ကလပ်

တူညီသော စိတ်ဝင်စားမှု သို့မဟုတ် ပန်းတိုင်ကြောင့် ဖွဲ့စည်းထားသော လူအဖွဲ့အစည်း

ဝါသနာချင်းတူညီကြသော ကိစ္စတစ်ခုကို ဆောင်ရွက်ရန်ဖြစ်စေ၊ အချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံ၍ စိတ်လက်ပျော်ရွှင်မှု ရရှိစေရန်ဖြစ်စေ၊ တည်ထောင်ဖွဲ့စည်းထားသော အသင်းအဖွဲ့မျိုးကို ကလပ်ဟုခေါ်သည်။ ကလပ်မှာ အင်္ဂလိပ်စကားဖြစ်၍ လူစုဟု အနက်ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ကလပ်ကို မိတ်ဆက်ရုံဟု မြန်မာမှု ပြုခဲ့ဘူးသည်။ အစဉ်အလာအားဖြင့် ကလပ်တစ်ခုသည် ပြည်သူလူအများနှင့် သက်ဆိုင်သော အဖွဲ့အစည်းမျိုးမဟုတ်ဘဲ၊ မိမိတို့ အသင်းဝင်များ နှင့်သာ တိုက်ရိုက်သက်ဆိုင်သော အသင်းအပင်းမျိုး ဖြစ်သည်။ ထိုကြောင့် ကလပ်စည်းမျဉ်းဥပဒေများတွင် အသင်းဝင် ဖြစ်နိုင်သည့် အရည်အခြင်းကို သတ်မှတ် ထားလေ့ရှိသည်။

သမိုင်း ပြင်ဆင်ရန်

ကလပ်များ၏ သမိုင်းအစကို လေ့လာလျှင် ကလပ်များသည် ဂရိနှင့် ရောမလူမျိုးတို့ခေတ်ကပင် စတင် ပေါ်ပေါက်ခဲ့ကြောင်းတွေ့ရသည်။ ထိုအခါက ကလပ်များမှာ သက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် သော်လည်းကောင်း၊ အယူဝါဒနှင့် ကိုးကွယ်မှု အတွက်လည်းကောင်း တည်ထောင်ခဲ့ကြသည်။

ကမ္ဘာအရပ်ရပ်၌ ယခုအခါ ထွန်းကားတည်ရှိနေကြသော ကလပ်တို့သည် ၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များတွင် ခေတ်စား ခဲ့သော ကာဖီဆိုင်များ၊ ကွန်းထောက်စခန်းဆိုင်များမှ ပေါက်ပွားလာကြသည်။ လန်ဒန်မြို့တွင် အစဦးစွာ တည်ထောင်ခဲ့သော ကလပ်မှာ ဗရက်လမ်းရှိ မားမိတ်တက်ဗန်ခေါ် ရေသူမ ဆိုင်ဖြစ်သည်။ ထိုကလပ်တွင် ရှိတ်စပီးယား၊ ဗင်ဂျွန်ဆန်၊ ဗိုးမွန့်၊ ဖလက်ချားနှင့် ဒွန်းအစရှိသော စာဆိုကြီးများသည် အသင်းဝင်များ ဖြစ်ကြသည်။ ၁၆ ရာစုနှစ်နောက်ပိုင်း၌ အင်္ဂလန်ပြည်တွင် ကလပ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာခဲ့သည်။ မားမိတ်တက်ဗန်၊ အပေါ်လိုကလပ်နှင့် စာပေကလပ် တို့မှာ အင်္ဂလိပ်စာဆိုကြီးများ၊ ပြဇာတ်ဆရာကြီးများ၊ စာရေးဆရာကြီးများ တွေ့ဆုံရာဌာနများ ဖြစ်ကြ၏။

မြန်မာ ကလပ် ပြင်ဆင်ရန်

ဗြိတိသျှအစိုးရလက်ထက်တွင် အရာရှိကြီးများနှင့် ဥရောပတိုက်သားကုန်သည်ကြီးများသည် မြန်မာနိုင်ငံတွင် ကလပ်များကို စတင်တည်ထောင်ခဲ့ကြသည်။ ၁၈၆၇-ခုနှစ်တွင် ရန်ကုန်မြို့ရှိ ဂျာမန်လူမျိုးတစ်စုက ဂျာမန်ကလပ်ကို တည်ထောင်ကြသည်။ ထိုနောက် ပဲခူးကလပ်နှင့် ဂျင်မခါနာကလပ်၊ ကန်တော်ကြီးဘုတ်ကလပ်များ ပေါ်ပေါက်လာသည်။ ပဲခူးကလပ်ကို ၁၈၇၁ ခုနှစ်တွင် ချိလမ်း၌ ဖွင့်လှစ်၍ ၁၈၈၂ ခုနှစ်တွင် ပြည်လမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်မြို့တွင် မြင်းပြိုင်ပွဲများကို ၁၈၈၇-ခုနှစ်ခန့်က စတင်ကျင်းပခဲ့သော်လည်း၊ ၁၉ဝဝ ပြည့်နှစ်တွင်မှ ကာလကြား ကလပ်အသင်း၏ စည်းမျဉ်းများအတိုင်း လိုက်နာခဲ့ကြသည်။


