ကန္နီမြို့စားမင်းသမီးသည် ဗဒုံမင်း၏ မိဖုရားခေါင်ကြီးဖြစ်သော အောင်မြေဘုံကျော်ကျောင်းအမကြီးမယ်လွန်းမယ်မှ ဖွားမြင်သော အကြီးဆုံးသမီးတော်ဖြစ်သည်။ မြန်မာနှစ် ၁၁၂၃ ခုနှစ်တွင် ဖွားမြင်သည်။ ငယ်မည်မှာ 'အမိကြီး' ဖြစ်သည်။ အမိကြီးသည် ဟင်္သတမြို့စား မမင်းတုတ်နှင့် တစ်နှစ်တည်းတွင် ဖွားမြင်သော်လည်း မမင်းတုတ်က လကြီးသည်။

ဗဒုံမင်းသည် သမီးတော်ကြီးအား မြန်မာနှစ် ၁၁၄၄ ခု၊ နယုန်လပြည့်ကျော် (၄) ရက်နေ့တွင် ကန္နီမြို့ကို အပိုင်စားပေးသနားသည်။ ၁၁၄၅ ခု၊ နယုန်လပြည့်ကျော် (၈)ရက်နေ့တွင် 'သီရိမဟာရတနာ ဒေဝီ 'ဟူသော ဘွဲ့ကိုရရှိသည်။

ဗဒုံမင်းသည် ကန္နီမြို့စားမင်းသမီးကိုလည်း မိဖုရားခေါင်ကြီး၏ သမီးဦးဖြစ်သည့်အလျောက် အချစ်ပိုခဲ့ဟန်တူသည်။ မည်သည့်သားတော်နှင့်မျှ လက်ဆက်ထိမ်းမြား မပေးခဲ့ပေ။ သို့သော်လည်း သမီးတော်ကြီးအား လက်ဆက်ထိမ်းမြားပေးရန်အကြောင်းက ဖန်တီးလာသည်။ အကြောင်းမှာ သားတော် အိမ်ရှေ့မင်းဥပရာဇာ(ရွှေတောင်မင်း) ၏ မိဖုရားမှာ ကံကုန်ခဲ့သောကြောင့် ဖြစ်သည်။ ဗဒုံမင်းသည် အိမ်ရှေ့စံအတွက် မိဖုရားကြီးလုပ်ရန် သမီးတော်တစ်ပါးနှင့် ထပ်မံလက်ဆက်ပေးရမည်။ အိမ်ရှေ့မိဖုရားအဆင့်ပြည့်မီသူမှာ မိဖုရားခေါင်ကြီးမှ ဖွားတော်မူသော ကန္နီမြို့စားသာ ရှိတော့သည်။ ထို့ကြောင့်ကန်နီမြို့စားကို မိဖုရားအဖြစ် ရွေးချယ်ခဲ့ရသည်။

မြန်မာနှစ် ၁၁၅၆ခု၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် ကန္နီမြို့စားမင်းသမီးတော်ကြီးသည် အိမ်ရှေ့ဥပရာဇာ၏ ဒုတိယမြောက်မိဖုရားအဖြစ် တင်မြှောက်ခြင်းခံရသည်။ အိမ်ရှေ့စံမိဖုရားဖြစ်ချိန်တွင် အသက်(၃၃) နှစ် ရှိနေလေပြီ။ ကန္နီမြို့စား အိမ်ရှေ့မိဖုရားသည် မိဖုရားမဖြစ်မီကပင် သာသနာတော်ကို အနုဂ္ဂအမှုဖြင့် ပြုစုထောက်ပံ့ခဲ့သည်။ ကန္နီမြို့စား၏ ကုသိုလ်တော်များအနက် အမရပူရမြို့တော်၏ အရှေ့တောင်အရပ်၌ ဆောက်လုပ်သောကျောင်းတော်မှာ အထင်ရှားဆုံး ဖြစ်သည်။ ကန္နီမြို့စားမင်းသမီးသည် လေးထပ်ဇေတဝန်ရွှေကျောင်းတော်ကြီးကို ဆောက်လုပ်၍ ' ဘုံသာဝယ်ယံကျောင်းတော်ကြီး' ဟုကမ္ပည်းတင်ပြီးလျှင် မင်းရွာဆရာတော်အား တင်လှူပူဇော်သည်။ ထိုအကြောင်းကို ကုန်းဘောင်မင်းဆက်ရာဇဝင်တော်ကြီး၌-

၁၁၅၃ ခု၊ နတ်တော်လဆန်း (၁၂)ရက်၊ ဗုဒ္ဓဟူးနေ့၊ရွှေမြို့တော်အရှေ့တောင်ယွန်းတွင် သမီးကန္နီမြို့စားမင်းသမီး ဆောက်လုပ်ပြီးပြေသည်ကို 'ဘုံသာဝေယံ'ဟုကမ်ပည်းစိုက်ထူတော်မူပြီးလျှင် မန်လည်ဆရာတော်'ဂုစမုနိန္ဒဓိပတိပဝရသာမိမဟာဓမ္မရာဇာဂုရု' အား ကိုယ်တော်တိုင် ရေစက်သွန်းချ တင်လှူတော်မူသည်။ ပွဲသဘင်ကြီးမှာလည်း ခံတော်မူသည်' ဟုရေးသား၍ မှတ်တမ်းတင်ထားသည်။

