ကိုမှောင် သည် ကာတွန်းမောင်မောင်၏ ထင်ရှားသော ကာတွန်းဇာတ်ကောင် ဖြစ်သည်။ ၁၉၇၇ ခုနှစ်ဝန်းကျင်မှ ယနေ့မျက်မှောက်ကာလ ၂ဝ၂၁ ခုနှစ်တိုင်  ရှင်သန်နေဆဲ ကာတွန်းဇာတ်ကောင်ဖြစ်သည်။ ကိုမှောင်ဇာတ်ကောင်ပါဝင်သော ဇာတ်လမ်းများသည် အသက် ၁၆ နှစ်နှင့်အထက် လူငယ်များနှင့် အရွယ်ရောက်ပြီး လူကြီးများအတွက် ရည်ရွယ်ရေးဆွဲသော ကာတွန်းများ ဖြစ်သည်။


ဇာတ်ကောင်ဖြစ်ပေါ်လာပုံ

   ကိုမှောင်ဇာတ်ကောင်၏အစမှာ ကာတွန်မောင်မောင်၏ ဇာတ်ကောင်များအနက် သူ့အရင် ရှိနေခဲ့သောရွှေမိခေါ် မိန်းကလေးငယ်၏ ဇာတ်လမ်းများတွင် ဇာတ်ရံသဘောပါဝင်ခဲ့ရာမှ စသည်။ ရွှေမိ ဇာတ်လမ်းများတွင် ရွှေမိ၏ဖခင်အဖြစ် မှောင်မှောင်အမည်ဖြင့် ပါဝင်ခဲ့သည်။ ရွှေမိဇာတ်လမ်းများတွင် အရန်အဖြစ်ပါဝင်ခဲ့သော မှောင်မှောင်သည် နာမည်လေးတစ်လုံးရလာသောအခါ နောက်ထပ်ဇာတ်ကောင် တစ်ကောင် မွေးထုတ်ရန် ဖြစ်လာသည်။ ရွှေမိဇာတ်လမ်းများတွင် ပါဝင်သော မှောင်မှောင်မှာ ရွှေမိ၏အဖေဖြစ်သောကြောင့် ဇာတ်ရုပ် နေရာရတာ နည်းသည်။ သရုပ်ဆောင်၏ လှုပ်ရှားရသည့်အကွက်ကနည်းသည်။ ထို့ကြောင့် ပို၍လွတ်လပ်သော ကိုမှောင်ဇာတ်ကောင်အသစ်ကို မွေးဖွားခဲ့သည်။ ကိုမှောင်ဇာတ်ကောင်တွင် အိမ်ထောင်သည်၊ ကလေးအဖေမဟုတ်တော့ လူပျိုလူလွတ် ဖြစ်လာသည်။ နာမည်မှာလည်း မှောင်မှောင်ကနေ ကိုမှောင်ဖြစ်လာသည်။ လူပျိုကိုမှောင်ဖြစ်လာသဖြင့် ဇာတ်ကောင်စရိုက် မျိုးစုံကို လွတ်လပ်စွာ ရေးဆွဲ လာနိုင်သည်။

   မှောင်မှောင်ဟုလည်းကောင်း၊ ကိုမှောင်ဟုလည်းကောင်း ဇာတ်ကောင်အမည် ပေးဖြစ်ခဲ့ခြင်းမှာ ရိုးရှင်းသည်။ ကာတွန်းမောင်မောင်၏ ဇနီးဖြစ်သူက  သူ့ကို ကိုမောင်ဟု ခေါ်သည်။ ထိုအသံကို ကာတွန်းဇာတ်ကောင်၏အမည်ကို ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ကာတွန်း ဇာတ်ကောင်တွင်တော့ နှာသံလေးထည့်လိုက်ပြီး ကနွဲ့ကလျအသံအဖြစ် ကိုမှောင်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။


ဇာတ်ကောင်အရုပ်

   ကိုမှောင်ဇာတ်ကောင်အရုပ်သည် ကာတွန်းမောင်မောင်၏ ဇာတ်ကောင်အများစုကဲ့သို့ပင် ပုံမှန်ထက် အရပ်အနည်းငယ် ပုသည်။ ခေါင်းပိုင်း၊ ကိုယ်ပိုင်းနှင့် ခြေထောက်ပိုင်းတို့တွင် ကိုယ်အပိုင်းက အနည်းငယ် တိုသည်။ ဦးခေါင်းက ခန္ဓာကိုယ်နှင့်ယှဉ်လျှင် အနည်းငယ် ကြီးသည်။ ခေါင်းကတစ်ချိုး၊ ခန္ဓာကိုယ်က နှစ်ချိုး၊ ခြေထောက်က နှစ်ချိုး ငါးချိုးပိုင်းကြည့်လျှင် ခေါင်းပိုင်းက တစ်ချိုးအပြည့်ရှိသော်လည်း ခြေထောက်နှင့် ခန္ဓာကိုယ်တို့က တစ်ချိုးခွဲစီသာ ရှိသည်။

