ရေနံချောင်းမြို့

မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီးရှိ မြို့

ရေနံချောင်းမြို့ သည်မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးချောက်ခရိုင်ရေနံချောင်းမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အပြင် ကိုလိုနီခေတ်နှင့်လွတ်လပ်ရေးခေတ်ဦးပိုင်း၌ မကွေးတိုင်းမင်းကြီးနှင့် မကွေးခရိုင်ဝန်တို့ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ဆင်ဖြူကျွန်းမြို့အရှေ့တောင်ဘက်ဓာလွယ်ခုတ်ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိသည်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ မကွေးမြို့အထက် ၂၉ မိုင်ခန့် ကွာဝေးသည်။ ရန်ကုန်မြို့မှ ၃၆၃ မိုင်ကွာဝေးသည်။ ရှေးအခါက ဆိပ်သာကွန်းထောက်မြို့၊ ထိုမှတစ်ဖန် ရေနံ့သာမြို့ဟု တွင်ခဲ့၍ ထိုနောက်တွင် ရေနံချောင်းမြို့ဟု ခေါ်တွင်သည်ဟု ဆိုလေသည်။ ရေနံချောင်းမြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၅,၁၂၀ ဦး[] ဖြစ်သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြို့ပြနေလူဦးရေမှာ (၄၉၉၃၈)ဦးထိ ရှိလာခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထမြောက်အကြီးဆုံးမြို့ ဖြစ်လာသည်။

ရေနံချောင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ဝင်ဆိုင်းဘုတ်
ရေနံချောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရေနံချောင်းမြို့
ရေနံချောင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°27′N 94°52′E / 20.450°N 94.867°E / 20.450; 94.867
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်​ချောက်
မြို့နယ်ရေနံချောင်းမြို့နယ်
လတ္တီကျု(၂၀)ဒီဂရီ၊ (၂၇)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ရေနံချောင်းမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်းကြောင်း

ပြင်ဆင်ရန်

ရေနံချောင်းမြို့နယ်သည် ရာဇဝင်ကျောက်စာသမိုင်းအရမဇ္ဈိမဒေသပါဋလိပုတ်မင်းနှင့် မြန်မာနိုင်ငံ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်းလက်ထက်က ရေနံချောင်းမြို့ကို ဆိပ်သာကွန်းထောက်မြို့ဟု ခေါ်တွင်ခဲ့ပြီး ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် ရေနံ့သာမြို့ဟု ခေါ်တွင်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇.၈.၁၉၇၃)ရက်စွဲပါ စာအမှတ်၊ ၂/ ၁၄၂ /အထဥဖြင့် ရေနံချောင်းမြို့ဟု ဖွဲ့စည်းထားရှိခဲ့သည်။ မြန်မာဘုရင်များလက်ထက်ကပင် ရေနံချောင်းမင်းကြီးအဖြစ် အမတ်ကြီးများမှ အုပ်ချုပ်ခဲ့သည်။ ကိုလိုနီခေတ်တွင် ရေနံထုတ်လုပ်မှုအကြီးအကျယ်ထွန်းကားလာရာ အိန္ဒိယနှင့်မြန်မာနိုင်ငံတဝှမ်းမှ အလုပ်သမားများ၊ငွေရှင်ဓနရှင်တွင်းရိုးတွင်းစားများနှင့်အထူးစည်ကားလာပြီး မင်းဘူးပြည်နယ်မင်းကြီး(နောင်အခါ-မကွေးတိုင်းမင်းကြီး)တို့ရုံးစိုက်ရာ တိုင်းမြို့တော်ဖြစ်လာခဲ့ရာ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ပြီးလျှင် ဒုတိယအကြီးဆုံးနှင့်အစည်ကားဆုံး မြို့ဖြစ်လာခဲ့သည်။ဒုတိယကမ္ဘာစစ်တွင်ရေနံတွင်းများဖျက်ဆီးခံရမှုများကြောင့် စစ်ပြီးခေတ်တွင်ရေနံအထွက်နှုန်းလျော့ကျလာခဲ့သော်လည်းလွတ်လပ်ရေးခေတ်တိုင်အောင် မြို့ကြီးအဖြစ်စည်ကားလျက်ရှိပြီး မကွေးတိုင်းမင်းကြီးနှင့်မကွေးခရိုင်ဝန်တို့ရုံးစိုက်ခဲ့ရာမှ ၁၉၇၄ခုနှစ်တွင် ရေနံချောင်းစီရင်စုအတွင်းရှိမကွေးမြို့သို့ တိုင်းရုံးနှင့်ခရိုင်ရုံးများပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းတွင် စည်ကားမှုများတဖြေးဖြေးလျော့နည်းကျဆင်းလာခဲ့ရာ ၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်တွင် တိုင်းအတွင်းတွင်ပင် စတုတ္ထမြောက်အကြီးဆုံးမြို့အနေအထားသို့ရောက်ရှိသွားပြီး စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသော မြို့ဖြစ်လာခဲ့သည်။

