ကပ္ပိယ
ကပ္ပိယသည် ပါဠိစကားမှ လာသည်။ အဓိပ္ပာယ်မှာ ကျောင်းတွင် ရဟန်းတို့၏ အမှုကို ဆောင်ရွက်ပေးနေရသော သူကို ခေါ်ဆိုသည်။ [၁]
စာပေတို့တွင် ကပ္ပိယ၊ ကပ္ပိယကာရကတို့ကို ဝေယျာဝစ္စကရဟု သုံးနှုန်းတတ်ကြသည်။ ဝေယျာဝစ္စကရမှာ ရဟန်းသံဃာတော်တို့၏ အမှုကိစ္စအဝဝကို ဆောင်ရွက်ပေးရသူဟု အဓိပ္ပါယ်ရသည်။ ဝေယျာဝစ္စကရဟုဆိုလျှင် ကပ္ပိယ၊ ကပ္ပိယကာရကတို့ ပါဝင်ပြီး ဖြစ်သဖြင့် ခေတ်ဝေါဟာရအရ ကပ္ပိယကာရကဟုသာ သုံးစွဲပါမည်။ [၂]
ရဟန်းတော်များအတွက် လိုအပ်နေသော ကပ္ပိယ
ပြင်ဆင်ရန်ရဟန်းတော်များသည် သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသော သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်တို့ ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့မည်သည် ကိစ္စမြားမြောင် လူ့ဘောင်လောကမှ ခွာရှောင်နေသူများ ဖြစ်ပြီး နေ့စဉ်နှင့် အမျှ ပရိယတ် ပဋိပတ်သာသနာ့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်နေရသူများ ဖြစ်သည်။ လူဒါယကာများကဲ့သို့ စားဝတ်နေရေးကို မိမိကိုယ်တိုင် ပြုလုပ်ဖန်တီး သုံးစွဲ၍ မသင့်လျော်ပေ။ သာသနာ့ဝန်ထမ်းတို့ ရွှင်လန်းကျန်းမာ ချမ်းသာစွာဖြင့် ဝိနည်းကျင့်ဝတ်များကို ကျင့်သုံးနိုင်ပါမှ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ ခိုင်မြဲပေမည်။ သာသနာ့ဝန်ဆောင် ရဟန်းတော်တို့ ခက်ခဲ မရှိ ဝိနည်းကျင့်ဝတ်များကို ဖြည့်ဆည်းရန်အတွက် ကပ္ပိယကာရကခေါ် ကပ္ပိယတို့ လိုအပ်နေသည်။ [၂]
ရဟန်းတော်များသည် ရဟန်းသိက္ခာနှင့်အညီ နေထိုင်သွားလာ ပြောဆိုဆက်ဆံ ဘုဉ်းပေးသုံးဆောင်နေရသဖြင့် အချို့သောကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ဆောင် ရွက်ခွင့်မရှိပေ။ ထိုသို့သော ကိစ္စများကို လူ သာမဏေတို့က ကူညီပေးနိုင်သည်။ သာမဏေသည်ပင် တခါတရံ သီလစောင့်ထိန်းမှုအရ မပြုလုပ်ကောင်းသော ကိစ္စများ ရှိပြန်သဖြင့် လူဒါယကာတို့သည် အကောင်းဆုံးသော ကပ္ပိယတို့ ဖြစ်ကြသည်။ လူကပ္ပိယတို့မှာမူ ရဟန်းတော် များအတွက် လိုအပ်ချက်များကို အပြည့်အဝ ဆောင်ရွက် ပေးနိုင်သူများ ဖြစ်၍ အမှန်ပင် လိုအပ်နေသူများဖြစ်သည်။ ကပ္ပိယကာရကတို့ မရှိသဖြင့် အချို့သောကိစ္စများကို ရဟန်းတော်များကိုယ်တိုင် မလုပ်မဖြစ်၍ လုပ်ကိုင်ရသည့်အတွက် အာပတ် ကျူးလွန်မိတတ်သည်လည်း ရှိသည်။ ထို့ကြောင့် ကပ္ပိယသည် အမှန်တကယ် လိုအပ်ပါသည်။ [၂]
