ဧဠကလောမဓောဝါပနသိက္ခာပုဒ်

ဧဠကလောမဓောဝါပနသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[]

မြတ်စွာဘုရားသည် သက္ကတတိုင်း၊ ကပိလဝတ်မြို့၊ နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဘိက္ခုနီမ(ရဟန်းမိန်းမ) တို့အား သိုးမွေးတို့ကို လျှော်ဖွပ်စေ၏၊ ဆိုးစေ၏၊ ဖြေရှင်းစေ၏။ ထိုသို့ ပြုလုပ်ပေးနေရသဖြင့် ဘိက္ခုနီမတို့သည် သိက္ခာပုဒ်တို့ကို မေးမြန်းဆွေးနွေးခြင်း၊ အဓိသီလ အဓိစိတ္တ အဓိပညာလုပ်ငန်းတို့ကို မလုပ်နိုင်ဘဲ ပစ်ထားကြရ၏။

တစ်နေ့သောအခါ ဂေါတမီသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ရပ်နေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဘိက္ခုနီမတို့သည် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် တည်ကြည်သောစိတ် ရှိကြသည် ဖြစ်၍ နေကြကုန်၏လော” ဟု မေး၏။ ထိုအခါ ဂေါတမီသည် “ဘိက္ခုနီမတို့သည် မမေ့လျော့ခြင်း သတိရှိခြင်း မရှိပါ။ ဆဗ္ဗဂ္ဂီရဟန်းတို့၏ ကိစ္စကို ပြုရသည့်အတွက် ဖြစ်သည်” ဟု ဖြေကြား၏။ ထို့နောက် ဂေါတမီသည် ပြန်သွားလေ၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ ထို့နောက် ဆဗ္ဗဂ္ဂီရဟန်းတို့အား “သင်တို့သည် ဘိက္ခုနီမတို့အား သိုးမွေးကို ဖွပ်၊ ဆိုး၊ လျှော်၊ ဖြေရှင်း စေကြသည်မှာ မှန်ပါသလား” ဟုမေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဝန်ခံ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဆွေးမျိုးတော်စပ်ကြပါသလား” ဟု မေးမြန်း၏။ “မြတ်စွာဘုရား မတော်စပ်ပါ” ဟု ရဟန်းတို့သည် ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

သိက္ခာပုဒ်

ပြင်ဆင်ရန်

“အကြင်ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမအား သိုးမွေးတို့ကို ဖွပ်လည်း ဖွပ်စေငြားအံ့၊ ဆိုးလည်း ဆိုးစေငြားအံ့၊ ဖြေလည်း ဖြေရှင်းစေငြားအံ့။ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်