ကန္နီမင်းသမီး၏ ကျောင်းတော်ကြီးကို အလှူခံရသော မန်လည်ဆရာတော်မှာ သစိုးမန်လည်ရွာ၌ ဖွားမြင်သောကြောင့် မန်လည်ဆရာတော်ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ဆရာတော်သည် မြန်မာနှစ် ၁၀၇၆ ခုနှစ်တွင် မွေးဖွားသည်။ ဆရာတော်ကြီးသည် စဉ့်ကူးမင်းလက်ထက်ကပင် ဘွဲ့တံဆိပ်များ ဆက်ကပ်ခံရပြီး သာသနာတော်ကို ပြုစုရ၏။ ဗဒုံမင်း နန်းတက်လာသောအခါ သာသနာပိုင်ဆရာတော်လေးပါးကို တင်မြှောက်ရာတွင် မန်လည်ဆရာတော်လည်း ပါဝင်သည်။ မန်လည်ဆရာတော်သည် မြန်မာနှစ် ၁၁၆၇ ခု၊ သက်တော်(၉၁)၊ ဝါတော်(၇၁) ဝါအရတွင် ကန်နီမြို့စားမင်းသမီး၏ ကောင်းမှုတော် ဘုံသာဝေယံကျောင်းတော်ကြီး၌ပင် ပျံလွန်တော်မူခဲ့လေသည်။ ကန်နီမြို့စားသည် အသက်(၃၀) ကျော်မှ မိဖုရားဖြစ်ခဲ့သော်လည်း သားတော်၊ သမီးတော် ခုနှစ်ပါးဖွားမြင်တော်မူသည်။

သားတော်၊သမီးတော်တို့မှာ

  1. သားတော် သတိုးမင်းလှရာဇာ (၁၁၅၇ ခုဖွား၊မြင်စိုင်းမြို့ကို စားရသည်။ ခမည်းတော်၏ပထမမိဖုရားမှ ဖွားမြင်တော်မူသော 'သီရိမလ္လာစန္ဒာဒေဝီ' ဘွဲ့ခံ ရွှေတောင်မင်းသမီးနှင့် စုံဖက်တော်မူသည်။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်၌ ကံကုန်သည်။)
  2. သမီးတော် မင်းမြတ်ထား (ငယ်စဉ်က ကံကုန်သည်။)
  3. သမီးတော်တစ်ပါး (ငယ်စဉ်ကလွန်သည်။)
  4. သားတော် မင်းဘိုးညို
  5. သားတော် သတိုးမင်းလှကျော် (၁၁၆၂ခုဖွား၊ ငယ်မည် မောင်ရွှေတိုး၊ မြင်းခုန်တိုင်မြို့ ကိုစားရ၏။ ၁၁၈၄ခု ကံကုန်သည်။)
  6. သားတော် သတိုးမင်းထင် (၁၁၆၄ ခုဖွား၊ ငယ်မည်မောင်ရွှေပို၊ ရေနံချောင်းမြို့ကို စားရ၏။ စလင်းမင်းသားကြီး မောင်အို၏ သမီးတော် စကုမင်းသမီးနှင့် စုံဖက်တော်မူသည်။)
  7. သားတော် သတိုးမင်းငယ် (၁၁၆၆ ခုဖွား၊ ရေနဲမြို့ကို စားရသည်။ ၁၁၆၈)

ဘုံသာဝေယံကျောင်းအမ ကန္နီမြို့စား အိမ်ရှေ့မိဖုရားကြီးသည် ဘကြီးတော်မင်းတရားလက်ထက် သက်တော် (၇၅) နှစ်အရွယ်တွင် ကံကုန်သည်။ ထိုအကြောင်းကို ကုန်းဘောင်ဆက်ရာဇဝင်တော်ကြီး စာ-၁၀၆၃၌- 'မြန်မာနှစ် ၁၁၉ဂခု၊ နယုန်လဆန်း(၆)ရက်နေ့မိကြီးတော် ကန္နီမြို့စား အိမ်ရှေ့မိဖုရား သီရိမဟာ မင်္ဂလာရတနာဒေဝီ ကံကုန်သည်ကို ဘိုးတော် ဆင်ဖြူရှင်မင်းတရားလက်ထက် မယ်တော် မိဖုရားခေါင်ကြီး သင်္ဂြုဟ်သည့်နည်း၊ ၎င်း ပြည့်ကျော် (၈)ရက်နေ့ အရှင် နှစ်ပါး ရွှေဝါတော်နှင့် ထွက်တော်မူ၍ သင်္ဂြုဟ်တော်မူသည်'ဟု မှတ်တမ်းတင်ထားသည်။ ဘကြီးတော် ဖန်နန်းရှင်မင်းတရားသည် ကန္နီမြို့စား မိဖုရားကြီး၏အလောင်းကို ရက်ရှည်ထား၍ ခမ်းနားစွာ သင်္ဂြုဟ်ခဲ့လေသည်။

ကျမ်းကိုးစာရင်း

ပြင်ဆင်ရန်

၁။ ဓမ္မရတနာမဂ္ဂဇင်း (၁-၈-၉၈)၊ စာ-၂၆၊ ၂၈။