ဝိနည်းသာသနာတော်ကို အထောက်အကူပြုလျက် ရှိသော ကပ္ပိယကောင်းတစ်ဦး
ပြင်ဆင်ရန်မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသောအခါ ဗုဒ္ဓမြတ်စွာ၏ ဓမ္မနှင့်ဝိနယတို့ကို သင်ယူ မှတ်သား အပြည့်အဝ ရယူ စုဆောင်း လေ့လာခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓစာပေကို လေ့လာရာ၌ ထွန်းထွန်း ပေါက်ပေါက် အထက်တန်းရောက်အောင် လေ့လာခဲ့ကြသည်။ အဘိဓမ္မာ အရာဝယ် မြန်မာတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ကျွမ်းကျင်ကြသည်ဟု ဆိုနိုင်လောက်အောင် လေ့လာ တတ်ကျွမ်းကြသည်။ ဝိနည်းအရာတွင်လည်း မြန်မာတို့သည် စံတင်လောက်အောင် ကျင့်ဆောင်နိုင်ကြသည်။ ဝိနည်း သိက္ခာပုဒ်တော်များကို မြန်မာဘာသာ စာပေ ကဗျာ စကားပြေမျိုးစုံဖြင့် ရေးသားဖြန့်ဝေ အသိပညာပေးခဲ့ကြသည်။ ရဟန်းတော်များသည် ဝိနည်းသိက္ခာကို အသက်ပမာ လေးစားစွာ ကျင့်ဆောင်ခဲ့ကြသည်။ ယနေ့အထိ ဝိနည်းသိက္ခာ အပြည့်အဝ ကျင့်ဆောင်နေကြသော မြန်မာရဟန်းတော်များကို နေရာအနှံ့ ဖူးတွေ့နိုင်သည်။ ဝိနည်းနှင့် ပတ်သက် လာလျှင် မြန်မာပြည်ဖွား ရဟန်းတော်များ၏ သဒ္ဓါစိတ်ကား လွန်စွာ အလေးထား ချီးမွမ်းဖွယ်ရာ ကောင်းလောက်အောင် ရှိပေသည်။ [၂]
မြန်မာလူမျိုးများသည် ကပ္ပိယကောင်းများ
ပြင်ဆင်ရန်ထိုကဲ့သို့ ရဟန်းတော်တို့ ဝိနည်းပညတ်တော်ကို အပြည့်အဝ လိုက်နာနိုင်ခဲ့ကြသည်မှာ ကပ္ပိယကာရက ကောင်းတို့ ပြုစုလုပ်ကျွေးမှု ကောင်းမွန်သောကြောင့်ဟုဆိုသော် ဆိုနိုင်ပါ၏။ မြန်မာတို့သည် ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြသူများ ဖြစ်၏။ ဆရာဘုန်းတော်ကြီး များက မိမိတပည့်ကျောင်းသားတို့အား တတ်သိ နားလည်ထိုက်သော ဓမ္မဝိနယမျိုးစုံကို သင်ကြားပေးကြသည်။ ရဟန်း သံဃာတော်တို့အား ချဉ်းကပ်နေထိုင်နည်း၊ ကပ္ပိယကာရက အဖြစ် ဆောင်ရွက်လုပ်ကိုင်နည်း၊ ဆွမ်းကွမ်းဆေး ပစ္စည်းများ အချိန်အခါအလိုက် ဆက်ကပ်နည်း စသည့် ဝိနည်းဆိုင်ရာ ကပ္ပိယကောင်းတစ်ဦး၏ တာဝန်ဝတ္တရား ပြောဆိုပြုလုပ်နည်းတို့ကို လက်တွေ့ရော စာတွေ့ပါ လက်ထပ်သင်ကြားပေးလိုက် ကြသည်။[၂]