မြို့ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

ရေနံချောင်းမြို့ကို ရပ်ကွက် (၁၄) ရပ်ကွက်ဖြင့်ဖွဲ့စည်းထားသည်။၎င်းတို့မှာ

  • သစ်တပွေရပ်ကွက်
  • ညောင်လှရပ်ကွက်
  • အိုးဘိုရပ်ကွက်
  • ရွာသစ်ရပ်ကွက်
  • ဆုံတိုက်ရပ်ကွက်
  • ရွှေကြာငုံရပ်ကွက်
  • မြို့မတောင်ရပ်ကွက်
  • မြို့မမြောက်ရပ်ကွက်
  • မြေနီခင်တောင်ရပ်ကွက်
  • မြေနီခင်မြောက်ရပ်ကွက်
  • ဘိုကုန်းရပ်ကွက်
  • သူဌေးကုန်းရပ်ကွက်
  • ဘေးမဲ့ရပ်ကွက်
  • တွင်းကုန်းရပ်ကွက် တို့ဖြစ်ကြသည်။

မြို့မဈေးကြီးနှင့်ရတနာဈေးတို့မှာ မြို့၏အလယ်ဗဟိုတွင် တည်ရှိသည်။ မြို့၏မြောက်ဘက်ပိုင်းတွင် ရေနံချောင်း စက်မှုဇုန် ရှိသည်။

ရေနံချောင်းမြို့ပေါ်တွင် အ‌ခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်းရှိသည်။ ၁၉၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ၂၀၁၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သည်။

တက္ကသိုလ်၊ကောလိပ်များ

ပြင်ဆင်ရန်

ရေနံချောင်းရေနံမြေ

ပြင်ဆင်ရန်

ရေနံချောင်းမြို့သည် မြန်မာနိုင်ငံ၌ ရေနံ အများဆုံးထွက်သော မြို့ဖြစ်၍ ရေနံလုပ်ငန်းများ ရှိသောကြောင့် စည်းကားခဲ့သောမြို့တစ်မြို့ ဖြစ်သည်။ ရေနံတွင်းများကို မြို့နှင့် သုံးမိုင်ခန့်ဝေးသော တွင်းကုန်းနှင့် ဘေးမဲ့အရပ်တို့တွင် အများဆုံးတွေ့ရသည်။ နိုင်ငံတော်အစိုးရက ရေနံချောင်း ရေနံမြေဟု စတုရန်းမိုင် ၈ဝ ခန့်ရှိသော မြေကွက်ကို သတ်မှတ်ထားသော်လည်း ရေနံမြေအစစ်မှာ စတုရန်းမိုင် သုံးမိုင်ခန့်သာ ရှိသည်။ ရေနံအများဆုံးထွက်သော ဧရိယာမှာကား ၁ ၁/၄ စတုရန်းမိုင်ခန့်သာ ရှိလေသည်။ ရေနံလုပ်ငန်းကို ကာလရှည်ကြာစွာ ဘီအိုစီကုမ္ပဏီ အမှူးပြုသော နိုင်ငံခြားအရင်းရှင် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ကာ လုပ်ကိုင်လာခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် ဘီအိုစီကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းကြီးတစ်ရပ်အဖြစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည် ရေနံလုပ်ငန်းဆိုင်ရာ နိုင်ငံခြားကုမ္ပဏီများ၏ ပိုင်ဆိုင်ခွင့်အရပ်ရပ်ကို တရားနည်းလမ်းအရ ဆွေးနွေးညှိနှိုင်းကာ ဝယ်ယူခဲ့သဖြင့် ထိုကုမ္ပဏီများသည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ မြန်မာတိုင်းရင်း သားများလက်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ခဲ့လေသည်။