   ယနေ့ တွေ့မြင်ရသော ကိုမှောင့်ပုံစံမှာ ဆံပင်က ခပ်ထူထူ၊ ရှေ့မှာ အမောက်နှင့် ဖြစ်သည်။ ဇာတ်ကောင်နာမည်ကို ကိုမှောင်ဟု ကာတွန်းဆရာ၏ အမည်နှင့် ခပ်ဆင်ဆင် ပေးထားသလို ကာတွန်းဇာတ်ကောင်၏ အရုပ်ကိုလည်း ကာတွန်းရေးဆွဲသူ မောင်မောင်၏ ပြင်ပ တွင် ရှိနေသော ပုံစံနီးပါး သရုပ်ဖော်ထားသည်။ ဇာတ်ကောင်ကို ဘောင်းဘီရှည် အမည်းဝတ်ထားပေးပုံ၊ စပို့ရှပ် ဆင်ထားပုံ၊ ဆံပင် အမောက်စလေးထောင်ထားပုံတို့အထိ ကာတွန်းဆရာ၏ အသွင်အပြင်နှင့် မနီးရိုးစွဲ တူညီသည်။ ထို့အပြင် ကာတွန်းမောင်မောင်၏ နှုတ်ခမ်းညာဘက်အပေါ်တွင် မှည့်တစ်လုံး ပါသလို ကာတွန်းဇာတ်ကောင် ကိုမှောင်၏ နှုတ်ခမ်းညာဘက်အပေါ်တွင် မှည့်တစ်လုံး ပါသည်။  ကာတွန်းဇာတ်ကောင်တွင် မူလက မှည့်ပေါ်မှ လိမ်ပြီးကောက်ကွေးနေသော အမွေးတစ်ပင် ပါသော်လည်း နောက်ပိုင်းဆွဲသော ကိုမှောင် ဇာတ်ကောင်များတွင် မှည့်မွေး မပါတော့ချေ။

   ကိုမှောင်မဖြစ်မီ မှောင်မှောင်အဖြစ် ရှိနေစဉ်နှင့် ကိုမှောင်အဖြစ်ပြောင်းပြီး ဇာတ်ကောင်ဘဝ အစောပိုင်းတွင် ကိုမှောင်၏ ဝတ်စား ဆင်ယင်မှုမှာ ပုံစံတစ်မျိုး ဖြစ်သည်။ စပို့ရှပ်နှင့် လုံချည်ကို ဝတ်ထားသည်။ ကိုမှောင်၏ ဝတ်စားဆင်ယင်ပုံမှာ အချို့သော ဇာတ်လမ်း များမှလွဲ၍ ဘောင်းဘီနှင့် စပို့ရှပ်သာ ဖြစ်သည်။ ထူးခြားသောဇာတ်လမ်းများတွင် အကျီပုံစံ ပြောင်းသွားမှုများ ရှိခဲ့သောလည်း အခြေခံမှာ တီရှပ်နှင့် ဘောင်းဘီသာ ဖြစ်သည်။ တီရှပ်သည် အဆင်အကွက်မပါ အမြဲတမ်း ပြောင်ဖြစ်သည်။ ထိုနည်းတူ ဘောင်းဘီမှာလည်း အမည်း သာ ဖြစ်သည်။ ကော်လံတစ်ခုသည်သာ လူ၏ လှုပ်ရှားမှုပုံစံကိုလိုက်၍ လှုပ်ရှားမှု အပြောင်းအလဲ ရှိသည်။

   မှောင်မှောင်၏ ဆံပင်ပုံစံမှာလည်း ကွဲပြားသည်။ မှောင်မှောင် ဇာတ်ကောင်တုန်းက ဆံပင်ပုံစံမှာ မျဉ်းကြောင်းများဖြင့် အမြောင်းလိုက် သရုပ်ဖော်ထားပြီး ကိုမှောင်ဇာတ်ကောင်ဖြစ်လာသောအခါ ဆံပင်မှာ အမည်းအပြည့် ဖြစ်လာသည်။ ပထမပိုင်းတွင် ဆံပင်ပုံစံ အမောက်မှာ အလုံးဖြစ်ပြီး နားသယ်တွင် ဒေါက်အကြီးကြီးပါသည်။ နောက်ပိုင်းတွင် နားသယ်ေးါက် ပြုတ်သွားပြီး ဆံပင်အစသတ်ပုံစံ ဆံမြိတ်ကလေးများ နှင့် ဖြစ်လာသည်။

