လူ-နာရီ

(Man-month မှ ပြန်ညွှန်းထားသည်)

လူ-နာရီ သို့မဟုတ် မဲန်-အာဝါ (man-hour) ဆိုသည်မှာ ပုံမှန် အလုပ်သမားတစ်ယောက် တစ်နာရီ အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို ဆိုလိုခြင်းဖြစ်သည်။[၁][၂] အလုပ်တစ်ခုကို ပြီးမြောက်ရန် လိုအပ်သည့် အပြတ်အတောက်မရှိသော လုပ်အားစုစုပေါင်းကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြုသည့် အတိုင်းအတာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကောလိပ် သုတေသနစာစောင်တစ်ခုကို ပြီးမြောက်အောင်မြင်ရန် သုတေသနပြုခြင်းနှင့် ရေးသားခြင်းတို့ အပါအဝင် စုစုပေါင်း လုပ်အား ၈၀ လူ-နာရီ (man-hour) လိုအပ်သည်ဟု ခန့်မှန်းခြင်းမျိုး ဖြစ်သည်။ မိသားစုစုံညီ စားသောက်ပွဲတစ်ခုအတွက် အစမှအဆုံး ပြင်ဆင်မှုကို ပြီးမြောက်ရန် ၁၀ လူ-နာရီ လိုအပ်သည်ဟု မှန်းဆခြင်းမျိုးတွင်လည်း အသုံးပြုနိုင်သည်။

လူ-နာရီစုစုပေါင်း တွက်ချက်ရာ၌ အနားယူမှုအတိုများ၊ စားသောက်ချိန်များ၊ အပေါ့အလေးသွားခြင်းများစသည့် အလုပ်သမားများ လိုအပ်သော အလုပ်ခေတ္တရပ်ချိန်တိုများကို ထည့်သွင်းခြင်း ပြုလေ့မရှိပေ။ မန်နေဂျာများက လူ-နာရီများကို အရင်တွက်ချက်၍၊ အလုပ်ခေတ္တရပ်ချိန်တိုများ စုစုပေါင်းကို ပေါင်းထည့်ခြင်းဖြင့် အလုပ်တစ်ခုကို လုံးဝပြီးမြောက်အောင်မြင်ရန် အမှန်တကယ်လိုအပ်သော အချိန်ကို ခန့်မှန်းလေ့ရှိကြသည်။ ထို့ကြောင့်လည်း ကောလိပ် သုတေသနစာစောင်တစ်ခုကို ၂၀ လူ-နာရီ ကြာမည်ဟု ခန့်မှန်းရာတွင်၊ စတင်ချိန်မှ ဆက်တိုက် နာရီ ၂၀ အကြာတွင် ပြီးစီးမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်း၏ ပြီးစီးမှုနှုန်းမှာ အခြားဘာသာရပ်များ အတွက် အသုံးချရသည့် အချိန်များ၊ စားသောက်ခြင်း အိပ်စက်ခြင်းစသော လူတို့၏ နေ့တဓူဝလုပ်ငန်းစဉ်များက ကြားဖြတ်ဝင်ရောက်မှုအပေါ် မူတည်သေးပေသည်။

ဆင်တူသော အတိုင်းအတာယူနစ်များ ပြင်ဆင်ရန်

လူ-ရက် သို့မဟုတ် မဲန်-ဒေး (man-day)၊ လူ-ပတ် သို့မဟုတ် မဲန်-ဝိ(ခ်) (man-week)၊ လူ-လ သို့မဟုတ် မဲန်-မန်းသ် (man-month)၊ လူ-နှစ် သို့မဟုတ် မဲန်-ရီးယား (man-year)[၃][၄] တို့ကိုလည်း ကြီးမားသော စီမံကိန်း ပရောဂျက်တို့တွင် သုံးလေ့ရှိသည်။ လူ-နာရီ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် အလားတူပင် ပုံမှန် အလုပ်သမားတစ်ယောက် တစ်ရက် အလုပ်လုပ်လျှင် ပြီးမြောက်သည့် အလုပ်ပမာဏကို လူ-ရက် (man-day) ဟူ၍ လည်းကောင်း၊ တစ်ပတ်ဆိုလျှင် လူ-ပတ် (man-week) ဟူ၍ လည်းကောင်း၊ တစ်လဆိုလျှင် လူ-လ (man-month) ဟူ၍ လည်းကောင်း၊ တစ်နှစ်ဆိုလျှင် လူ-နှစ် (man-year) ဟူ၍ လည်းကောင်း ဆိုလိုခြင်းဖြစ်သည်။ သို့သော်လည်း တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်တွင် အလုပ်သမားတစ်ဦး မည်မျှနာရီ အလုပ်လုပ်သည်မှာ နိုင်ငံ၏ အလုပ်ခွင် ယဉ်ကျေးမှုစံအပေါ်တွင် လည်းကောင်း၊ စီးပွားရေးအပေါ်တွင် လည်းကောင်း မှီတည်ပြီး ပြောင်းလဲတတ်ပေသသည်။ ၂၀၀၇-ခုနှစ် အိုအီးစီဒီ (OECD) နိုင်ငံများမှ စာရင်းအရ အလုပ်သမားတစ်ဦး ယေဘုယျ တစ်နှစ်အတွင်း အလုပ်လုပ်သော နာရီပေါင်းမှာ အနိမ့်ဆုံး ၁၃၈၉ နာရီ (နယ်သာလန်နိုင်ငံ)နှင့် အများဆုံး ၂၃၁၆ နာရီ (တောင်ကိုရီးယား)အတွင်း ကွာခြားမှုရှိပေသည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. Definition from the Merriam-Webster Online Dictionary။ 3 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
  2. Person-hour definition - DictionaryMSN။ 1 November 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
  3. Infoplease.com
  4. SFAF.org။ 11 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2020 တွင် ပြန်စစ်ပြီး။
  5. OECD Employment Outlook 2009, Tackling The Jobs Crisis (PDF)။ Secretary-General of the Organisation for Economic Co-operation and Development။ 2009။ p. 269။ ISBN 978-92-64-06791-2။ 2016-12-20 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး2009-09-22 တွင် ပြန်စစ်ပြီးSwivel.com also publishes the Official data up to 2005 in spreadsheet format.