ရေနံများကို ယခင်က ရေနံချောင်းမှ ရန်ကုန်တစ်ဖက်ကမ်းရှိ သန်လျင်မြို့သို့ ဓာတ်ဆီချက်လုပ်ရန် ပိုက်လုံးကြီးများ ဖြင့် ပို့ပေးခဲ့လေသည်။ သို့သော် ယခုအခါ တွဲသမ္ဗန်ကြီးများ တွင် ထည့်၍ တွန်းသင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရလေသည်။ ရေနံချောင်းမြို့သည် မကွေး၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ချောက်မြို့များနှင့်လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်ထားသည်။

ထင်ရှားသောနေရာများ

ပြင်ဆင်ရန်
 
ဖူးစာကုန်း

ရေနံချောင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားစေတီများမှာ စနေနံဘုရား၊ ရွှေဘုံသာစေတီ၊ ရတနာမဉ္ဇူစေတီတော်၊ ဇေယျမှန်ကူမဟာ‌ဗောဓိ‌စေတီတော်(လေးထပ်ကြီးဘုရား) နှင့် ပင်းစက္ကလံပစေတီတော် (ပင်းဘုရား)တို့ ဖြစ်လေသည်။ တိပိဋကတ်စုံကျောက်စာရုံတော်ကြီးမှာ ထင်ရှားသည်။ ထို့အပြင် ဖူးစာကုန်းခေါ် အများပြည်သူအပန်းဖြေရာနှင့် ရှုခင်းကြည့်စရာ ကမ်းပါးတစ်ခုလဲ ရှိသည်။

စနေနံစေတီတော်

ပြင်ဆင်ရန်

ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရှင်မဟာကဿပမထရ်မြတ်နှင့် ရာဇဂြိုဟ်ပြည့်ရှင်ဘုရင်အဇာတသတ်မင်းတို့သည် ဘုရားရှင်၏ ကြွင်းကျန်ရစ်သောသရီရဓာတ်မွေတော်တို့ကိုပြန်လည်စုပေါင်း၍ အထူးထူးသော ပူဇော်သက္ကာရတို့ဖြင့် ကျောက်ဂူတွင်ဌာပနာတော်မူခဲ့သည်။ သာသနာ့ဒါယကာ ပါတလိပုတ်ပြည့်ရှင် သီရိဓမ္မာအသောကမင်းကြီးသည် ဓာတ်တော်မွေတော်ဌာပနာတိုက်၏ စက်ယန္တရားတို့ကိုဖယ်ရှား၍ ဓာတ်မွေတော်တို့ကို ပင့်ဆောင်စေပြီးလျှင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များလွှတ်၍ ရှစ်သောင်းလေးထောင်သောစေတီတော်တို့ကိုတည်ထားကိုးကွယ်ခဲ့သည်။ ဤရှစ်သောင်းလေးထောင်သောစေတီတော်တို့တွင်တစ်ဆူအပါအဝင်ဖြစ်သော စနေနံစေတီတော်ကို သာသနာနှစ် (၂၁၈)နှစ်တွင် ဆိပ်သာကွန်းထောက်မြို့/ရေနံသာမြို့/ရေနံချောင်းမြို့ သုံးမည်ရ ရွှေမြို့တော်၏ အာဝဋဂီရိတောင်တော်တွင်တည်ထားခဲ့သည်။ သရီရဓာတ်မွေတော်လက်တစ်ဆုပ်ဖြင့် ဌာပနာ၍ တည်သောကြောင့် မူလဘွဲ့မည်"ရွှေမုဋ္ဌော"ဟုတွင်ခဲ့သည်။ ဆိပ်သာကွန်းထောက်မြို့အနီး ဧရာဝတီမြစ်ကြောင်းတွင် ရေလမ်းခရီးဖြင့် သွားလာသူများထင်ရှားစွာဖူးမြင်ရသောကြောင့် `ရွှေမုဋ္ဌော´မှာ `ရွှေမြင်တင်´ဟုသတ်မှတ်ခေါ်ကြပြန်ပါသည်။ စေတီတော်သည် ရှေ့အခါကာလက ဆိပ်သာကွန်းထောက်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြို့တည်နေရာ အရှေ့ဘက်သို့တဖြည်းဖြည်းပြောင်းရွှေ့လာခဲ့သဖြင့် စေတီတော်တည်ရာသည် မြို့၏အနောက်တောင် စနေဒေါင့်အရပ်သို့ရောက်ရှိသွားသဖြင့် “စနေနံစေတီ”ဟုခေါ်တွင်ကြပြန်သည်။