သို့ဖြစ်၍ ဘုန်းတော်ကြီးကျောင်းသား အဖြစ်မှ လူ့လောကသို့ ဝင်ရောက်လာသောအခါ ရှင်ဘုရင်ကလည်း ကပ္ပိယကောင်းအဖြစ် ဆောင်ရွက်တတ်သည်။ မှူးကြီး မတ်ရာ သေနာပတိ နိုင်ငံ့ဝန်ထမ်း မြို့စား ရွာစား သူကြီး အထိ ခေါင်းဆောင်လုပ်သူတိုင်းကလည်း ကပ္ပိယကောင်း တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ တောနေ ရွာနေ အောက်ခြေသိမ်း လူများပင်လျှင် ရဟန်းသံဃာတော်တို့နှင့် ပတ်သက်သော ကပ္ပိယတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ကြသည်။ တပြည်ထောင်လုံး လူဒါယကာအားလုံးတို့သည် ရဟန်းသံဃာနှင့် ဆက်ဆံရာတွင် ဝိနည်းသိက္ခာနှင့်အညီ ဆောင်ရွက်တတ်ကြ၍ ဝိနည်းသာသနာတော်ကို အထောက်အကူပြုလျက်ရှိသော ကပ္ပိယကောင်းတို့ ဖြစ်ခဲ့ ကြသည်။ သို့ဖြစ်၍ပင် မြန်မာတို့၏ ဗုဒ္ဓသာသနာသည် ဝိနယ ဓမ္မ နှစ်ဝစုံလင်စွာ ထွန်းတောက်ခဲ့သည်။ မြန်မာနှင့် ဗုဒ္ဓဘာသာသည် ရေကိုခြားသော် အကြားမထင် သကဲ့သို့ တသားတည်း တပြင်တည်း ရှင်နှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုနိုင်ခဲ့ကြသည်။
ကပ္ပိယကောင်းတို့သည် သာသနာပြုဖော်ပြုဖက် ဖြစ်၍ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ရေးအတွက် လွန်စွာ လိုအပ်သူများ ဖြစ်သည်။ [၂]
“တပည့်လိမ္မာ ဆရာ အာပတ်လွတ်” ဟူသော မြန်မာ စကားသည် လွန်စွာလေးနက် အဖိုးတန်လှသည်။ ကပ္ပိယ ကောင်းတစ်ဦးသည် ဝိနည်းသာသနာတော်ကို အထောက် အကူ များစွာပြုနိုင်သည်။ တပည့်ဒကာ ကပ္ပိယကာရကတို့ ဝိနည်းအရာ လိမ္မာကျွမ်းကျင်ပါမှ ဆရာတော် သံဃာတော်တို့ အာပတ်သင့်မှုမှ ကင်းလွတ်ကြမည် ဖြစ်သည်။ ရဟန်းတော်တို အာပတ်သင့်မှုမှ ကင်းလွတ်၍ သီလစင်ကြယ်ကြပါမှ သာသနာတော်ကြီး သန့်ရှင်း စင်ကြယ်ပေမည်။ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်ရှိနေပါမှ လူဒါယကာတို့ လှူဒါန်းမှု ဒါန၊ ဆောက်တည်မှု သီလ၊ ပွားများမှု ဘာဝနာတရားတို့ အကျိုးများပေမည်။ မိမိတို့၏ ဒါန သီလ ဘာဝနာတို့ကို စင်ကြယ်စွာ ပွားများအားထုတ်မှသာလျှင် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမြတ်ကို ရရှိနိုင်ပေမည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းသည် ဝိနည်း သာသနာတော်ကို အထောက်အကူပြုလျက်ရှိသော ကပ္ပိယ ကောင်းတစ်ဦးဖြစ်ရန် အမှန်ပင် ကြိုးစားသင့်လှပေသည်။ [၂]
ကပ္ပိယကာရက အမျိုးမျိုးအကြောင်းကို ဝိနည်း ဒေသနာတော်တို့၌ အကျယ်ဖွင့်ပြပါသည်။ ယခုခေတ်အရ ကပ္ပိယကာရကတို့သည် ထိုမျှ များပြားစွာ ရှိကောင်းမှရှိ ကြမည်ဖြစ်သော်လည်း စာပေကျမ်းဂန်လာ ကပ္ပိယကာရကများကိုလည်း သိရှိထားရန် လိုအပ်လာပါသည်။ ရဟန်းတော်တို့သည် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိုသာ လက်ခံသုံးစွဲကောင်းသဖြင့် ထိုပစ္စည်းလေးပါးမှတပါး အခြားသော ရွှေငွေစသော လူတို့ အသုံးအဆောင်များကို ကိုယ်တိုင်ခံယူဆောင်ရွက်၍ မရနိုင်ပေ၊ သံဃာတော်တို့အား အပ်စပ်အောင် ဖန်တီးထိန်းသိမ်း ဆောင်ရွက်ပေးနိုင်သူ လိုအပ်လာပါသည်။ ထိုသူသည်ကား ကပ္ပိယကာရကပင် ဖြစ်လေသည်။ ကပ္ပိယကောင်းဖြစ်လေလေ သံဃာတော်တို့အတွက် အကျိုးများလေလေ ဖြစ်သဖြင့် ကပ္ပိယ တစ်ကျိပ် အကြောင်း သိထားသင့်ပေသည်။
ကပ္ပိယတစ်ကျိပ်
ပြင်ဆင်ရန်“ကပ္ပိယံ-အပ်စပ်သည်ကို၊ ကရောတိ-ပြုတတ်၏” ဟူသော သဒ္ဒါစကားအရ ရဟန်းတော်များ အပ်စပ်အောင် ပြုလုပ်ဆောင်ရွက်ပေးတတ်သောသူကို ကပ္ပိယ၊ သို့မဟုတ် ကပ္ပိယကာရကဟု ခေါ်၏၊ စာပေကျမ်းဂန်တို့တွင် ကပ္ပိယ တစ်ကျိပ်ကို ဖော်ပြလေ့ရှိ၏၊ ထိုကပ္ပိယတစ်ကျိပ်မှာ-
(က) ရဟန်းတော်က ညွှန်ပြသောကပ္ပိယ (၄) ယောက်
(ခ) တမန်က ညွှန်ပြသောကပ္ပိယ (၄) ယောက်
(ဂ) အနိဒ္ဒိဋ္ဌ(မည်သူမျှမညွှန်သော)ကပ္ပိယ (၂) ယောက်အားဖြင့် အားလုံး တစ်ကျိပ် (၁၀ယောက်)ရှိလေသည်။[၂]
ရဟန်းတော်က ညွှန်ပြသောကပ္ပိယ (၄) ယောက်
ပြင်ဆင်ရန်ရဟန်းတော်က ညွှန်ပြအပ်သော ကပ္ပိယ(၄) ယောက်မှာ-
(က) မျက်မှောက်အနီးအပါး၌ ညွှန်ပြအပ်သူတစ်ယောက်
