Oxford Advanced Learner's Dictionary
The Oxford Advanced Learner's Dictionary (OALD) သည် ပထမဆုံးသော အင်္ဂလိပ်ဘာသာစကား အဆင့်မြင့်လေ့လာသူများအတွက် အဘိဓာန်တစ်ခုဖြစ်သည် (မူလအင်္ဂလိပ်စကား စကားပြောသူမဟုတ်သောသူများအတွက်) ။ ပထမဆုံးမူကို ၁၉၄၈ တွင် ထုတ်ဝေခဲ့ကြသည်။ အင်္ဂလိပ်စကား ဒေသခံပြောဆိုသူမဟုတ်သော ပုဂ္ဂိုလ်များအတွက်ရည်ရွယ်သည့် အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းက ဖြန့်ချိသော အကြီးမားဆုံး အဘိဓာန်လည်းဖြစ်၏ ။ စကားလုံးများ၏ ရင်းမြစ်၊ ရည်ညွှန်းကိုးကားမှု အမြောက်အမြားကို လိုအပ်သော ဘာသာစကား စိတ်ပါဝင်စားသော အသုံးပြုသူများသည် Concise Oxford English Dictionary (အောက်စဖို့ဒ် အင်္ဂလိပ် ကျစ်လျစ်ပြည့်စုံသော အဘိဓာန်) (သို့) ပို၍ ပြည့်စုံကျယ်ပြန့်သည့် အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန် (သို့) ဒေသခံနီးပါး ပြောဆိုတတ်သူများအတွက် ရည်ရွယ်ထားသော အခြားအဘိဓာန်များကို ပို၍ နှစ်ခြိုက်သဘောကျကြသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်Oxford Advanced Learner's Dictionary ကို ယခင်အချိန်က Oxford Advanced Learner's Dictionary of Current English ဟု အမည်ပေးခဲ့ကြပြီး စတင်ထုတ်ဝေခဲ့သည့်အမည်မှာ အေ အက်စ် ဟောန်ဘီတည်းဖြတ်သည့် Idiomatic and Syntactic Dictionary (အထူးအသုံးနှုန်းနှင့် ဝါကျဖွဲ့ပုံ အဘိဓာန်) ဖြစ်သည်။ ၁၉၄၂ တွင် ဖြန့်ချိခဲ့ကြ၍ ထိုအချိန်သည် စစ်ကြီးဖြစ်ချိန်နှင့်ကြုံခဲ့ပြီး ဗြိတိန်သို့ (စာမူ)ရောက်ရှိသွားကာ အောက်စဖို့ဒ်ပုံနှိပ်လုပ်ငန်း၏ လမ်းညွှန်ကြီးကြပ်မှုအောက် ရောက်ရှိလာခဲ့ရာ ပုံနှိပ်လုပ်ငန်းက ဩဇာတိက္ကမကြီးသော အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်၏ ပြည့်စုံသောအရည်သွေးတူဖြစ်စေရန် ဆုံးဖြတ်ခဲ့ကြသည်။
အေ အက်စ် ဟောန်ဘီသည် ဂျပန်နိုင်ငံရှိ ကောလိပ်အငယ်တစ်ခု၌ အင်္ဂလိပ်စာပြဆရာတစ်ဦးဖြစ်ပြီး ယင်းနိုင်ငံကို ၁၉၂၃ တွင် စာပြရန် သွားရောက်ခဲ့သည်။ သို့သော် စာသင်ခန်းတွင်း အတွေ့ကြုံအဖြစ်ပျက်များက ဘာသာစကားသင်ကြားမှုနှင့်ပတ်သက်၍ ပြည့်ဝသောအခြေခံသဘောတရားများ လိုအပ်သည်ဟု သိမြင်သွားစေသည်။ ယင်းအချိန်တွင် ဟာရာလ်ဒ် အီး. ပါးမာ (Harold E. Palmer) သည် တိုကျို၌ အင်္ဂလိပ်စာသင်ကြားရေး သုတေသနအဖွဲ့အစည်းကို ဦးဆောင်လျက် ရှိရာ ၁၉၃၁ တွင် ဟောန်ဘီကို ဖိတ်ကြား၍ ယင်းအဖွဲ့၌ ဝေါဟာရဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်စေခဲ့သည်။ ဤရလဒ်သည်ကား Idiomatic and Syntactic Dictionary အမည်ဖြင့် အဘိဓာန်တစ်ခုဖြစ်လာကာ ၁၉၄၂ ၌ ကာအီတာကူရှာ (Kaitakusha) က ထုတ်ဝေခဲ့သည်။ ဟောန်ဘီက စာအုပ်မထုတ်ဝေမီတစ်နှစ်က စာအုပ်၏ အဆင့်မြင့် မိတ္တူပွားစာရွက်များကို ဘီ. အီဖော အဲဗန်ဇ် (B. Ifor Evans) ထံသို့ပို့ဆောင်ခဲ့ဖူး၏ ။ ပို့ဆောင်ရမှုသည် စစ်အတွင်း ခက်ခဲသောအလုပ်တစ်ခုလည်းဖြစ်သည်။ ဗြိတိသျှကောင်စီတွင် အလုပ်လုပ်ကိုင်နေသော အဲဗန်ဇ်က ၎င်းကို အလုပ်တစ်ခုကမ်းလှမ်းသောကြောင့် ၁၉၄၂ တွင်ပင် ဗြိတိန်သို့ ပြန်လာခဲ့ပြီး ကောင်စီကို ဝင်ရောက်ခဲ့ပြီး ကောင်စီက ၎င်းကို အီရန်သို့ လွှတ်ခဲ့သည်။
စာရွက်များသည် အောက်စဖို့ဒ်တက္ကသိုလ်အတွက် စာအုပ်ထုတ်ဝေသူ၊ အောက်စဖို့ဒ်ပုံနှိပ်လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှု ဟမ်းဖရေး အက်စ်. မီလ်ဖော့ဒ် (Humphrey S. Milford) ထံမှောက်သို့ရောက်ရှိခဲ့၍ မီလ်ဖော့ဒ်က ထိုအဘိဓာန်သည် အင်္ဂလိပ်ကို မိခင်ဘာသာစကားပြော မဟုတ်သောသူများအတွက် ရည်ရွယ်ထားသည်ဖြစ်သောကြောင့် ချက်ချင်းဆိုသလို ပုံနှိပ်လုပ်ငန်း၏ ထုတ်ဝေစာရင်းများ၏ အခက်အခဲဖြစ်နေသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်သည်ဟု သိမြင်ခဲ့သည်။ ထို့အပြင် စာအုပ်သည် ဟောန်ဘီ၏ အင်္ဂလိပ်စကား သင်ကြားခြင်း နိုင်ငံခြားအတွေ့အကြုံများအပေါ် အခြေခံထားသည်လည်းဖြစ်၏ ။ ထို့ကြောင့် မူရင်းအင်္ဂလိပ်စကားပြောသူများအတွက် ရည်ရွယ်သည့် အဘိဓာန်များထက် ဤအဘိဓာန်သည် သတ်ပုံ၊ သဒ္ဒါ၊ သဒ္ဒဗေဒအသံထွက်၊ အသုံးအနှုန်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားသည်။ ပုံနှိပ်လုပ်ငန်း၏ ဂုဏ်ဒြပ်နှင့်အတူ ဤစာအုပ်ကို "အောက်စဖို့ဒ် အဘိဓာန်" အမှတ်တံဆိပ်ဖြင့် စာဖတ်သူများဆီသို့ ဆောင်ယူပေးနိုင်သော်လည်း ပို၍ ဂုဏ်၊ ဩဇာကြီးသော အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်က စာဖတ်သူ/အသုံးပြုသူများကို ခြိမ်းခြောက်၊ တွေဝေနိုင်စေလောက်သည်။
