မြန်မာ လုံချည် တော်တော် များများ မှာ ၂/၈၀ ၊ ၂/၁၀၀ ချည်သား စစ်စစ် နဲ့ရက်လုပ်ထားတယ် ဆိုတာကို ၊ နှစ်ပေါင်း ၈၀ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့ ချည်သားလို့အထင်မှား တတ်ကြပါတယ်။

၂/၈၀၂/၁၀၀ ဆိုတာ ဘာလဲ? သူတို့ကြားက ကွာခြားချက်က ဘာတွေလဲ ဆိုတာ သိရသလောက်လေး မျှဝေပေးချင်ပါတယ်။

၂/၈၀ ၊ ၂/၁၀၀ ဆိုတာက ၈၀ ချည်ဂိတ် (သို့မဟုတ်) ၁၀၀ ချည်ဂိတ် ရှိတဲ့ ချည်ပင် နှစ်ပင်ကို လိမ်ပြီး ကျစ်ထားခြင်း ဖြစ်ပါတယ်။

ဒီလို ၈၀ ၊ ၁၀၀ ဆိုတဲ့ ချည်ဂိတ်တွေကို ဘယ်လိုခွဲခြားသလဲ ဆိုတော့ . . .

ချည်မှာ စံသတ်မှတ်ချက် တစ်ခုအနေနဲ့ ချည်ဂိတ်(ချည်နံပါတ်) အမျိုးမျိုးကို အနောက်နိုင်ငံများမှာ အသုံးပြု တဲ့ ပုံသေတွက်ချက်နည်းများ နဲ့တွက်ချက်ပြီး ခွဲခြား သတ်မှတ် ထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာလဲ ပုံသေတွက်ချက်နည်းပေါင်း များစွာရှိပြီး ချည်ရဲ့အရှည်ကို အခြေပြုတွက်ချက်ကြသလို ၊ တချို့ကတော့ ချည်ရဲ့အလေးချိန်ကို အခြေပြုတွက်ချက်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ချည်ရဲ့အလေးချိန်ကိုသာ အခြေပြုတွက်ချက်ခွဲခြား ကြပါတယ်။

အလေးချိန်ကို အခြေပြု တွက်ချက်သော ပုံသေနည်းမှာ -

Count(ချည်နံပါတ်)= 840 yards per pound ဖြစ်ပါတယ်။

အဓိပ္ပာယ် ကတော့ ချည်နံပါတ်ဆိုတာ သတ်မှတ်အလေးချိန် (၁) ပေါင် မှာ ကိုက် (၈၄၀)အကြိမ်အရေအတွက် ဘယ်လောက်ပါသလဲဆိုတာကို တိုင်းတာဖော်ပြခြင်း သဘော ဖြစ်ပါတယ်။

ဥပမာ - ၈၀ ချည်ဆိုရင် ချည်အလေးချိန် (၁)ပေါင်မှာ (၈၄၀)ကိုက် အကြိမ်ပေါင်း(၈၀) ပါဝင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။ ဒါကြောင့် ၈၀ ချည် (၁)ပေါင်မှာ (၈၀×၈၄၀ကိုက်)=၆၇၂၀၀ ကိုက် အရှည်ရှိပါတယ်။ ဒီလို ၈၀ချည်ဂိတ် ရှိတဲ့ ၂ ပင်ကို လိမ်ပြီး ကျစ်ထားခြင်းဖြစ်လို့၂/၈၀ ချည်လို့ခေါ်ဆိုခြင်း ဖြစ်တယ်။

စံအလေးချိန် (၁)ပေါင်မှာ -

၄၀ ချည် ဆိုရင် ( ၄၀×၈၄၀ ကိုက်) = ၃၃၆၀၀ ကိုက် ၈၀ ချည် ဆိုရင် (၈၀×၈၄၀ ကိုက်) = ၆၇၂၀၀ ကိုက် ၁၀၀ ချည် ဆိုရင် (၁၀၀×၈၄၀ ကိုက်) = ၈၄၀၀၀ ကိုက် ပါဝင်ကြောင်းတွက်ချက်လို့ရပါတယ်။

ချည်ရဲ့အရွယ်အစား (size) နဲ့ လုံးပတ် (diameter) ကို တိုင်းတာ ကြည့်ရင်လဲ ခွဲခြားသိမြင်နိုင်ပါတယ်။

စံအလေးချိန် (၁) ပေါင်မှာ ရှိတဲ့ ၄၀ ချည်ရဲ့ စုစုပေါင်း အရှည် (၃၃၆၀၀)ကိုက် ထက် ၈၀ ချည်ရဲ့စုစုပေါင်း အရှည်(၆၇၂၀၀)ကိုက် က ပိုရှည်ပါတယ်။ ဒါကြောင့် ပိုရှည်တဲ့ ချည်က ပိုပြီး လုံးပတ်သေးကာ ချည်ကို ( Cross Section) ဖြတ်ကြည့်ရင်လဲ ချည်(size) လုံးပတ် အရွယ်အစား ပိုသေးကြောင်း တွေ့ရပါတယ်။

ဒီလိုပဲ စံအလေးချိန်(၁)ပေါင်မှာ ၈၀ ချည်ဂိတ်ရှိတဲ့ ချည်ထက် ၁၀၀ ချည်ဂိတ်ရှိတဲ့ ချည်က ပိုရှည်ပြီး လုံးပတ် ပိုသေးပါတယ်။ ဒါကြောင့် ချည်ဂိတ် (ချည်နံပါတ်) ကြီးလာလေလေ ၊ လုံးပတ်ပို သေးလေလေ အရည်အသွေး ပိုမိုကောင်းမွန်တဲ့ ဝါဂွမ်းများကို အသုံးပြုရလေလေ ၊ ချည်သား ပိုမိုချောမွေ့ပြေပြစ်လာလေလေ ဖြစ်လို့ရက်လုပ်ထားသော အထည်သား ကလည်း ပိုမိုကောင်းမွန်လေလေ ဖြစ်ပါတယ်။

ဥပမာ - ၄၀ ချည်ဂိတ် နဲ့ရက်လုပ်ထားတဲ့ လုံချည်ထက် ၈၀ ချည်ဂိတ်နဲ့ရက်လုပ်ထားတဲ့ လုံချည်က ပိုမို ကောင်းမွန်ပြီး ၊ ၈၀ ချည် ဂိတ် ထက် ၁၀၀ ချည်ဂိတ်နဲ့လုံချည်က ပိုမို ချောမွေ့ပြေပြစ် ကောင်းမွန်ခြင်း ဖြစ်ပါတယ်