ဒုတိယကမ္ဘာစစ် မဖြစ်မီက ပဲခူးကလပ်နှင့် ဂျင်မခါနာကလပ် တို့မှာ အထူး ထင်ရှားကျော်စောခဲ့သည်။ ထိုကလပ်များသို့ ဥရောပတိုက်သားများသာ ဝင်ခွင့်ရသဖြင့်၊ မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံအုပ်ချုပ်ရေးတို့ကို ထိုကလပ်များမှနေ၍ အချင်းချင်းညှိနှိုင်းကာ ကြိုးကိုင်ခဲ့ကြသည်ဟု ပြောစမှတ်မူကြသည်။ မြန်မာအရာရှိကြီး များပင် အဆိုပါကလပ်များသို့ ဝင်ခွင့်မရရှိသည်နှင့် မြန်မာအရာရှိကြီး အချို့က ကြီးမှူးကာ အိုရီယင့်ကလပ် ခေါ် အရှေ့တိုင်းသားကလပ်ကို တည်ထောင်ခဲ့ကြသည်။


မြန်မာနိုင်ငံတွင် လူမျိုးမရွေး၊ အယူဝါဒမရွေး၊ အသင်းဝင်ခွင့် ရရှိပြီးလျှင် စေတနာ့ဝန်ထမ်း လုပ်ငန်းများကြောင့် နာမည်ကျော်ကြားလျက်သော ကလပ်တစ်ခုမှာ ရန်ကုန်ရိုတရီကလပ်ဖြစ်သည်။ ထိုကလပ်သည် အပြည်ပြည်ဆိုင်ရာ ရိုတရီကလပ်အဖွဲ့ဝင်ဖြစ်၍ ၁၉၂၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီက မန္တလေး၊ လာရှိုးနှင့် ဟင်္သာတမြို့များတွင် အဖွဲ့ခွဲများရှိခဲ့သည်။ ဤအသင်းက အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ ရေးဘေးမီးဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ခဲ့ခြင်း စသည့် လူမှုဝန်ထမ်း အလုပ်ကို ဆောင်ရွက်ခဲ့သည့်အပြင် တီဘီလူနာများ၊ ကုဋ္ဌလူနာများအတွက် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ မိဘမဲ့ကျောင်းများ ဖွင့်လှစ်ပေးခြင်း အစရှိသော ဝန်ထမ်းလုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြ၏။


မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပဲခူးကလပ်နှင့် ဂျင်မခါနာကလပ်များမှာ ခေတ်မှိန်သွားတော့သည်။ ထိုကလပ်များအစား ပြည်ထောင်စုကလပ်သည် ထင်ရှားလာသည်။ ပြည်ထောင်စုကလပ်ကို ယခင်က ဘုတ်ကလပ်ခေါ် ကန်တော်ကြီး လှေအသင်းဟောင်းနေရာတွင် ဖွင့်လှစ်ထားသည်။ ယခုအခါ ပြည်သူ့ကလပ်၊ အတွင်းဝန်ရုံးကလပ်၊ ရခိုင်ဆိုရှယ်ကလပ်၊ အကောက်ဌာနကလပ်၊ ရန်ကုန်ဆိပ်ကမ်းဌာနကလပ် စသည်ဖြင့် အရပ်ဒေသအလိုက်သော်လည်းကောင်း၊ အလုပ်ဌာနအလိုက် သော်လည်းကောင်း၊ ကလပ်များ ဖွဲ့စည်းထားကြသည်။ ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံတွင် ကလပ်များ အထူးခေတ်စား လာခဲ့သည်။ များစွာသော ကလပ်ဝင်များမှာ အားလပ်ချိန်တွင် ပျော်ရွှင်မှုရရှိစေရုံသာ မရည်ရွယ်ဘဲ ပေါင်းသင်းဆက်ဆံမှုနယ် ကျယ်ဝန်းစေရန်နှင့် စီးပွားရေး၊ နိုင်ငံရေးလုပ်ငန်းများတွင် အထောက်အကူများ ရရှိစေရန်အတွက် အသင်းသားအဖြစ်ပါဝင် ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)