သို့သော် ဒုတိယကမ္ဘာစစ်၏ စီးပွားရေးအခြေအနေအောက်တွင် ဗြိတိသျှပုံနှိပ် ထုတ်ဝေသူများ ကြပ်ကြပ်တည်းတည်း လုပ်ကိုင်နေရ၍ ပစ္စည်းများအားလုံး ပြတ်လပ်ကုန်သည်။ မီလ်ဖော့ဒ်က ဗြိတိသျှကောင်စီထံသို့ စက္ကူနှင့် အဝတ်စများ ထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့သည်။[၁] ထို့နောက် မီလ်ဖော့ဒ်သည် ပုံနှိပ်လုပ်ငန်းကို စီမံဆောင်ရွက်နိုင်စွမ်း မရှိသည်အထိ ကျန်းမာရေးဆိုးရွားနေလေရာ ဤကိစ္စကို ပုံနှိပ်လုပ်ငန်း၏ နိုင်ငံခြားစီမံကိန်းများကို ကိုင်တွယ်နေသော အီး. စီ ပါးန်ဝဲလ် (E.C. Parnwell) ဆီသို့ လွှဲအပ်ခဲ့သည်။[၁]
ဟောန်ဘီသည် (ဂျပန်၊ တရုတ် မပါ) ကမ္ဘာလုံးဆိုင်ရာမူပိုင်ခွင့် ရရှိထားပြီး ပုံနှိပ်လုပ်ငန်းကိုယ်စားလှယ်များအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ကဲနက် ဆစ်ဆမ်က ကိုယ်စားလှယ်များအား စာအုပ်နှင့်ပတ်သက်၍ ထောက်ခံအားပေးသည့် တင်ပြချက်ကို ချပြခဲ့သည်။ မီလ်ဖော့ဒ်ကလည်း ဗြိတိသျှကောင်စီထံမှ ထောက်ပံ့ငွေရရန် ဂျပန်နိုင်ငံအား ၎င်း၏ရန်လိုမုန်းထားစိတ်ကို အသုံးချရာ "ဂျပန်တွေက ဈေးခပ်ပေါပေါနဲ့ ထုတ်ဝေနိုင်သူတွေပါ၊ ဈေးကွက်ကိုလည်း ဖမ်းချုပ်ထားနိုင်တဲ့ အလားအလာရှိတယ်" ဟု ပြောဆိုခဲ့လေသည်။
စာအုပ်၌ စာမျက်နှာအရေအတွက်သည် ၁,၅၀၀ ကျော်ပါရှိမည်၊ ပထမမူအတွက် အုပ်ရေ ၁၀,၀၀၀ ဖြစ်ရာ စက္ကူဆယ်တန် လိုအပ်သည်။ မီလ်ဖော့ဒ်က စတာလင်ပေါင်ငွေကြေးမသုံးစွဲသော ဒေသများတွင် နိုင်ငံခြားကုန်သွယ်မှု၊ ဗြိတိသျှယဉ်ကျေးမှုနှင့်စပ်လျဉ်း၍ တိုက်ရိုက်အကျိုးအမြတ်အတွက် စက္ကူရရန် အထူးတောင်းခံစာကို လျှောက်တင်ခဲ့၏ ။ ထို့နောက် လုံလောက်သော စက္ကူကုန်ကြမ်းများရရှိလာသော်လည်း ဤပမာဏသည် မဖြစ်မနေထပ်မံရိုက်နှိပ်ရန်အတွက် ကြိုတင်လျာထားသည့် ပမာဏသာဖြစ်သည်။[၂] ထို့ကြောင့် အိန္ဒိယရုံးတွင် လုပ်ကိုင်နေသော တူမဖြစ်သူထံ သူမမှတစ်ဆင့် စက္ကူများထပ်ရစေရန် ဆွယ်လေသည်။
၁၉၄၃ နှင့် ၁၉၄၈ ကြားတွင် စာအုပ်ထွက်ရှိလာ၍ ချက်ချင်းပင် အောင်မြင်မှုရလာခဲ့သည်။ ယနေ့ခေတ်တွင် ဤအဘိဓာန်သည် ကမ္ဘာအနှံ့ အင်္ဂလိပ်စာ/စကား လေ့လာသူများ အသုံးအများဆုံး မှီငြမ်းကိုးကားစရာ စာအုပ်များအနက် တစ်အုပ်ဖြစ်သည်။