စတုက္ကနိပါတ် - ၁။ ကာလိင်္ဂဝဂ် -(၃၀၃) ဧကရာဇဇာတ်။ ။ တိုင်းပြည်ကို လုယူပြီးလျှင် မိမိကိုပင် ဦးစောက်ဆွဲ၍ ညှဉ်းဆဲသောမင်းအား အချစ်မပျက် မေတ္တာသက်နိုင်သည့် ဗာရာဏသီမင်းတစ်ပါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီး၏ မထင်ရှားသော အမတ်တစ်ယောက်ကို အကြောင်းပြု၍ အောက်ပါအ တိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် သေယျဇာတ် ပစ္စုပ္ပန်ဝတ္ထုနှင့် တူပြီ။ အတိတ်ဝတ္ထုလည်း မဟာသီလဝဇာတ် အတိတ်ဝတ္ထုနှင့် တူပြီ၊ ထူးနိုးရာကိုသာ ပြအံ့။]

အတိတ်ဝတ္ထု

ပြင်ဆင်ရန်

ပြည်မှနှင်ထုတ် အမတ်ယုတ်

ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် အမတ်တစ်ယောက်သည် နန်းတွင်း၌ ပြစ်မှားလေ၏။ ထိုအမတ်၏အပြစ်ကို မင်းကြီးကိုယ်တိုင် သိတော်မူလျှင် တိုင်းပြည်မှနှင်ထုတ်လေ၏။

ထိုအမတ်သည် ဒုဗ္ဘိသေနမည်သော ကောသလမင်းထံဝင်၍ ခစားလေ၏။ ဗာရာဏသီမင်းကို စစ်ထိုးရန် အကြိမ်ကြိမ် ကုန်းတိုက်လျှောက်ထားသဖြင့် ခွင့်ပြုလျှင် မင်းကြီးနှင့်တကွ စစ်သည်ဗိုလ်ပါခြံရံကာ ဗာရာဏသီမြို့သို့ လာလေ၏။ ဗာရာဏသီမင်းကြီးလည်း ခုခံခြင်းကို မပြုလေ၊ ဒုဗ္ဘိသေနမင်းသည် အစဉ်အတိုင်း သိမ်းယူကာ မြို့တော်သို့ရောက်လျှင် မြတ်သော ပြာသာဒ်အပြင်ဝယ် အမတ်တို့အလယ်၌နေသော ဗာရာဏသီမင်းကို ဖမ်းယူနှောင်ဖွဲ့ကာ ဆိုင်း၌ထည့်စေပြီးလျှင် မြောက်ဘက်တံခါးခုံ၌ စောင်ထိုးစွဲ၍ ထားလေ၏။

သူခိုးမင်းအား မေတ္တာပွား

ပြင်ဆင်ရန်

ဗာရာဏသီမင်းကြီးသည် သူခိုးမင်းကို အာရုံပြုလျက် မေတ္တာကိုပွားစေ၍ ကသိုဏ်းပရိကံ ပြုတော်မူ၏။ အနှောင့်အဖွဲ့ကို ဖြတ်စေပြီးလျှင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေတော်မူ၏။ ထိုအခါ သူခိုးမင်း၏ကိုယ်၌ အလွန်ပူပြင်းရကား ပူသည်၊ ပူသည်ဟု ဟစ်အော်ကာ မြေ၌ ဟိုမှ၊ သည်မှ လူးလဲ ကာနေရ၏။ အမတ်တို့ကို မေးလတ်သော် အမတ်တို့သည် အရှင်မင်းကြီးတို့ကား တရားစောင့်၍ အပြစ်မရှိသော မင်းကြီးကို ဆိုင်း၍ထည့်ကာ မြောက်ဘက်တံခါးမုခ်၌ စောင်ထိုးဆွဲစေသည့်အတွက် ပူလောင်သည်ဟု လျှောက်ထားကုန်၏။

ဒုဗ္ဘိသေနမင်းသည် ဗာရာဏသီမင်းကြီးကို လွှတ်ကြကုန်ဟု မင်းချင်းတို့အား စေခိုင်းလေ၏။ မင်းချင်းတို့လည်း လွှတ်မည်ဟု သွားကြရာ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေသော ဗာရာဏသီမင်းကြီးကို မြင်လျှင် ပြန်ခဲ့၍ ဒုဗ္ဘိသေနမင်းအား လျှောက်ထားကြပြန်၏။ ဒုဗ္ဘိသေနမင်းလည်း လျင်မြန်စွာသွား၍ ဗာရာဏသီမင်းကြီးကို ရှိခိုးကန်တော့ကာ -