အနော်ရထာမင်းကြီးနန်းစံ (၉) နှစ်မြောက်သောအခါရဟန္တာရှင်အရဟံအမည်ရှိသော အရိယာသူမြတ်ကြွရောက်တော်မူလာ၍ ကိုးကွယ်သဖြင့် သာသနာတော်၌များစွာ ကြည်ညိုသောကြောင့် သိန်ခိုကျွန်းနှင့် တရုတ်ပြည်မှစွယ်တော်ဓာတ်တော်တို့ကို ပင့်ဆောင်ကိုးကွယ်ရလေသည်။ သက္ကရာဇ် (၄၁၆) ခုနှစ်တွင် အနော်ရထာမင်းကြီးသည်စစ်သူကြီး ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နှင့်တကွ စစ်သည်တော်အပေါင်း စုဆောင်းချီတက်တော်မူပြီးလျှင် သထုံပြည်ကို တိုက်ခိုက်ဖြိုဖျက်တော်မူရာ အောင်မြင်တော်မူ၍ သထုံဘုရင်ကိုး ကွယ်သော မွေတော်၊ ဓာတ်တော်နှင့် ပိဋကတ်သုံးပုံ အစုံ (၃ဝ)နှင့် အရိယာသံဃာတော်မြတ်များပါ ပင့်ဆောင်တော်မူခဲ့သဖြင့် သက္ကရာဇ်(၄၁၉)ခုနှစ်တွင် ဆန်တက်လာရာ ရေနံချောင်းမြို့ အထက်ခရီးတာ (၂၀၀၀) ခန့်အကွာ ပင်းချောင်းတွင် ဖောင်တော် ဆိုက်သောကြောင့် ဖောင်တော်ဦး၌ပါသော ဓာတ်တော် မွေတော်အပေါင်းတို့သည် နဂုတ္တမတောင်ထိပ်၌ကိန်းဝပ် တော်မူလိုသောအခြင်းအရာနှင့် တန်ခိုးပြာဋိဟာပြတော်မူသည်ကို အနော်ရထာမင်းကြီး မြင်တော်မူလျှင် ထိုနဂုတ္တမတောင်မြတ်ကို အထက်မှအတောင် (၂၀)တိုင်အောက်သို့ ဌာပနာတိုက်တူးလုပ်စေ၍ ဆန်းကျယ်လှစွာသော ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်တို့ကို စီခင်းပြီးလျှင် ရတနာ (၇)ပါးတို့ဖြင့် စီခြယ်အပ်သော ရွှေကြုတ်၌ ဓာတ်တော်မွေတော်တို့ကို ထည့်သွင်းဌာပနာတော်မူပြီးလျှင် ဓာတ်တော်ကြုတ်၏ပတ်လည် အရပ်လေးမျက်နှာတို့၌ ပဉ္စလောဟာ ရတနာအပေါင်းတို့ဖြင့် သွန်းလုပ်အပ်သော ဤဘဒ္ဒကမ္ဘာထက် ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏ ရုပ်ပွားတော် (၄) ဆူကိုထား၍ အစဉ်အတိုင်းတည်တော်မူပြီးလျှင် မြေပေါ်သို့ လေးတောင်အမြင့်မှ ဌာပနာ တိုက်ပြု၍ ဓာတ်မွေတော်ရုပ်ပွားတော်(၄)ဆူကို အောက်ဌာပနာတိုက်နည်းတူ ဌာပနာတော်မူ၍ မုခ်လေးမျက်နှာ အမြင့်သံတောင် (၃၀) ကျော်ရှိသော စေတီတော်ကိုတည်တော်မူသည်။ ထိုအခါ ပင်းချောင်းတောင်ဘက်၌ရှိသော မြေသည်အုတ်လုပ်ရန်မကောင်း တာရှည်မခံ၊ ပင်းချောင်းမြောက်ဘက်၌ရှိသော ကမ္ဘာမြေညက်ကို စမ်းသပ်၍ အုတ်လုပ်စေရာ တာရှည်ခိုင်ခန့်သော အုတ်တို့ကိုရသဖြင့် ၎င်းအရပ်၌ စစ်သူကြီးကျန်စစ်သားကို ကြီးကြပ်အုပ်ချုပ်စေ၍ ၎င်းအရပ်မှ အုတ်တို့ကို စစ်သည် ဗိုလ်ပါအပေါင်းတို့အားလက်ဆင့်ကမ်း၍ သယ်ယူ စေရာဝယ် ပင်းချောင်းရေ ဖျက်ဆီးသောကြောင့် စစ်သည်တော်တို့ ငြိုငြင်ဆင်းရဲ ပင်ပန်းကြသည်ကို အနော်ရထာမင်းကြီး သိတော်မူလေလျှင်ငါသို့သော သာသနာပြုမင်းစေတီတော်တည်သည်ကို ဤချောင်းရေ နှောင့်ယှက်ရသလောဟု ခမည်းတော် ကွမ်းဆော်မင်းကြီးအား သိကြားမင်း အပ်နှင်းသော စကြာလှံတော်ဖြင့် ချောင်းရေကို ပြတော်မူရာ ရေနံချောင်းမြို့ အရှေ့ခရီးတာ(၈၀၀၀) ခန့်ကွာသော ယခုရေဆုံးဟုခေါ်သော အရပ်တိုင်အောင် ချောင်းရေ ဆုတ်နစ်၍ သဲပြင်အတိဖြစ်လေရာ စစ်သည်တော်တို့သည် လွယ်လင့်တကူ သယ်လုပ်ဆောင်ကြရသဖြင့် စေတီတော်ကြီးအပြီးသို့ရောက်တော်မူသည်။ စကြာလှံတော်ပြ၍ ပင်းချောင်းရဆုတ်နစ်သည်ကိုအကြောင်းပြုပြီးလျှင် ပင်းစကြာလှံပြစေတီတော်ဟု သမုတ်တော်မူရာမှ ကာလရွှေ့လျောလာသောအခါ ပင်းစက္ကလံပစေတီတော် ဟုပြောင်းလဲခေါ်တွင်ခဲ့ကြသည်။

