ကတူးလူမျိုး
လူဦးရေ စုစုပေါင်း | |
---|---|
၃၅၀၀၀ – ၂၀၀၀၀၀ | |
အများစု နေထိုင်သည့် နေရာ | |
စစ်ကိုင်းတိုင်းဒေသကြီး, ကချင်ပြည်နယ်, မြန်မာနိုင်ငံ | |
ဘာသာစကား | |
ကတူးဘာသာစကား | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ, ခရစ်ယာန် | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဗမာလူမျိုး, ကနန်းလူမျိုး |
ကနန်းနှင့် ကတူးသည် မျိုးနွယ်တူပင်ဖြစ်သည်။ ကတူးစကားလုံးအချို့မှာ ကချင်စကားလုံးများနှင့် တူညီသည်ကို တွေ့ရသည်ဖြစ်ရာ ကချင်လူမျိုးနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သည်။ ကချင်လူမျိုးများကဲ့သို့ ဗမာလူမျိုးစု၏ဝေးကွာသော အဆက်အနွယ်ဖြစ်နိုင်သည်။ အချို့က တကောင်းခေတ်၊ ပျူလူမျိုးများမှ ဆင်းသက်သည်ဟုလည်း ယူဆကြပြီး သုသေသနပြုလျက် ရှိကြသည်။ ကတူးလူမျိုးများသည် ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော်ကြီးအိုင်ဝန်းကျင်တို့တွင် ရှမ်းနီလူမျိုးများနှင့် ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ရိုးသားအေးချမ်းစွာ နေထိုင်ကြပြီး အချို့မှာ ဆင်ဖမ်းပြီး အသက်မွေးကြသည်။ ကတူးလူမျိုးဟူ၍ သတ်မှတ်ရန် ဘာသာစကားတစ်ခုသာ မြန်မာဘာသာစကားနှင့် ကွဲပြားပြီး စာပေ၊ ယဉ်ကျေးမှု၊ အဝတ်အစား၊ အစားအသောက်၊ ပွဲလမ်းသဘင်တို့မှာ ဗမာလူမျိုးများနှင့် အတူတူပင်ဖြစ်ရာ ယခုအခါ ပျောက်ကွယ်လုနီးပါး ရှိနေပြီဖြစ်သည်။
ကတူး လူမျိုးများမှာ ရှေးကျလှသော သက်လူမျိုးစုတွင် ပါဝင်၍ ထိုလူမျိုးစုဝင် လူမျိုးငယ် (၅)မျိုး အနက် လူဦးရေ အများဆုံးဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးအားဖြင့် လူဦးရေ ၃၆၀၀ ခန့် ရှိ၍ ကတူးဘာသာစကားကို ပြောဆိုသူများ ဦးရေမှာ ၂၀၀၀၀ မျှ ရှိသည်။
ကတူးတို့သည် မိမိတို့ကိုယ်ကို အ-သက်၊သက်ဟူ၍လည်းကောင်း မိမိတို့ဘာသာစကားဖြင့် "အစတ်က်" ဟူ၍လည်းကောင်း သညာ တပ်ခေါ်ကြသည်။ ပုဂံခေတ်ကျောက်စာတို့တွင် ထိုသူတို့ကို ကန္တူဟု ရေးသားဖော်ပြ၍၊ တရုတ်မှတ်တမ်း တို့တွင်ကား “ချိုင်တု”ဟု ရေးသားသည်။ ပုဂံခေတ်ကျောက်စာများအရ ထိုခေတ်က ကတူးတို့သည် တကောင်းမြို့ ပတ်ဝန်းကျင် ဖြစ်သော သင်းတွဲပြည်နှင့် မူးမြစ်ဝှမ်း အထက်ပိုင်းဒီပဲယင်းဒေသတို့တွင် နေခဲ့ကြကြောင်း သိရသည်။