(ခ) အဝေးသို့ လှမ်း၍ မျက်ကွယ်၌ ညွှန်ပြအပ်သူ သုံး ယောက်တို့ဖြစ်ကြသည်။
မျက်မှောက်အနီးအပါး၌ ညွှန်ပြအပ်သူ ကပ္ပိယထံ အလှူရှင်က သို့မဟုတ် အလှူရှင်၏ ကိုယ်စားလှယ်တမန်က ငွေကို အပ်နှံ၍ “သင်္ကန်းဝယ်၍ လှူလိုက်ပါ”ဟု ပြောဆိုမှာထား သွားလျှင် ရဟန်းအား အထူး မလျှောက်ထားသော်လည်း မိမိရှေ့မှာပင် မိမိညွှန်ပြသူထံ အပ်နှံ၍ သင်္ကန်းလှူလိုက်ပါဟု မှာသွားသောကြောင့် သိက္ခာပုဒ်လာသည့်အတိုင်း တောင်းမှု ရပ်မှုကို ပြုနိုင်သည်။ မိမိရှေ့၌ အပ်သွားသော ကပ္ပိယတည်း။
မျက်ကွယ်ညွှန်ပြအပ်သူ ကပ္ပိယသုံးယောက် ဟူရာဝယ် ရဟန်းက အဝေးလှမ်း၍ ညွှန်ပြမှုကြောင့် (၃) ယောက် ကွဲပြား ရသည် မဟုတ်၊ အလှူလာသူ အလှူရှင်၏ ပြုမူမှုကြောင့် (၃) ယောက် ကွဲပြားရသည်။
(၁) အလှူရှင်သည် ကပ္ပိယထံ အပ်နှံပြောပြပြီးနောက် ရဟန်းထံပြန်၍ ကပ္ပိယနာမည်ကို ဖော်ပြလျက် “မည်သူ့အထံ ငွေ-၁၀၀ဝိ/ အပ်ခဲ့ပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ အပ်စပ်သောပစ္စည်းကို အလှူခံတော်မူပါ”ဟု လျှောက်ထားသော ကပ္ပိယတစ်ယောက်။
(၂) အလှူရှင်သည် ကပ္ပိယထံ အပ်နှံပြောဆိုပြီးနောက် ကိုယ်တိုင်ပြန်၍ မလျှောက်နိုင်သဖြင့် တစ်ယောက်ယောက်ကို စေလွှတ်ကာ အထက်ပါအတိုင်း လျှောက်ထားခိုင်းသော ကပ္ပိယတစ်ယောက်။
(၃) အလှူရှင်ကိုယ်တိုင် ကပ္ပိယရှိရာသို့ သွားခါနီး (မသွားခင်)ကပင် “အရှင်ဘုရားညွှန်ပြအပ်သော ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံခဲ့ပါမည်၊ အလိုရှိသောအခါ တောင်းတော်မူပါ ဟုမှာကြား၍ လျှောက်ထားသွားသော ကပ္ပိယတစ်ယောက်။
ဤသို့ (၃) မျိုးကွဲသောကြောင့် အဝေးညွှန်ကပ္ပိယ (၃) ယောက် ပြားရသည်။ အတိုကောက်အားဖြင့် “ပြန်ကြား၊ စေလွှတ်၍ ကြား၊ မှာထားသွား” ဟု မှတ်သားထားကြသည်။[၂]
တမန်ညွှန်ကပ္ပိယ (၄) ယောက်
ပြင်ဆင်ရန်အလှူရှင်၏ ကိုယ်စားလှယ်တမန်ကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယလည်း (၄) မျိုးရှိ၏။ ရဟန်းကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယ(၄) မျိုးကဲ့သို့ပင် (၄) ယောက် ကွဲပြား၏။ တမန်ညွှန်ကပ္ပိယ ဖြစ်ပေါ်လာရခြင်းမှာ ကပ္ပိယ မရှိသောကြောင့်ဖြစ်စေ၊ ရှိသော်လည်း မညွှန်ပြလိုသောကြောင့်ဖြစ်စေ ရဟန်းက ကပ္ပိယမညွှန်းလျှင် အလှူရှင်ကိုယ်တိုင်သို့မဟုတ် အလှူရှင်၏ကိုယ်စား လှယ်တမန်ကိုယ်တိုင် ကပ္ပိယလုပ်မည့်သူကို ရှာ၍-
