ကဏ္ဍုပ္ပဋိစ္ဆာဒိသိက္ခာပုဒ်
အမှု—အနာလွှမ်း သင်္ကန်းကို ပမာဏလွန်အောင်ပြုလုပ်မှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
အနာလွှမ်းသင်္ကန်း ခွင့်ပြုခြင်း
ပြင်ဆင်ရန်အရှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဆရာတော်ဖြစ်သော အရှင်ဗေလဋ္ဌသီသမှာ ထူပြစ်နေအောင် အိုင်းကျနေသော ဝဲနာပေါက်နေ၏၊ ထိုအနာစေးတို့ကြောင့် သင်္ကန်းတို့သည် ကိုယ်၌ ကပ်တွယ်နေကုန်၏၊ ဂိလာန ပြုစုသော ရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ကိုယ်မှ ခွါယူကြရကုန်၏၊ ဘုရားရှင်သည် ကျောင်းစဉ်လှည့်၍ ကြည့်ရှုတော်မူသောအခါ တွေ့မြင်တော်မူရကား ကဏ္ဍု-ယားနာဖြစ်စေ, ပီဠကာ-အိုင်းအမာ (သွေးစုနာ) ဖြစ်စေ, အဿာဝ-အရိအရွဲယိုသော ဘဂန္ဒိုရ်စသော အနာတမျိုးမျိုးဖြစ်စေ, ထုလ္လကစ္ဆု-ထူပြစ်အိုင်းကျနေသော ဝဲနာဖြစ်စေ ပေါက်သောအခါ သင်္ကန်း မပေအောင် ထိုအနာကို ဖုံးထားဘို့ရာ အနာလွှမ်းသင်္ကန်းကို ခွင့်ပြုတော်မူ ရလေသည်။[၁]
ကြီးကျယ်သော အနာလွှမ်းပြုမှု
ပြင်ဆင်ရန်ထိုသို့ အနာလွှမ်း သင်္ကန်းကို ခွင့်ပြုတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ကြီးမားသော အနာလွှမ်းသင်္ကန်းကို ပြုကြကုန်၏၊ [၁]
ထိုအနာလွှမ်းသင်္ကန်းကို အနာပေါ် ဖုံးလွှမ်း၍ ထားသောအခါ ရှေ့ရော နောက်ပါ တွဲလျားကျကုန်၏၊ ထို့ကြောင့် ရဟန်းအများက ကဲ့ရဲ့ကြသဖြင့် အတိုင်းအရှည် ပမာဏကို ညွှန်ပြသော ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
ပြင်ဆင်ရန်ကဏ္ဍုပ္ပဋိစ္ဆာဒိံ ပန ဘိက္ခုနာ ကာရယမာနေန ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမယတော ဆေဒနကံ ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်အနာလွှမ်းသင်္ကန်းကိုပြုစေလိုသော ရဟန်းသည် ပမာဏနှင့်ယှဉ်သော အနာလွှမ်းသင်္ကန်းကို ပြုစေလိုက်၏။ ထိုအနာလွှမ်း သင်္ကန်း၏ ပမာဏကား ဘုရားရှင်၏ အထွာတော်ဖြင့် အလျား ၄-ထွာ အနံ ၂-ထွာဖြစ်၏၊ ထိုပမာဏကို လွန်စေသောရဟန်းမှာ ဖြတ်ခြင်းရှိသော ပါစိတ် အာပတ်သင့်၏။ [၁]
မှတ်ချက်
ပြင်ဆင်ရန်“အနာ”ဟူရာ၌ ချက်၏အောက်နှင့် ပုဆစ်ဒူးဝန်း ၂-ဘက်၏ အထက် အရပ်မှာပေါက်သော ပြခဲ့သော အနာတည်း၊ အခြားနေရာ၌ ပေါက်သော အနာကိုကား သာမန်အဝတ်စဖြင့် ဖုံးထားနိုင်သောကြောင့် ထိုနေရာကိုသာ သီးခြားပြတော်မူဟန်တူသည်။ ဤသိက္ခာပုဒ်လည်း ပြုလုပ်မှုကြောင့် ပညတ်ရသော သိက္ခာပုဒ်တည်း၊ သုံးစွဲမှုကြောင့်ကား ဒုက္ကဋ်အာပတ် သင့်၏၊ သူတပါးထံမှ ပမာဏလွန်သော အနာလွှမ်းသင်္ကန်းကိုရလျှင် ပိုသောပမာဏကို ဖြတ်၍ သုံးစွဲကောင်း၏။[၁]