ထွန်းလှ (ပန်းချီ)

(ဦးထွန်းလှ (ပန်းချီ) မှ ပြန်ညွှန်းထားသည်)

ဘုန်းကြီးပျံပန်းချီမှ ဧည့်ခန်းပန်းချီအထိ တက်လှမ်းခဲ့သူ ပန်းချီဆရာကြီး ဦးထွန်းလှ(သို့မဟုတ်) M.T Hla


ရန်ကုန်မြို့ အလုံတဖက်ကမ်းမှ တောင်စူးစူး ခရီးတထိုင်ခန့်အကွာတွင် စေတီဖြူဖြူ၊ ကျောင်း၊ ဇရပ်၊ ပြာသာဒ်များနှင့် ချောင်ဝိုင်းကြီးကျေးရွာကို လှမ်းမြင်ရသည်။ ချောင်ဝိုင်းကြီးကျေးရွာသည်လယ်ကွင်းများနှင့် ပတ်ရံလျက်ရှိသည်။ ချောင်ဝိုင်းကြီးကျေးရွာ၏ အနောက်ဘက် မှုန်ပျပျသစ်ပင်အုပ်တွင် မငေးကျေးရွာရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ချောင်ဝိုင်းကြီးကျေးရွာတွင် အဘ ဦးဆိုးဖေ၊ အမိ ဒေါ်မိတို့မှ နောင်အခါ မြန်မာများက ပန်းချီဆရာကြီး ဦးထွန်းလှဟုလည်းကောင်း၊ နိုင်ငံခြားသားများက အမ်တီလှဟုလည်းကောင်း အသိများ ကျော်ကြားလာမည့် မောင်ထွန်းလှကို ဖွားမြင်ခဲ့သည်။ ထိုခေတ်က အရုပ်ရေးဝါသနာပါသော မောင်ထွန်းလှအဖို့ အရုပ်များကိုကြည့်၍ လေ့လာနိုင်သောနေရာမှာ ဘုန်းကြီးပျံများတွင်သာ ဖြစ်သည်။ ဘုန်းကြီးပျံများတွင် လောင်တိုက်တလား၊ပြာသာဒ်များကို ရောင်စုံခြယ်၍ အဆန်းတကြယ် ပြုလုပ်ကြသည်။ လောင်တိုက် တလားပတ်လည်တွင် ပန်းချီကားများ ရေးဆွဲပြသထားသည်။ ဘုန်းကြီးပျံလောင်တိုက်တလား၊ ပြာသာဒ်နှင့် ပန်းချီကားများမှာ မောင်ထွန်းလှအဖို့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာများ ဖြစ်ခဲ့သည်။ ကျောင်းအပ်ရန် အရွယ်ရောက်သည့်အခါ မိဘများက မောင်ထွန်းလှကို မငေးဘုန်းတော်ကြီးကျောင်းတွင် အပ်နှံခဲ့သည်။ ထိုစဉ်က မငေးဘုန်းတော်ကြီးကျောင်းမှာ ကလေးသူငယ်များ ပညာသင်ကြားရန်အတွက် နာမည်ကျော် ဌာနကြီးတခု ဖြစ်ခဲ့သည်။ တော်ရုံမိဘများ မိမိသားငယ်များကို မငေးဘုန်းတော်ကြီးကျောင်း၌ မထားနိုင်ကြပေ။


