ဩရိန်းပြည်နယ်သည် တောင်အာဖရိက ပြည်ထောင်စုတွင် ပါဝင်သောမူလ ပြည်နယ်တစ်နယ်ဖြစ်၍ ဩရိန်းဖရီးစတိတ်ပြည်နယ်ဟု ခေါ်တွင်လေသည်။ မြောက်ဘက် တွင် ထရန်စဗား ပြည်နယ်၊ အရှေ့ဘက်တွင် နာတဲပြည်နယ်နှင့် လီဆိုသိုနိုင်ငံ (ယခင်ဗာဆူးတိုလန်ပြည်နယ်) တောင်ဘက် နှင့် အနောက်ဘက်တွင် ဂွတ်ဒဟုပ်အငူပြည်နယ်တို့ အသီးသီး တည်ရှိကြသည်။ ပြည်နယ်အကျယ်အဝန်းမှာ ၄၉ယ၈၆၆ စတုရန်း မိုင်ဖြစ်၍ လူဦးရေ ၁၃၈၆ယ၅၄၇ ယောက်ခန့် (၁၉၇၄)ရှိသည်။ ထိုလူဦးရေတွင် မျက်နှာဖြူ ၂၇၆ယ၇၄၇ ယောက်ခန့် ပါဝင်သည်။ (။ တောင်အာဖရိကပြည်ထောင်စု)

ဩရိန်းပြည်နယ်ဒေသသည် သစ်ပင်ကင်းမဲ့၍ ပျမ်းမျှ ပေ ၅ဝဝဝ ခန့်မြင့်သော ကုန်းပြင်မြင့်ဖြစ်သည်။ ရာသီဥတုမှာအပူအအေးမျှတ၍ နွေနှောင်းပိုင်းတွင် မိုးအသင့်အတင့်ရွာသည်။ နွား၊ သိုးနှင့် ငှက်ကုလားအုပ်တို့ကို မွေးမြူကြသည်။ လယ်ယာများကို ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးကြရသည်။ ပြောင်းကို အဓိကစိုက်ပျိုးသည်။ ဂျုံ၊ မြင်းစားဂျုံ၊ ဆေးနှင့်သစ်သီးတို့ကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ပြည်နယ်အရှေ့ပိုင်းတွင် စိုက်ပျိုးရေးကို တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ဩရိန်းပြည်နယ်တွင် အဖိုးတန် စိန်တွင်းများရှိသည်။ ကျောက်မီးသွေး၊ ရွှေနှင့် သံတို့ကိုလည်း တူးဖော်လုပ်ကိုင်ကြသည်။ ၁၉၅၁ ခုနှစ်မှစ၍ ရွှေထွက်စံချိန် တိုးတက်လာခဲ့ပေသည်၊၊ထွက်ကုန်များမှာ သိုးမွေး၊ စိန်နှင့် ငှက်ကုလားအုပ်မွေး ဖြစ်သည်။

၁၈ ရာစုနှစ် အလယ်ပိုင်းလောက်ခန့် ကတည်းက ဥရောပတိုက်သားတို့သည် ဩရိန်းမြစ်ဒေသသို့ ရောက်ခဲ့ကြ သည်။ သို့သော်လည်း ၁၈၂၄ ခုနှစ်ခန့်မှ စ၍သာလျှင် ကိပ်ကိုလိုနီဖက်မှ ဒပ်ချလယ်သမားတို့သည် ဩရိန်းပြည်နယ် တောင်ပိုင်းသို့လာရောက် အခြေစိုက်နေထိုင်ကြလေသည်။ ထို အခါ မူလနေထိုင်ကြသော အာဖရိကတိုင်းရင်းသားများနှင့် ဒပ်ချတို့နယ်လုကြရာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့လေသည်။ ၁၈၄၈ ခုနှစ်သို့ရောက်သောအခါ ဩရိန်းမြစ်နှင့် ဗားမြစ်တို့ အကြားရှိနယ်မြေကို ဗြိတိသျှတို့ကသိမ်းယူခဲ့သည်။ သို့ရာတွင် ၁၈၅၄ ခုနှစ်၌ ဩရိန်းဖရီးစတိတ်ပြည်နယ်ဟူ၍ လွတ်လပ်သော ပြည်နယ်အဖြစ် ရရှိခဲ့သည်။

ဗိုးဝါးစစ်ပွဲတွင် ဩရိန်းဖရီးစတိတ် ပြည်နယ်သည် ထရန်စဗားပြည်နယ်နှင့်ပူးပေါင်း၍ အင်္ဂလိပ်တို့ကို တိုက်ခိုက် သည်။ ထိုစစ်ပွဲတွင် ဗိုးဝါးတို့အရေးနိမ့်သဖြင့် ၁၉ဝဝ ပြည့်နှစ် ၌ ယင်းပြည်နယ်သည် ဗြိတိသျှလက်အောက်သို့ တစ်ဖန် ရောက်ရှိခဲ့လေသည်။ ဗြိတိသျှအစိုးရသည် ဩရိန်းပြည်နယ်ကို ကရောင်း ကိုလိုနီနယ်အဖြစ် အုပ်ချုပ်ခဲ့ပြီးနောက် ၁၉ဝ၇ ခုနှစ် တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ ၁၉၁ဝ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ဩရိန်းဖရီးစတိတ်ပြည်နယ်သည် အာဖရိကပြည်ထောင်စုထဲသို့ ဝင်ရောက်ခဲ့လေသည်။ ဗလွမ်းဖွန်တိန်မြို့သည် ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်သည်သာမက ကူးသန်းရောင်းဝယ်ရေး အချက်အချာမြို့ လည်းဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)