ကျောက်စာရုံတော်ကြီးကို ရေနံချောင်းမြို့၊ မြို့မမြောက်ဒိုင်နယ် ပုဏ္ဏားကုန်းရပ်ကွက်အတွင်းရှိ မြေဧက (၁.၆၈၉)ဧကရှိသော ရတနာဂီရိတောင်တော်ဦးနေရာတွင်သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၀၈-ခုတွင်စတင်၍ တောင်တော်၏အထက်ဆုံးနေရာတွင် ဝိနည်းပိဋကတ်တစ်တိုက်၊ ဒုတိယတောင်တော်အလယ်တွင် အဘိဓမ္မာပိဋကတ်တိုက် နှစ်တိုက်နှင့် အောက်ဆုံးတောင်ခြေရင်းတွင် သုတ္တန်ပိဋကတ်တိုက် နှစ်တိုက် စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တိတိ အထက်၊ အလယ်၊ အောက် အစဉ်အတိုင်း တောင်တော်ကြီးတွင် ထည်ဝါဝင့်ကြွားစွာ တည်ထားပူဇော်ခဲ့သည်။

တည်ထားပုံမှာ စေတီပုံ(ဝါ)တြိဂံပုံ၊ အပေါ်ဆုံးနေရာ၌ ဝိနည်းပိဋကတ်တော်တိုက်အား ကျောက်အချပ်ရေ ၁၁၄-ချပ်ဖြင့် တည်ထားပူဇော်ထားပြီး အလယ်တွင် အဘိဓမ္မာ ပိဋကတ်တိုက်တော်နှစ်တိုက်အား လက်ဝဲ၊လက်ယာယှဉ်၍တည်ထားပူဇော်ပြီး လက်ဝဲတိုက်၌ ပိဋကတ်ကျောက်စာချပ်ရေ ၁၀၁-ချပ်၊ လက်ယာတိုက်၌ ပိဋကတ်ကျောက်ချပ်ရေ ၁၁၂-ချပ်တည်ထားပူဇော်ပြီး တောင်ခြေ၌ သုတ္တန်ပဋိကတ်နှစ်တိုက် အားလည်း လက်ဝဲ၊ လက်ယာယှဉ်၍ တည်ထားပူဇော်ထားပြီး လက်ဝဲဘက်၌ ပိဋကတ်ကျောက်စာ(၆၀)ချပ် ၊လက်ယာဘက်၌ ပိဋကတ်ကျောက်စာ(၆၄)ချပ်၊ စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တွင် သုတ်ဝိနည်း၊ အဘိဓမ္မာပိဋကတ်ကျောက်ချပ်ရေ စုစုပေါင်း ၄၅၁-ချပ်အားပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာရေးထွင်းပူဇော်ခဲ့သည်။ ဓမ္မဒါနကုသိုလ်ပြု အလှူဒါယကာ တွင်းရိုးတွင်းစားသူဌေးကြီး ဦးသာကံ၊အလှူဒါယိကာမ ပါရမီဖက် ဒေါ်ခင်သင်(ခ)ဒေါ်ခင်လေးတို့ မိသားစုမှ ထိုခေတ် ငွေဒင်္ဂါးငါးတင်အကုန်အကျခံ၍ လှူဒါန်းခဲ့ကြောင်း မှတ်သားသိရှိခဲ့ရသည်။

ပထမဆုံး ဝိနည်းပိဋကတ်တိုက် ဘိက္ခုပါမောက် ပါဠိတော်ကျောက်ချပ်အား ၁၂၇၄-ခု၊တန်ဆောင်မုန်းလပြည့်ကျော်(၁၄)ရက် ရေးကူးပြီးသည်ဟုပါရှိပြီး သုတ္တန်ပိဋကတ်တိုက် အရှေ့ဘက်တိုက်ပါဠိကျောက်စာ ဒဿကင်္ဂုတ္တရကျောက်စာကို ၁၂၈၇-ခုနှစ် ရေးထိုးပြီးသည်ဟု တွေ့ရသည်။

ရေနံချောင်းမြို့ ပိဋကတ်သုံးပုံ ဓမ္မစေတီကျောက်စာတော်များ တည်ထားကိုးကွယ်မှုသည် တည်ဆောက်ရေးလုပ်ငန်းများ စတင်သည့် ခုနှစ်မှစ၍ရေတွက်သော် ဆောက်လုပ်ရေးသက်တမ်းသည် ၁၇နှစ်ကြာပြီး ယခုအခါ သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ပြီ ဖြစ်သည်။

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၆။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)