျောင်းသားသီချင်းနှင့် 'ဘဲကျောင်းသား ပျော်ပါးပါတဲ့ နေရာ၊ ရွံ့ဗွက်ကယ် ရေအိုင်စောင်းကို၊ မောင်းပြန်ရတာ' အစချီသော ဘဲကျောင်းသားသီချင်းများကိုလည်း ရေးခဲ့သည်။ ဦးကျင်ခဲသည် ဇာတ်ခုံပေါ်၌ လူရွှင်တော်အဖြစ်ဖြင့် ကပြခဲ့သော်လည်း ဇာတ်အပြင်ဘက်တွင် ဣန္ဒြေရရနှင့် နေထိုင်တတ်သူ ဖြစ်သည်။ ဇိနတ္ထပကာသနီ၊ ဗုဒ္ဓဝင် စသော ကျမ်းစာအုပ်များကို ဖတ်ရှုလေ့ရှိ၍ အလှူအတန်း၌ ရက်ရောလေသည်။ ရပ်မှုရွာမှုများတွင်လည်း စေတနာထက်သန်စွာ ဝင်ရောက် ကူညီလေ့ရှိသည်။ အရပ်ထဲမှ ယိမ်းအဖွဲ့များ၊ ကျောင်းကပွဲများအတွက် ဝင်ရောက်ကူညီလေ့ရှိသည်။ ၁၃ဝဝ ပြည့်နှစ် အသက် ၅၂ နှစ်တွင် မင်းညီနောင်ဇာတ်ထုပ်ကို ဓာတ်ပြားသွင်း နေဆဲ မပြီးမီ ဦးကျင်ခဲ ကွယ်လွန်ခဲ့လေသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)