(၁၃)ရာစုနှစ် အဦးပိုင်း ပုဂံခေတ်အတွင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြို့ပြပြည်ရွာ တည်ထောင်ခဲ့ပြီးသော မြန်မာတို့သည် မြောက်ဘက်သို့ ပျံ့နှံ့ရွှေ့ပြောင်း နေထိုင်ကြရာ၌ ကတူးတို့၏ ဒေသကိုပါ သိမ်းသွင်းခဲ့ကြ၏။ ထိုအချိန်မှစ၍ ကတူးတို့နှင့် ဆက်သွယ်မှု ပိုမိုများပြား လာခဲ့သည်။
မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူပြီးနောက် ကတူးတို့သည် ဝန်းသိုဒေသမှ မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသည်။ ယခုအခါတွင် သူတို့ကို ကသာခရိုင်တွင်းရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသ၌ အများဆုံးတွေ့ရသည်။ မြောက်ဘက်ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင် နှင့် အနောက်မြောက်ဘက် အထက်ချင်းတွင်းခရိုင်တို့၌လည်း ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။
နေထိုင်ရာဒေသ
ပြင်ဆင်ရန်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်တို့တွင် အများဆုံးနေထိုင်ပြီး ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် အင်းတော်ကြီးဒေသတို့တွင်လည်း နေထိုင်ကြသည်။ အဓိက မဲဇာမြစ်ဝှမ်းဒေသတွင် အများဆုံးနေထိုင်ကြသည်။
လူဦးရေ
ပြင်ဆင်ရန်မိခင်ဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်သူ (၅၀၀၀၀) ခန့်မိခင်ဘာသာ စကားမပြောနိုင်သူ တစ်သိန်းဝန်းကျင်ခန့် ရှိသည်။ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားတွင် ကတူး အမည် စာရင်းထည့်ခံထားရသူ (၃၀၀၀၀) ကျော်ရှိပြီး ဗမာ အမည်စာရင်းပေါက်နေသူ (၁၀၀၀၀၀) ဝန်းကျင်ခန့် ရှိသည်။ လက်ရှိ စုစုပေါင်း လူဦးရေ(တစ်နိုင်ငံလုံး) (၂၀၀၀၀၀)ခန့် ရှိသည်။
ကိုးကွယ်သည့်ဘာသာ
ပြင်ဆင်ရန်အများစု ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်သည်။ အခြားဘာသာကိုးကွယ်မှု မရှိသလောက် နည်းပါးသည်။
စီးပွားရေး
ပြင်ဆင်ရန်တောင်သူများ ဖြစ်ကြသည်။ ရွှေလုပ်ငန်း ဆောင်ရွက်မှု အနည်းငယ်ရှိသည်။ ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေး၊ အိုးလုပ်ငန်း၊ နပန်းတောင်းရက်သည့် လုပ်ငန်းများ၊ ဖျာရက်လုပ်ငန်း စသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ရှိသည်။ ရိုးရာရက်ကန်းလုပ်ငန်းများကို ပင်လယ်ဘူးမြို့ နယ်တွင်သာ တွေ့ရသည်။ အခြားမြို့ နယ်များတွင် ပျောက်ကွယ်နေပြီဖြစ်သည်။
ပညာရေး
ပြင်ဆင်ရန်ခေတ်ပညာတတ်လူငယ်များ နည်းပါးသည်။ အဓိက အစိုးရပညာရေးစနစ် ဖြစ်သည်။ ခေတ်ပညာထက် ဘာသာရေးစာပေကို လေ့လာကြသည်က ပိုများသည်။
