ဦးရစ်စေတီတော် သည် ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ကုလားတန်မြစ်၏ လက်ယာဘက်ကမ်းရှိ ဦးရစ်တောင်ပေါ်တွင် ရှိသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

သက္ကရာဇ် ၉၃၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်နေ့တွင် ရခိုင်ပြည့်ရှင် မင်းဖလောင်းသည် ရေသဘင်ထွက်တော်မူ၏။ ညဉ့်အချိန်သို့ ရောက်သည့်အခါ ကစ္စပနဒီမြစ်၏ အောက်ပိုင်းတွင် နားတော်မူ၏။ ထိုအခါ မြစ်၏ လက်ယာဘက်ကမ်းရှိ သေလဝဋ္ဌိတောင်ထိပ်မှ မြောက်ဘက်ရှိ သလာယမတောင်ထိပ်သို့ ရောက်ခြည်တော်များ ထွန်းပနေသည်ကို ဖူးမြင်ရ၏။ ထိုအခါ အမတ်တို့အား သွားရောက်ကြည့်ရှုစေရာ အသောကမင်းကြီးတည်ထားတော်မူခဲ့သည့် ဦးရစ်စေတီတော်ကို တွေ့ခဲ့သည်။

မင်းကြီးသည် အနောက်ဘက်တရိုးကို သိမ်းပိုက်၍ အောင်မြင်ခဲ့ပါက စေတီတော်ကို ပြန်လည်ပြုပြင်မည်ဟု ဝန်ခံခဲ့၏။ ထို့နောက် သက်မင်းနိုင်ငံ၊ စစ်တကောင်းနိုင်ငံတို့ကို အောင်မြင်၍ ပြန်ခဲ့သည့်အခါ ဦးရစ်တောင်တွင် စေတီတည်ရန် စီစဉ်ခဲ့သည်။ သားတော် ဦးရစ်တောင်စားသည် ကူညီ၍ ကျောက်မျက်ညိုတို့ကို မင်းအလံ ၈၀ လုံးပတ်ရှီသည့် စေတီတော်ကို အုတ်မြစ်ချခဲ့သည်။ စေတီတည်နေစဉ်တွင် မြစ်ကမ်းနှစ်ဖက်၌ ရေကန်တူးကာ ရေအလှူပြုခဲ့သည်။[၁]

ဌာပနာခြင်း ပြင်ဆင်ရန်

သက္ကရာဇ် ၉၅၃ ခုနှစ်၊ တန်ခူးလဆုတ် ၁ ရက်နေ့တွင် ဘုရားရုပ်တုများ၊ ရွှေရုပ်တု ၁၆၀၊ ငွေရုပ်တု ၁၉၂၀၊ ခပ်ပြာရုပ်တု ၅၇၆၀၀၊ ကြေးနီရုပ်တု ၃၄၅၆၀၀၀၊ ကြေးဖြူရုပ်တု၊ ခဲရုပ်တု၊ သံရုပ်တု၊ ရတနာကိုးပါးရုပ်တု စသည့် ရုပ်တုပေါင်း ကုဋေပေါင်း တစ်သောင်းသုံးထောင်ကျော်နှင့် ဓာတ်တော်မွေတော်တို့ကို ဌာပနာခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ ပြင်ဆင်ရန်

စေတီတော်သည် နှစ်ကာလ ရှည်ကြာလာသည့်အခါ ယိုယွင်းပျက်စီးလာခဲ့သည်။ ထို့ကြောင့် ၁၂၃၇ ခုနှစ်တွင် ပြုပြင်ခဲ့ရသည်။ ၁၂၄၅ ခုနှစ်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ငှက်မြတ်နားတော် ကျိုးပြတ်ခဲ့ပြန်သဖြင့် ပြုပြင်ခဲ့သည်။ ၁၂၇၄ ခုနှစ်တွင် ထီးတော်အသစ် တင်ခဲ့သည်။[၁]

အတိုင်းအတာများ ပြင်ဆင်ရန်

လုံးပတ်သည် အတောင် ၃၂၀၊ ထီးတော်အမြင့် ၃၂ တောင်၊ ထီးတော်ခေါင်းလောင်းလုံးပတ် ၂ တောင် ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၉၂၊ ၂၉၃။