အဆင်းမပျက် သည်းခံချက်

ပြင်ဆင်ရန်

“အို - ဧကရာဇ်မင်းမြတ် .... အရှင်မင်းမြတ်သည် ရှေးအခါ အလွန်မွန်မြတ် ပြည့်စုံသော ကာမဂုဏ်တို့ကို ခံစား၍ နေရဘိ၏။ ယခုအခါ ငရဲ၌ကျသည့်အလား မညီမညွတ် စောင်ထိုးဆွဲထားပါလျက် ရှေးကဖြစ်သေ အဆင်းအားကို အဘယ်ကြောင့် မစွန့်ဘိသနည်း” ဟု အံ့ဩစွာ မေးမြန်းလျှောက်ထားလေ၏။ ထိုစကးကိုကြားလျှင် ဗာရာဏသီမင်းသည် - ဒုဗ္ဘိသေနမင်းအား -

“အို- ဒုဗ္ဘိသေနမင်း ... အကျွန်ုပ်ကား ရှေးအခါ၌ပင် သည်းခံခြင်း၊ ခြိုးခြံခြင်းအကျင့်ကို ကျင့်ရန် တောင့်တခဲ့ဖူးပြီ၊ ယခုအခါ၌ ထိုတောင့်တခဲ့ဖူးသော သည်းခံခြင်း၊ ခြိုးခြံခြင်းအကျင့်ကို ကျင့်ရပါလျက် ရှေးကဖြစ်သော အဆင်းအားကို အဘယ်ကြောင့် စွန့်ရာအံ့နည်း -

အို . ဒုဗ္ဘိသေနမင်း ... အကျွန်ုပ်မှာ ရှေးအခါကပင် ဒါန၊ သီလစသော ပြုလုပ်ဖွယ်ကိစ္စတို့ကို ပြုလုပ်၍ ပြီးပါပြီ၊ အခြံအရံ ဉာဏ်ပညာနှင့်ပြည့်စုံလျက် သည်းခံနိုင်ခဲသောအရာ၌ သည်းခံနိုင်သော အကျွန်ုပ်ကား စည်းစိမ်ရှိသူဖြစ်သော်လည်း ရှေးအခါက မဖြစ်ဖူးမြဲဖြစ်သော မွန်မြတ်သော ချမ်းသာကိုရရှိသဖြင့် ရှေးကဖြစ်သော အဆင်းအားကို မစွန့်ပေ။

အို - ဒုဗ္ဘိသေနမင်း .... သင်ပြုလုပ်အပ်သော ဆင်းရဲဖြင့် မင်းချမ်းသာကို ပယ်စွန့်၍ ဈာန်ချမ်းသာဖြင့်လည်း သင်ပြုလုပ်အပ်သော ဆင်းရဲကို ပယ်စွန့်ကာ သည်းခံနိုင်ခဲသောအရာကိုလည်း သည်းခံနိုင်၏။ သူတော်ကောင်းတို့သည် ငြိမ်းအေးနိုင်သော သဘောရှိကုန်သည်ဖြစ်၍ နှစ်ပါးစုံသော ချမ်းသာ၊ ဆင်းရဲ၌တူမျှကြကုန်၏’’ –

ဟု ပြန်ကာ ပြောဆိုတော်မူ၏။

ပြည်ကိုအပ်နှင်း ကန်တော့ခြင်း

ပြင်ဆင်ရန်

ဒုဗ္ဘိသေနမင်းလည်း ဗာရာဏသီမင်းကြီး စကားကိုကြားလျှင် ကန်တော့ တောင်းပန်ကာ “အရှင်မင်းကြီးတို့ ပြည်ကို အရှင်မင်းကြီးတို့ပင် မင်းပြုပါကုန်၊ အကျွန်ုပ်တို့သည် သူခိုးဘေးရန်တို့ကို ပယ်ဖျောက်ပါမည်” ဟု တိုင်းပြည်ကို အပ်နှင်းပြီးလျှင် ပြစ်မှားသော အမတ်ကိုလည်း မင်းဒဏ်ပြု၍ မိမိတိုင်းပြည်သို့ ပြန်လေ၏။

ဗာရာဏသီမင်းကြီးသည်လည်း မင်း၏အဖြစ်ကို အမတ်တို့အား အပ်နှင်းပြီးလျှင် ရသေ့ရဟန်းပြု၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့လားလေ၏။

ဇာတ်ပေါင်း

ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဒုဗ္ဘိသေနမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

ပြင်ဆင်ရန်

(၁) သည်းခံနိုင်ခြင်း၊ ခြိုးခြံခြင်း၊ အဆင်းမဖောက်ပြန်။

(၂) ဆင်းရဲဖြင့်နှီး၊ ချမ်းသာကြီး၊ အပြီးယူကြရန်။

(၃) ဆင်းရဲ,ချမ်းသာ၊ တူမြဲသာ၊ ငြိမ်းစွာသူတော်မှန်။

ဧကရာဇဇာတ် ပြီး၏။

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