လမ်းပန်းဆက်သွယ်ရေး
ပြင်ဆင်ရန်ကားလမ်းဖြင့်သာ အဓိက သွားလာကြသည်။ မိုးတွင်းကာလတွင် ရေကြောင်းဆက်သွယ်ရေး အနည်းငယ်ရှိသည်။ ဆက်သွယ်ရေး ခက်ခဲသည့် ဒေသတစ်ခုဖြစ်သည်။
ဝတ်စားဆင်ယင်မှု
ပြင်ဆင်ရန်မြန်မာ့ရိုးရာအတိုင်း ဝတ်စားဆင်ယင်မှုအတိုင်း ဝတ်ဆင်ကြသည်။ ယခုအခါ ရိုးရာဝတ်စုံ သတ်မှတ်ဝတ်ဆင်တော့မည် ဖြစ်သည်။ နားတောင်းကြီးကြီး ပန်သော ကတူးများလည်း ရှိပြီး ၎င်းတို့ကို ရှေးက ငနားကြီးဟု ခေါ်ကြသည်။ (ပုဂံ၊ ရွှေစည်းခုံကျောက်စာတွင် ကန်တု ငနားကြီး ဟု ဖော်ပြသည်ကို တွေ့ရ၏။)
စာပေ
ပြင်ဆင်ရန်ယခင်က စာပေမရှိခဲ့ပေ။ ယခုအခါ ဒေသတွင်း စာပေပညာရှင် ဦးထွေးမောင်ကျော်(ဘာသာဗေဒပညာရှင်)၏ ကြိုးပမ်းမှုဖြင့် စာပေများ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ဂရီယွန် စာရေးနည်းစနစ် (Gre-Rom Writing System)ဖြစ်သည်။ ကမ္ဘာက လက်ခံထားသည့် နောက်ဆုံးပေါ် သရအလုံး(၅၀) နှင့် ရေးရသည့် စာရေးနည်းစနစ် ဖြစ်သည်။ သင်ရလွယ်ကူပြီး အတိုဆုံးလက်ရေးဖြင့် ရေးနိုင်သည်။ ကမ္ဘာပေါ်မှာရှိသော မည်သည့် ဘာသာစကားကိုမဆို ရေးသားနိုင်သည်။ တိုင်းရင်းသား စုံညီအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပြီး ဖြစ်သည်။ မြန်မာလူမျိုး၊ ရှမ်းလူမျိုးတို့နှင့် ရောနှော နေထိုင်ကြသဖြင့် ထိုလူမျိုးတို့၏ ယဉ်ကျေးမှု ထုံးစံဓလေ့အချို့ကို ရရှိထားသူများ ဖြစ်ကြသည်။ ကတူးတို့ ပြောဆိုသော ဘာသာစကားတွင် မြန်မာစကား အများပင် ပါဝင်နေသည်ကို တွေ့ရ၏။ ဈေးအသုံးအနှုန်း၊ ရေတွက်မှု အသုံးအနှုန်းတို့တွင်ကား ရှမ်းဘာသာစကားကို အများဆုံးသုံးစွဲကြသည်။ သို့ရာတွင် သူတို့၏ မူရင်းဘာသာစကားမှာ မြန်မာစကား၊ ရှမ်းစကား တို့နှင့် မတူပေ။
နိုင်ငံရေး
ပြင်ဆင်ရန်ရှေးယခင်ကတည်းက မြန်မာမင်းများ လက်အောက်ခံအဖြစ် အမှုထမ်းခဲ့သည်။ သီပေါမင်းပါတော်မူသည်အထိ ကတူးတပ်ရင်း သီးသန့်ရှိခဲ့သည်။ လွတ်လပ်ရေးဆွေးနွေးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကတူးတိုင်းရင်းသားများအား ညှိနှိုင်းခြင်းမရှိပဲ ကတူးနယ်မြေများအား ကချင်ပြည်နယ်သို့ သတ်မှတ်ပေးလိုက်သည်။ အင်္ဂလိပ်လက်ထက်မှစ၍ ကတူးတိုင်းရင်းသားများ၏ စည်းရုံးရေးပြိုကွဲခဲ့ပြီး နိုင်ငံရေးနယ်ပယ်တွင် စိတ်ဝင်စားမှု နည်းလာကြသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ကတူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။