စိုက်လျှင် အပင်ပေါက်နိုင်သော မျိုးကို ဗီဇဂါမ် ဟု ခေါ်သည်။ ရဟန်းသည် ထိုဗီဇဂါမ်တို့ကို ဖျက်ဆီးပါက ဒုက္ကဋ်အာပတ် သင့်၏။ ထို့ကြောင့် ရဟန်းတော်များ နေ့စဉ်ဘုဉ်းပေးနေသည့် ဆွမ်းတွင် ဗီဇဂါမ်များ ပါတတ်၏။ ထိုအခါ အပ်စပ်အောင် ဝိနည်းကံ ပြုရသည်။ ထိုသို့ အပ်စပ်အောင် ဝိနည်းကံ ပြုခြင်းကို ကပ္ပိခြင်း ဟု ခေါ်သည်။ [၁]

ဗီဇဂါမ် (၅) မျိုး ပြင်ဆင်ရန်

ဗီဇဂါမ် (၅) မျိုး ရှိသည်။ ၎င်းတို့မှာ -

၁။ ပင်စည်

၂။ အမြစ်၊ ဥ

၃။ အဆစ်

၄။ အညွန့်

၅။ အစေ့အဆံ တို့ ဖြစ်ကြသည်။[၁]

ပြုလုပ်ခြင်း ပြင်ဆင်ရန်

ဘူတဂါမ် ဗီဇဂါမ်တို့ကို ဒါယကာလုပ်သူက-

  • (၁) လက်သည်းဖြင့် ဖြစ်စေ၊
  • (၂)အသွားထက်သော ဓားလှံသံချွန် စသည်ဖြင့် ဖြစ်စေ၊
  • (၃) မီးဖြင့် ဖြစ်စေ ဆိတ်ယူ ထိုးခုတ်ရှို့တိုက်၍ ပေးခြင်းမျိုး။
  • (၄) မျိုးမရလောက်အောာင်နုနယ်ခြင်း။
  • (၅) အစေ့ကို မျိုးမပျက်ရအောင် ထုတ်နုတ်ဖယ်ရှားခြင်း။

မီးဖြင့် ကပ္ပိခြင်း၊ ဓားဖြင့် ကပ္ပိခြင်း၊ လက်သည်းဖြင့် ကပ္ပိခြင်းကို ကပ္ပိယကာရကတစ်ဦးမှ လုပ်ဆောင်ပေးရ၏။ ဓားဖြင့် ကပ္ပိမည်ဆိုပါက ကပ္ပိယသည် လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ထားကာ အသီးကို ချိန်ရွယ်ထားရမည်။ ထို့နောက် ရဟန်းမှ ကပ္ပိယံ ကရောဟိ ဟု ရွတ်ဆိုပါက ကပ္ပိယသည် ကပ္ပိယံ ဘန္တေ ဟု ရွတ်ဆိုကာ လက်မှ ဓာဖြင့် အသီးကို ထိုးဆွ (သို့) လှီးဖြတ်ရသည်။ ပန်းကန်ထဲရှိ သစ်သီးတစ်လုံးကို ကပ္ပိရုံဖြင့် အခြားသစ်သီးများကိုလည်း ကပ္ပိပြီးသာ ဖြစ်သွား၏။ မီးဖြင့် ကပ္ပိခြင်း၊ လက်သည်းဖြင့် ကပ္ပိခြင်းသည်း ထို့အတူပင် ဖြစ်၏။

နံပါတ် (၄) နည်းမှာ မည်သို့မျှ ပြုစရာ မလိုဘဲ အလိုလိုသုံးဆောင်နိုင်သော အနေအထား ဖြစ်သည်။ နံပါတ် (၅) နည်းမှာ ကပ္ပိယမလိုဘဲ ရဟန်းကိုယ်တိုင် ပြုကောင်း၏။ [၂][၁]


ဓားလက်သည်းဖြင့် ထိုးခုတ်ဆိတ်ဖြတ်ရာ၌ ထက်ပိုင်း မပြတ်ဘဲ ဓားရာ လက်သည်းရာ အပေါက်အဖြတ် ထင်ရှားလျှင် အပ်စပ်ပြီ ဖြစ်ပါသည်။ [၃]


ဓားဖြင့် ခုတ်သကဲ့သို့ပင် အပ်ဖြင့် ထိုးခြင်းသည်လည်း အပ်စပ်သည်ပင်။ ထိုသို့ကပ္ပိရာ၌ သစ်သီးစသော အရာဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ မဟုတ်၊ တောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသည့် သစ်သီးပုံ၊ ကြံပုံ စသည် တို့ကိုလည်း ရဟန်းတစ်ပါးက မထိမကိုင်ဘဲ ကပ္ပိယံ ကရောဟိဟု ဆိုသောအခါ ကပ္ပိယကာရက-က တစပ်တည်း တည်နေသော သစ်သီးတစ်လုံး၊ ကြံတစ်ချောင်းကို ကပ္ပိယံ ဘန္တေဟု ဆို၍ ခုတ်လိုက် ထိုးလိုက်လျှင် အားလုံးသော အသီးများ အပင်များသည် တစပ်တည်း တည်ရှိနေသဖြင့် အားလုံးပင် ကပ္ပိပြီး ဖြစ်တော့၏။ တစ်ကြိမ် ကပ္ပိပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်ရက်များ၌ ထပ်မံ မကပ္ပိတော့ဘဲ အကပ်ခံ၍သာ ဘုဉ်းပေးနိုင်လေသည်။ [၃]

ကပ္ပိယံ ကရောဟိ၊ ကပ္ပိယံ ဘန္တေ အဓိပ္ပာယ် ပြင်ဆင်ရန်

ကပ္ပိယံ ကရောဟိ = ကပ္ပိယံ-ရဟန်းတော်တို့အား အပ်စပ်အောင်၊ ကရောဟိ-ပြုလော့။

ကပ္ပိယံ ဘန္တေ = ဘန္တေ-အရှင်ဘုရား၊ ကပ္ပိယံ-ရဟန်းတော်တို့အား အပ်စပ်သည်ကို၊ ကရောမိ-ပြုပါ၏ ဟူ၍ မြန်မာလို အဓိပ္ပာယ်ရသည်။ ပါဠိလို ဆိုတတ်အောင် လေ့ကျင့်ထားရမည်။

ရဟန်းတော်--ကပ္ပိယံ ကရောဟိ။

ကပ္ပိယ--ကပ္ပိယံ ဘန္တေ။

အကယ်၍ ပါဠိလို မဆိုတတ်ပါက မြန်မာလို လျှောက်တတ်အောင်လည်း လေ့ကျင့်ထားရမည်။

ရဟန်းတော်--ကပ္ပိစမ်း (အပ်စပ်အောင်ပြုစမ်း)

ကပ္ပိယ--ကပ္ပိပါ၏အရှင်ဘုရား(အပ်စပ်အောင် ပြုပါ၏ အရှင်ဘုရား)ဟု ဆို၍ ဓား၊ လက်သည်း စသည်ဖြင့် ခုတ်လိုက် ဆိတ်လိုက်ကာ ကပ္ပိရလေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အရှင်သုမန။ ဒုလ္လဘရဟန်းတို့အတွက် ဝိနည်းမှတ်စု
  2. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  3. ၃.၀ ၃.၁ ၃.၂ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၅၄-၅၆။