မောင်ထွန်းလှသည် မငေးရွာမှ မြန်မာစာသင်ရိုးများကို သင်ယူခဲ့သည်။ မငေးရွာမ၌ပင် ဘုန်းကြီးပျံပန်းချီ အပါအဝင်ဖြစ်သော စပ်ပန်းချီပညာ အခြေခံများ တတ်မြောက်ခဲ့သည်။ မငေးရွာမှ မစိန်အမည်ရှိသော အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည်။ ထိုမငေးရွမှပင် နောင်အခါ ပန်းချီ‌ကျော်တဦးဖြစ်လာမည့် မောင်ဘလုံအည်ရှိ တပည့်တယောက် ရခဲ့သည်။ မောင်ဘလုံမှာ မစိန်၏မောင်ဝမ်းကွဲ တော်သူဖြစ်သည်။ ကိုထွန်းလှ၏ အဓိက အသက်မွေးဝမ်း‌ကျောင်း ပညာမှာ စပ်ပန်းချီပညာသာ ဖြစ်သည်။ “ဘုန်းကြီးပျံရှိမှ ထမင်းစားရတဲ့ပညာ” ဟု ဆိုစမှတ်ပြုသော ကာလဖြစ်သည့်အလျောက် ဘုန်းကြီးပျံပွဲများ မရှိသောအခါတွင် ကိုထွန်းလှ ဝမ်းရေးမှာ အကျပ်အတည်း ဖြစ်ခဲ့သည်။ ကိုထွန်းလှတွင် စာပေဝါသနာပါသည့်အလျောက် ကွက်စိပ်ဟောခြင်း၊ အလှူမင်္ဂလာ ဘိတ်သိက်သွန်းခြင်း စသော အတတ်ပညာများကိုလည်း ဆည်းပူးခဲ့သည်။ လက်သမားအတတ်လည်း တတ်ကျွမ်းသည်။ အခက်အခဲများကြားမှ ပန်းချီပညာကိုလည်း တိုးတက်လိုက်စားသည်။ ကိုထွန်းလှ၏ ဖခင်မှာ ဇနီးနှင့်ကွဲပြီး မော်လမြိုင်ဘက်တွင် သွားနေသည်။ ကိုထွန်းလှလည်း လုပ်ငန်းကိုင်ငန်းအတွက် မော်လမြိုင်ဘက်သို့ ရောက်ခဲ့သည်။ မော်လမြိုင်ဘက်တွင် ပန်းချီလုပ်ငန်း မကောင်းသည့်အခါ ကျောက်ပန်းပုထု၍ အလုပ်ဝင်ငွေ ရှာခဲ့သည်ဟုလည်း မှတ်သားရသည်။ တချိန်က ကိုထွန်းလှသည် ရွှေတိဂုံတောင်ဘက် စောင်းတန်း၌ မှန်ကားပန်းချီဆိုင်ဖွင့်၍ စီးပွားရှာခဲ့သည်။ ပန်းပညာလိုက်စားမှုကား မလျော့ခဲ့ပေ။ ရေဆေး၊ ဆီဆေး၊ ရှုခင်း၊ လူပုံတူ အစုံ ရေးဆွဲခဲ့သည်။


တနေ့တွင် ရွှေညောင်စော်ဘွားကြီး၏ ဓာတ်ပုံ သတင်းစာထဲပါလာရာ ဦးထွန်းလှသည် စော်ဘွားပုံတူရေးဆွဲပြီး ပို့လိုက်သည်။ ဆာ-စောမောင်မှာ ပန်းချီကားကို လေးစားသော ဘိလပ်ပြန် ခေတ်ပညာတတ် တယောက်ဖြစ်ရာ ထိုအချိန်မှစ၍ ဦးထွန်းလှ၏ မိတ်ဆွေကောင်းတယောက် ဖြစ်သွားသည်။ ရွှေညောင်စော်ဘွားကြီးပုံတူ ရေးဆွဲပြီးချိန်မှစ၍ ဆရာကြီး ဦးထွန်းလှ၏ ပန်းချီလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာသည်။ စီးပွားရေးသည်လည်း ဖြောင့်ဖြူးလျက်ရှိသည်။ ကွယ်လွန်သူ ပန်းချီဝါသနာရှင် ဂျီ-လှမောင်က သူ့အား ပန်းချီကျော် ဦးဘလုံ ပြောပြပုံကို ဤသို့ မှတ်တမ်းတင် ရေးသားခဲ့သည်။


“ဒီတုန်းက ဆရာကြီးဦးထွန်းလှကလည်း သားဦးမွေးစဆိုတော့ စာအုပ်ဆိုင် (စမတ်အင်မူကာဒမ်) က စရံယူပြီး မြန်မာပြည်အထက်ပိုင်း ခရီးစတော့တာပဲ။ ကျုပ်လည်း ဆင်ထားတာ ကြည့်ပါဦး။ ဗန်ကောက်လုံချည်၊ မာစရိုက်ရှပ်၊ နက်ပြာရောင် သက္ကလပ်။ ဆရာကြီးကိုလည်း ကြည့်ပါဦး။ တောင်ရှည်ပုဆိုး၊ သားမွေးအင်္ကျီ၊ ရင်ဘတ်မှာလည်း ရွှေကြိုးဒေါ်လာပြားနဲ့ နာရီကြီးနဲ့ ပေါ့။ ခရီးသွားရင်လည်း ရထားလုံးနဲ့။ လက်ကို ကြည့်ပါဦး။ ပတ္တမြားလက်စွပ်နဲ့ စီးကရက်နဲ့။ ဆရာကြီးဟာ ခရီးသွားရင် ငွေဖလားစုံကွမ်းအစ်၊ နောက်ပြီး တယောက်ထိုင် ကော်ဇော ကတ္တီပါမှီအုံးကလေး၊ ခြင်တို့ယင်တို့ခတ်ဖို့ မြင်းမြီး၊ ရေတကောင်း ရေသောက်ဖလား၊ ကျောက်ကာလေးဆင့်ယွန်းထမင်းချိုင့် စတိုင်ကတော့ ဖြောင့်လှပေါ့။ မီးရထားစီးတော့ ဒုတိယတန်း”ဆရာကြီးဦးထွန်းလှ စီးပွားဖြစ်ရခြင်းအကြောင်းမှာ တပင်တပန်း လေ့လာလိုက်စားခဲ့သော ပန်းချီပညာပင် ဖြစ်သည်။ ဆရာကြီး၏ စီးပွားရေးတွင် စမတ်အင် မူကာဒမ် စာအုပ်ဆိုင်သည်လည်း များစွာ အထောက်အပံ့ ဖြစ်ခဲ့သည်။

