ပဲခူးကလပ်သည် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဟန် ဆောက်လုပ်ထားသော အထက်တန်းလွှာအမျိုးသားကလပ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရန်ကုန်မြို့ဒဂုံမြို့နယ်ပြည်လမ်းနှင့် စကားဝါလမ်း ထောင့်တွင် တည်ရှိသည်။ ပဲခူးကလပ်ကို ၁၈၇၁-ခုနှစ်တွင် မူလက ဗြိတိသျှစစ်တပ် တပ်စွဲသည့် ကန်တိုမင်ဧရိယာအတွင်း စတင်ဖွင့်လှစ်ပြီး ၁၈၈၂-ခုနှစ်တွင် ယခုတည်ရှိရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ပဲခူးကလပ်ပို့စကတ် (၁၉၁၀ ခုနှစ်)

စတင်တည်ဆောက်မှု ပြင်ဆင်ရန်

ကလပ်ကို ၁၈၈၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၂ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ ဗြိတိသျှတို့ အထက်မြန်မာပြည်အား သိမ်းပိုက်ခြင်းပြီးသည့်နောက် ဗြိတိသျှအရာရှိများနှင့် မြို့ပြအုပ်ချုပ်ရေးအရာရှိများအတွက် ဝန်ဆောင်မှုပေးရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ [၁][၂] ၁၉၂၁-ခုနှစ်တွင်ကလပ်အဆောက်အအုံကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင်ဧည့်ခံရန် Prince of Wales ခန်းမဆောင်ကို ထပ်မံထည့်သွင်း တည်ဆောက်ခဲ့ပါသည်။ ပဲခူးကလပ်သည် မြေဧက ၄၀ ကျော်ပေါ်တွင် ဆောက်ထားသည့် သက်တမ်းရင့် ကိုလိုနီခေတ် လက်ရာဖြစ်ပြီး ပင်မဆောင်အပါအဝင် မူလဆောင်များကို ကျွန်းသားအပြည့်ဖြင့် ဆောက်လုပ်ထားပါသည်။ အထူးဧည့်သည်တော်များ နေထိုင်ရန် အဆောင်များ၊ မြက်ခင်းစိမ်းများပါသည့် ပန်းခြံ၊ တင်းနစ်ကွင်းများကိုပါ ကလပ်အတွင်း ထည့်ဆောက်ထားပါသည်။ ကိုလိုနီခေတ် အစောပိုင်းတွင် ပဲခူးကလပ်သည် အာဏာရ အင်္ဂလိပ် မျက်နှာဖြူအရာရှိများ စုစည်းရာ အချက်အချာနေရာ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံရောက် မျက်နှာဖြူအရာရှိများအတွက် အပန်းဖြေရာ၊ တွေ့ဆုံရာနှင့် ယင်းတို့ အနွယ်အဖွားများအတွက် ကပွဲများ ဆင်နွှဲရာ နေရာတစ်ခု ဖြစ်ခဲ့ပြီး ၁၉၃၀-ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း လူကြိုက်များသည့် ပဲခူးကလပ်ကော့တေး အစပြုရာနေရာလည်း ဖြစ်ပါသည်။

ထင်ရှားကျော်ကြားမှု ပြင်ဆင်ရန်

ပဲခူးကလပ်သည် အရှေ့တောင်အာရှတွင် ကွာလာလမ်ပူမြို့ရှိ Royal Selangor Club နှင့် စင်ကာပူရှိ Tanglin Club များနည်းတူ ထင်ရှားကျော်ကြားလှသော ကလပ်တစ်ခုလည်း ဖြစ်ခဲ့သည်။[၃]

ပဲခူးကလပ်သည် ပြည်လမ်းတွင် ရုရှားသံရုံးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ကိုလိုနီခေတ်တွင် ထိုကလပ်သို့ဝင်ခွင့်ကို မြန်မာနိုင်ငံသားများအတွက် ကန့်သတ်ထားခဲ့သည်။ ယခုအခါတွင် ပဲခူးကလပ်သည် အစိုးရ၏ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးစွာဖြင့် ထီးထီးတည်ရှိနေသေးသည်။ Paul Therouxသည် ၁၉၇၁ ခုနှစ်တွင် ပဲခူးကလပ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်း၏ The Great Railway Bazaar ဟုသောစာအုပ်တွင် ပဲခူးကလပ်အကြောင်း ထည့်ရေးခဲ့သည်။[၃]

ပဲခူးကလပ်ကော့တေး ပြင်ဆင်ရန်

 
အစိုးရ၏ စောင့်ရှောက်မှု ချို့ယွင်းစွာရှိနေသော ပဲခူးကလပ်

၁၉၂၀ ခုနှစ်များတွင် ပဲခူးကလပ်တွင် ပဲခူးကလပ်ကော့တေးအား ကျော်ကြားစေခဲ့သည်။

ပြန်လည်အသက်သွင်းခြင်း ပြင်ဆင်ရန်

ယခုအခါ ပဲခူးကလပ်အသစ်ကို နယူးယောက်မြို့SoHo ခရိုင်တွင် ဖွင့်လှစ်ထားပြီး ထိုကလပ်တွင်လည်း ပဲခူးကလပ်ကော့တေးအား ဆက်လက်သောက်သုံးနိုင်ကာ ကော့တေး၏ ကောင်းမွန်မှုဂုဏ်သတင်းနှင့်အတူ စိတ်ဝင်စား သက်ဝင်လျက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Guyitt၊ Wade။ "A toast to the past"၊ Myanmar Times၊ 8 July 2013။ 5 October 2013 တွင် ပြန်စစ်ပြီး 
  2. Ahuja၊ D. A.။ Pegu Club - RangoonImages of Asia။ 1 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2013 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Theroux၊ Paul။ "Burma"၊ The Atlantic၊ 1 November 1971။ 5 October 2013 တွင် ပြန်စစ်ပြီး 

ပြင်ပလင့်များ ပြင်ဆင်ရန်