ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ရဟန်းမတို့နှင့် စည်မဲ့ကမ်းမဲ့ အချိန်ကြာမြင့်စွာ ရောရောနှောနှော နေသော မောဠိယဖနရဟန်းကို ရဟန်းတော်တစ်ပါး၏ လျှောက်ထားမှုကြောင့် ခေါ်တော်မူ၍ “ယုံကြည်မှု “သဒ္ဓါတရားဖြင့် ရဟန်းပြုသူသည် ဤကဲ့သို့ မနေသင့်ပုံ၊ မိမိနှင့် ထိုရဟန်းမတို့၏ အပြစ်ပြောသူ, ရိုက်နှက်ပုတ်ခတ်သူတို့အပေါ်၌ ကာမဂုဏ်ကို မှီ၍ ဖြစ်ပေါ်လာသော အလိုဆန္ဒနှင့် အကြံအစီဝိတက်တို့ကို ပယ်ရှားရန်၊ (ရာဂ, ဒေါသကြောင့်) စိတ်ပြောင်းလဲဖောက်ပြန်မှု မဖြစ်အောင်, ယုတ်မာသောစကားကို မပြော မိအောင်, (ထိုသူတို့အပေါ် ကရုဏာနှင့်ယှဉ်သော) အကျိုးစီးပွားကိုလိုလားသောစိတ်, မေတ္တာစိတ်ကိုပွားများလျက် မပစ်မှားပဲနေနိုင်အောင် ကျင့်ရမည်”ဟု မိန့်ကြားတော် မူပါသည်။ (မောဠိယဖဂ္ဂုနရဟန်းသည် ဘုရားရှင်အပေါ် မကျေနပ်မှု ဖြစ်လေ၏)

ထိုအခါ ဘုရားရှင်က ရဟန်းတော်တို့အား “ပဌမဗောဓိ (ရှေ့ပိုင်း ဝါတော် ၂၀)က ရဟန်းတော်များသည် မိမိစိတ်ကိုနှစ်သက်ကျေနပ်စေနိုင်ကြပုံ၊ ဆုံးမမှုမပြုရပဲ သတိပေးရုံမျှဖြင့် ပြီးစီးကြပုံကို လမ်းချော လမ်းကောင်းပေါ်၌ အာဇာနည်မြင်းကသော ရထားမောင်းနှင်သော ဥပမာ၊ ရွာနိဂုံးနှင့် မနီးမဝေးသော ကြက်ဆူပင်များ ဖုံးအုပ်နေသော အင်ကြင်းတောကိုရှင်းလင်းသော ဥပမာ၊ သာဝတ္ထိမြို့သူ ဝေဒေဟိကာအိမ်ရှင်မ နှင့် ကာလီကျွန်မတို့အကြောင်း၊ ဤသာသနာတော်၌ အချို့သောရဟန်းကို စိတ် မနှစ်မြို့ (စိတ်မချမ်းသာ)စရာ စကားများနှင့် ထိတွေ့သည့်အခါမှ “နူးညံ့သူ, နှိမ်ချသူ, ငြိမ်းအေးသူ” ဟု သိနိုင်ပုံ၊ ပစ္စည်းလေးပါးရရှိမှုကြောင့် ပြောဆိုရလွယ်ကူသောရဟန်းကို “သောဝစဿတာ”ဟု မဆိုနိုင်ပုံ၊ ဓမ္မကိုသာ အလေးဂရုပြု အရိုအသေပြု မြတ်နိုးသော ရဟန်းကိုသာ “သောဝစဿတာ”ဟု ဆိုသင့်ပုံ၊ သောဝစဿတာဂုဏ်နှင့် ပြည့်စုံအောင် ကျင့်ရမည်ဟု ဟောတော်မူပါသည်။

သူတစ်ပါးတို့က မိမိအား ပြောဆိုသောစကားလမ်းကြောင်း ၅-မျိုး၊ ထိုစကား လမ်းကြောင်းတို့ဖြင့် မိမိကို ပြောဆိုသည့်အခါ ပြောဆိုသူအပေါ်၌ “မိမိ၏စိတ်ကို (ပင်ကိုယ်သဘာဝမှ) ဖောက်ပြန်မသွားအောင်, ယုတ်ညံ့သောစကားကို မပြောဖြစ်အောင် ထိန်းသိမ်းသင့်ပုံ၊ အကျိုးစီးပွားဖြင့်စောင့်ရှောက်လျက်, မေတ္တာပွားများလျက်, မေတ္တာကို ပိုင်းခြားသတ်မှတ်မှုမရှိပဲ ရန်မရှိ ဆင်းရဲမရှိ မြေကြီးထုပမာ စိတ်ကိုဖြန့်လျက် နေနိုင်အောင် ကျင့်ရမည်”၊ ကောင်းကင်၌ အရုပ်ရေးရန်လာသော ဥပမာ၊ မြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ရေကို ပူလောင်စေရမည်ဟု ပြောဆို၍လာသော ယောက်ျားဥပမာ၊ လဲဝါဂွမ်းတမျှနူးညံ့လှသောကြောင်တွေကို ကျွိကျွိ ဗြိဗြိအသံမြည်အောင်ပြုလုပ်မည်ဟု လာသော ယောက်ျားဥပမာတို့ဖြင့် ထိုသူတို့အပေါ်၌ မေတ္တာ, ကရုဏာပွားလျက် ကျင့်သုံးနေရမည်။

နှစ်ဖက်သွားရှိသောလွှဖြင့် မိမိကိုဖြတ်တောက်လာသောခိုးသူ လူသတ်သမား အပေါ် စိတ်မဆိုးပဲ မေတ္တာ, ကရုဏာပွားများ၍ နေရမည်၊ ဤကကစူပမသုတ် ဩဝါဒကို မပြတ်နှလုံးသွင်းခြင်းသည် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွားချမ်းသာ ဖြစ်နိုင်ကြောင်း ဘုရားရှင် ဟောတော်မူပါသည်။

အဋ္ဌကထာ၌-ဝေလာသုံးမျိုးအဖွင့်၊ မောဠိယဖဂ္ဂုနရဟန်းက ဘုရားရှင်၌ ကျေနပ်မှုမရှိပုံ၊ တောင့်တမှု (ပတ္ထနာ) ဥပမာသုံးမျိုး၊ ဝိကာလဘောဇန ၂-မျိုး၊ မလိုအပ်သည့်အရာကို ရဟန်းတို့အားပယ်စွန့်စေတော်မူရာ၌ ဘုရားရှင်၏ ဆောင်ရွက်တော်မူပုံ ၂-မျိုး၊ ပဌမဗောဓိရဟန်းတော်များ သုဗ္ဗစဖြစ်ကြပုံ၊ သစ်ပင်ကြီးပွားအောင် လုပ်နည်း၊ ဂုဏ်နှင့် အပြစ်တို့ ပျံ့နှံ့ ပုံသဘာဝတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌-အန္တရာ-သဒ္ဒါသည် စိတ္တ-၏ ပရိယာယ်၊ အပ္ပ-သဒ္ဒါ အဘာဝ အနက်ဟောပုံတို့ကို ဖွင့်ပြထားပါသည်။ [၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၁၇၃-၁၈၁။ မ၊မြန်၊၁၊၁၇၇-၁၈၅။ မ၊ဋ္ဌ၊၂၊၁-၈။ (မ၊ဋီ၊၂၊၇၈-၈၂။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၃-ဩပမ္မဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