စမတ်အင် မူကာဒမ် စာအုပ်ဆိုင်မှာ ရန်ကုန်တွင် အစောဆုံးဖွင့်လှစ်သော နိုင်ငံခြား စာအုပ်ဆိုင် ဖြစ်သည်ဟု မှတ်သားရသည်။ အနောက်တိုင်းရင်းသား စမတ်နှင့် အိန္ဒိယတိုင်းသား မူကာဒမ်တို့ ပူးပေါင်းထူထောင်သော ဆိုင်ဟုလည်း သိရသည်။ စာအုပ်ဆိုင်ကို ဘားလမ်းတွင် စတင်ဖွင့်လှစ်၍ နောင်တွင် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ယခု ကုန်သွယ်ရေး (၉) စာအုပ်ဆိုင်နေရာသို့ ပြောင်းရွှေ့ကာ နောက်ဆုံး ဆူးလေဘုရားလမ်း ဂုဏ်ရုပ်ရှင်ရုံတောင်ဘက်တွင် ဖွင့်လှစ်ခဲ့သည်။ စာအုပ်ဆိုင်မှာ ကြီးပွားတိုးတက်ခဲ့ရာ အင်္ဂလိပ်ခေတ်က ဘုရင်ခံပင် လာရောက် ကြည့်ရှုခဲ့ရာ ဘုရင်ခံထိုင်ရန် အထူးကုလားထိုင် စီမံ၍ ဧည့်ခံရသည်။ စမတ်အင်မူကာဒမ် စာအုပ်ဆိုင်တွင် မြန်မာပန်းချီဆရာများ၏ ပန်းချီကားများကိုသာ တင်ပြရောင်းချသည်။ ဆရာကြီး ဦးထွန်းလှသည် ရေဆေးရှုခင်းကားများ၊ တိုင်းရင်းသားလူမျိုးပုံများ၊ ခရစ်စမတ်နှစ်သစ်ကူးကတ်များ၊ မွေးနေ့လကဆောင်ကတ်များကို ယင်းဆိုင်သို့ တင်သွင်းရောင်းချသည်။ ဆရာကြီး၏ ပန်းချီကားကို နိုင်ငံခြားသားများက နှစ်သက်ဝယ်ယူကြရာ နေ့ရောညပါ လက်မလည်အောင် ရေးဆွဲပေးသွင်းရသည်။

ဆရာကြီးရေးဆွဲသော ရှုခင်းကားများတွင် မန္တလေးမြို့ကား၊ ကန်တော်ကြီး၊ ရွှေတိဂုံကား၊ စိန်ပန်းနှင့် အညာလှေကား၊ အင်းလေးရှုခင်းကား၊ ပုဂံဗူးဘုရားကား၊ အာနန္ဒာကားများကို နိုင်ငံခြားသားများ အထူးနှစ်သက်ကြသည်။ တိုင်းရင်းသားလူမျိုးစုံကားများတွင် နာဂ၊ ပဒေါင်းနှင့် ကချင်တိုင်းရင်းသားကားများကို အတွင်ကျယ်ဆုံးရောင်းကြရသည်။ ယင်းသို့သော ပန်းချီကားများကို ရေးဆွဲနိုင်ရန် ဆရာကြီးသည် အထက်အောက်မြန်မာပြည်နှင့် ရှမ်းပြည်အနှံ့ ခရီးသွားလာ လေ့လာခဲ့သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဘထွေး - ပန်းချီပန်းပုမှတ်တမ်း