ဩဝါဒ မေတ္တာစာ ကို ကန်တော်မင်းကျောင်းဆရာတော် (မြန်မာ ၈၀၀-၈၇၅) က ရေးသားပြုစုခဲ့သည်။

ဩဝါဒ မေတ္တာစာ ပြင်ဆင်ရန်

၁။ ပညာရှိကိုပေါင်း၊ သမားကောင်းကိုဖက်၊ သူပျက်ကိုခွာ၊ ဆရာကိုကပ်၊ အရပ်ကိုမျှ၊ လုံ့လအပင်၊ ဆင်ခြင်အမျက်၊ ရန်ဘက်ကိုမြော်၊ သူတော်ကိုချစ်၊ ခင်ပွန်းပစ်ကိုရှောင်၊ သူလောင်ကိုရွှေ့၊ ဆင်ဝှေ့ကိုချည်၊ ကြံစည်မပျက်၊ အတတ်ရံခါ၊ ပညာကိုရှေး၊ ဥစ္စာကိုနောက်၊ အလျောက်ပေးကမ်း၊ ချီးမွမ်းတန်သည်၊ လူရည်ကိုရှု၊ ပေးမှုအရာကို သိလှစေ။

၂။ မပေးဘဲကို မလိုနှင့်၊ မမေးဘဲကို မဆိုလင့်၊ မခေါ်ဘဲကို မသွားလင့်၊ မမြိန်ဘဲကို မစားလင့်၊ မမှည့်ဘဲကို မဆွတ်လင့်၊ တိတ်တိတ်နေသော်ထောင် တန်၏၊ လူလိုက နတ်လိုကာ၊ လူကြိုက်က နတ်ကြိုက်ကာ၊ မပေါ့မလေး၊ မဖေးမလျင်၊ ရွှေချိန်ခွင်သို့၊ မတင်မလျော၊ လှေဖောင်ဖော့သို့၊ မလျော့ပညာ၊ တံငါလုလင်၊ မျှားကြီးငင်သို့၊ ပညာရှိမှ ခွင့်သိသည်၊ လိမ္မာမှ စကားတတ်သည်၊ သူ့ကျေးဇူးကိုသိမှ စည်းစိမ်တည်သည်၊ လာမည့်ဘေးကို အဝေးကမြင်မှ အသက်ရှည်ရာသည်။

၃။ သူမကောင်းကိုခွာ၊ သူကောင်းကိုရှာ၊ သူတော်ဆုံးမနာ၊ သူ့နည်းမကျင့်ရာ၊ သူ့ထက်စောင့်စည်းပါ၊ သူကောင်းဖြစ်စိမ့်ငှာ၊ သူချစ်ရှစ်ချပ်ကြာ။

၄။ လောဘဟူသည်၊ ဆင်ရိုင်းစွ၊ ပညာဟူသည် ချွန်းထောက်မ၊ သဒ္ဓါဟူသည် ချွန်းရှည်ပြ၊ သတိဟူသည် လွန်ကြိုးတွ၊ ဒိဌိဟူသည် တွင်းတွင်ချ၊ ယဉ်လျှင်နိဗ္ဗာန။

၅။ ဒေါသမြွေဟောက်၊ ပြင်းဆိပ်တောက်၊ ပညာဟူသည် ဆေးဖြင့်လှောက်၊ မောဟဟူသည် မှောင်အမိုက်၊ အတိုက်နက်စွာလွန်း၊ ပညာဟူသည် ဆီမီးထွန်း။

၆။ ပျို့လည်းမပါ၊ လင်္ကာမစပ်၊ ပညတ်ပရမတ်၊ အမြတ်မေတ္တစာ၊ ဖတ်ကုန်တစ်နေ့သုံးခါ၊ ရလိမ့်စည်းစိမ်၊ချမ်းသာ၊ သက်တော်အလွန်ရှည်စိမ့်ငှာ။


ကိုးကား ပြင်ဆင်ရန်

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၀၈။