Venous Throboembolism

သွေးကြောတွင်း သွေးပြစ်ခဲခြင်း
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ယနေ့ခေတ်အခါမှာ လူအတော်များများက လုပ်ငန်းခွင်မှာ ကွန်ပျူတာအရှေ့မှာ ထိုင်ကာ နာရီပေါင်းများစွာ အလုပ်လုပ်နေကြပါတယ်။

ထိုင်ခုံမှာ နာရီပေါင်းများစွာ ထိုင်တဲ့ အကျိုးဆက် ရလဒ် အနေနဲ့ ခြေထောက်မှာ သွေးခဲခြင်း (သွေးကြောပိတ်ဆို့ခြင်း ) ဖြစ်လာနိုင်ဖွယ် ၂ ဆတိုးလာပါတယ်။ နယူးဇီလန် နိုင်ငံမှ သုတေသနပြုလုပ်သူများ၏ လေ့လာချက်အရ လုပ်ငန်းခွင်မှာ လှုပ်ရှားမှု မရှိဘဲ နေခြင်းဟာ venous throboembolism (VTE) ကိုဖြစ်ပွားနိုင်ဖွယ် အန္တရာယ် ရှိနိုင်ပါတယ် လို့ သိရှိရပါတယ်။

တစ်နေ့မှာ ၈ နာရီ ရုံးလုပ်ငန်း လုပ်ကိုင်သူတွေဟာ အနည်းဆုံး ၃ နာရီ ဆက်တိုက် ထိုင်နေရာမှ မထဘဲ အလုပ်လုပ်နေမယ်ဆိုရင် လှုပ်ရှား သွားလာ အလုပ်လုပ်နေသူတို့ထက် VTE ကိုဖြစ်ပွား ခံစားရနိုင်ဖွယ် ၂ ဆရှိလာ ပါတယ် လို့ ဆိုပါတယ်။

အလားတူပဲ ခရီးရှည် တစ်ခုကို အချိန်ကြာမြင့်စွာ ယာဉ်၊ ကား၊ လေယာဉ် စီးနင်းခြင်းသည်လည်း VTE ကို ခံစားရစေနိုင်မှု ၅ ဆ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

ရုံးလုန်းငန်းများ လုပ်ကိုင်နေစဉ်မှာ လှုပ်ရှား သွားလာနေရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် အနည်းငယ် ကိုယ်လက်လှုပ်ရှားခြင်းကိုတော့ ပြုလုပ်နိုင်ပါတယ်။ အဲဒီလို အနည်းငယ်မျှ ကိုယ်လက်လှုပ်ရှား ပေးစေခြင်း ဟာလည်း ကြီးမားတဲ့ အပြောင်းအလဲ ရလဒ်ဖြစ်လာနိုင်စေပါတယ်။

Medical Research Institute of New Zealand မှ ပရော်ဖက်ဆာ Richard Beasely က ရုံးလုပ်ငန်း လုပ်ကိုင်နေသူများကို ထိုင်နေစဉ် တစ်နာရီပြည့်တိုင်းမှာ ခြေထောက်ကို အနည်းငယ် ရွေးလျား လှုပ်ရှားပေးဖို့ အကြံပေးထားပါတယ်။

တစ်နာရီလျှင် တစ်ကြိမ် ထိုင်နေရာမှ ထကာ ကော်ဖီ ထဖျော်သောက်ခြင်း၊ ဟိုနား ဒီနား လမ်းအနည်းငယ် လျှောက်ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ထံကို ဖုန်းခေါ်ကာ အလုပ်ကိစ္စ အကျိုး အကြောင်း မေးမည့်အစား လုပ်ဖော်ကိုင်ဖက် ရှိရာကို လမ်းလျှောက်သွားလိုက်ကာ မေးမြန်းခြင်းဖြင့် လမ်းလျှောက် ဖြစ်သွားပြီး လှုပ်ရှားမှု ဖြစ်စေလာပါတယ်။

ထိုင်နေစဉ်မှာ ခြေထောက်ကို စက်ဝိုင်းပုံသဏ္ဌာန် ဘယ်ဘက် နှင့် ညာဘက် တစ်လှည့်စီ လှည့်ပေးခြင်း၊ လက်ကိုဆန့်ထုတ်ပေးခြင်းဖြင့် အညောင်းအညာ ဖြေခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။