(၁) ရဟန်းတော်၏ ရှေ့မှာ အပ်နှံပြောဆိုခြင်း
(၂) အဝေးမှာရှိသည့်ကပ္ပိယထံအပ်နှံ၍ ပြန်လျှောက်ခြင်း
(၃) စေလွှတ်၍ လျှောက်ခြင်း
(၄) သွားခါနီးကပင် လျှောက်ထားသွားခြင်းအားဖြင့် ရှေ့နည်းအတိုင်းပင် (၄) မျိုးပြား၏။ လျှောက်ပုံစကားများမှာ ရဟန်းညွှန်းကပ္ပိယထံ အပ်နှံရာ၌ လျှောက်သည့်အတိုင်းပင် ဖြစ်သည်။ [၂]
မညွှန်းအပ်သော ကပ္ပိယ(၂) ယောက်
ပြင်ဆင်ရန်အလှူရှင်ကသို့မဟုတ် ကိုယ်စားလှယ်တမန်က “ကပ္ပိယ ရှိပါသလား”ဟု လျှောက်သောအခါ ရဟန်းက ကပ္ပိယ မညွှန်ပြဘဲနေလျှင်-
(၁) အနီးအပါး မျက်မှောက်ရှိသူ လူတစ်ယောက်က “ကျွန်တော့်ထံ အပ်ခဲ့ပါ၊ ကျွန်တော်ဝယ်ပြီး လှူလိုက် ပါမည်”ဟု ပြောလေသော် ထိုသူ့အထံ၌ပင် အပ်နှံ သွား၏၊ တမန်က ကပ္ပိယကိုလည်း “လှူရစ်ပါ”ဟု မမှာ၊ ရဟန်းကိုလည်း “တောင်းတော်မူပါ”ဟု မလျှောက်။
(၂) တမန်တစ်ယောက်က ရဟန်း၏ ကွယ်ရာမှာပင် သင့်လျော်သူတစ်ဦးထံ အပ်နှံခဲ့၍ “သင်္ကန်းလှူ လိုက်ပါ” ဟု မှာကြားသွား၏။ သို့သော် ရဟန်းကို မလျှောက်ထားခဲ့ချေ။ ဤသို့လျှင် ရဟန်းကလည်း မညွှန်ပြအပ်၊ တမန် ကလည်း မညွှန်ပြအပ်သော ကပ္ပိယ (၂) ယောက် ရှိပြန်၏။
ကျမ်းဂန်စာပေတို့၌ ဤ(၂) ဦးအနက် ပထမ ကပ္ပိယကို “မုခဝေဝဋိက-သူ့နှုတ်ဖြင့် ထုတ်ဖော်ပြောဆို၍ ကပ္ပိယလုပ်သူ” ဟုခေါ်၏။ ဒုတိယကပ္ပိယကို “ပရမ္မုခအနိဒ္ဒိဋ္ဌ-ရဟန်း၏ မျက်ကွယ်၌ မညွှန်အပ်သူ”ဟု ခေါ်၏။ [၂]
ဆက်လက်ဖတ်ရှုရန်
ပြင်ဆင်ရန်ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ
ခဲဖွယ်ဘောဇဉ်ကို အပ်စပ်အောင်ပြုလုပ်၍ ဆက်ကပ်ခြင်း
ဆွမ်း၊ ဆွမ်းဟင်းလိုက်ရာ၌ သတိပြုဖွယ်
ခဲဖွယ်ဘောဉ်ကို အပ်စပ်အောင် သိမ်းဆည်းခြင်း
ဆေးပစ္စည်းတို့ကို အပ်စပ်အောင် သိမ်းဆည်းခြင်း
မိစ္ဆာဇီဝ မဖြစ်အောင် ကူညီခြင်း
သင်္ကန်းနှင့်စပ်လျဉ်းသော ကပ္ပိယတာဝန်များ
သင်္ကန်းကို အပ်စပ်အောင် လှူဒါန်းခြင်း