   လုံချည်ဝတ်သော ကိုမှောင်ဇာတ်ကောင်၏ အစပိုင်း အရုပ်များတွင် ဖိနပ် စီးပေးထားလေ့ မရှိပေ။ သို့သော် ဘောင်းဘီနှင့်ဖြစ်လာသော ကိုမှောင်ဖြစ်လာသည့်အခါတွင်မူ ရှူးဖိနပ်ကို တစ်ဆက်တည်း ဝတ်ထားပေးသည်။


ဇာတ်ကောင်စရိုက်

   ကိုမှောင်၏ ဇာတ်ကောင်စရိုက်မှာ လူပျိုးကြီးမျာ ဖြစ်လေ့ဖြစ်ထရှိသော အလေ့အထအတိုင်း ဟာသဆန်ဆန် ဖော်ပြထားသည်။ မှောင်မှောင်ဘဝဖြင့် ရှိစဉ်က ရွှေမိ၏ အဖေအဖြစ် ဇာတ်ကောင်တာဝန်ယူရသောကြောင့် သမီးဖြစ်သူ၏ ဒုက္ခပေးမှုကို ခံချည်းနေရသော အဖေတစ်ယောက်၏ ဒုက္ခကို ဖော်ပြထားသည်။ မှောင်မှောင်ဇာတ်ကောင်အဖြစ်ရှိလာသောအခါတွင်မူ ရေးဖွဲ့ရသော အခြေအနေ၊ နေရာ အနေအထားအပေါ် မူတည်၍ အပြောင်းအဲများ ရှိသည်။ ဥပမာ ဂီတနှင့်သက်ဆိုင်သော မဂ္ဂဇင်းတွင် ရေးလျှင် တစ်မျိုး၊ သဘင်နှင့်ဆိုင်သော မဂ္ဂဇင်းတွင် ရေးလျှင်တစ်မျိုး ဇာတ်ကောင်၏ ပုံစံနှင့် စရိုက်မှာ ပြောင်းလဲသွားသည်။ သို့သော် များသောအားဖြင့် ကိုမှောင်၏ ဇာတ်ကောင်စရိုက်သည် သူတစ်ပါးကိုကူညီလိုသောစိတ်ကြောင့် ကမောက်ကမဖြစ်ရပုံ၊ အလုပ်လုပ်ရင် ခုတ်ရာတခြား၊ ရှရာတခြား အလွဲလွဲအချော်ချော် ဖြစ်ရပုံများကို ဟာသသရုပ်ပေါ်အောင် ရေးဖွဲ့ထားသည်။


ကိုမှောင်ဇာတ်ကောင် ပါဝင်သော နေရာများ

   ကိုမှောင်ဇာတ်ကောင်ကို မဂ္ဂဇင်းကာတွန်းများအဖြစ် ရေးဆွဲခဲ့သည်များ ရှိသော်လည်း များသောအားဖြင့် ၁၆ ချိုး၊ စာမျက်နှာ ၆၄ မျက်နှာ (နောင်တွင် ရှစ်ချိုးဆိုက်) ပါသော လစဉ်ထုတ် ရုပ်စုံစာစောင်များတွင် ရေးဖြစ်ခဲ့သည်က များသည်။ ရွှေမိရုပ်စုံစာစော်၊ ဦးဦးပုံပြောမယ်နှင့် ဟာသရုပ်စုံစာစောင်များတွင် ဖော်ပြခဲ့သည်။ ရုပ်စုံစာစောင်များတွင် ဖော်ပြခဲ့သော ကိုမှောင်ဇာတ်လမ်းများမှာ ရိုးရိုးလူသာမန် ကိုမှောင်အဖြစ် ပါဝင်သော ဇာတ်လမ်းများသာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဇာတ်လမ်းတွဲအဖြစ် ရေးသားခဲ့သော ကိုမှောင် ဇာတ် လမ်းများလည်း ရှိသည်။

   မဂ္ဂဇင်းကာတွန်းများတွင် မဂ္ဂဇင်း၏ ဦးတည်ချက်အကြောင်းအရာကိုလိုက်၍ ကိုမှောင်ဇာတ်လမ်းများမှာ ကွာခြားသွားသည်။ ဂီတနှင့် ဆိုင်သော မဂ္ဂဇင်းတွင် ဂီတသမားကိုမှောင် ဖြစ်သွားသည်၊ ရုပ်ရှင်နှင့်ဆိုင်သော မဂ္ဂဇင်းတွင် ရုပ်ရှင်မင်းသားကိုမှောင် ဖြစ်သွားသည်။မဂ္ဂဇင်း ကာတွန်းများတွင် များသောအားဖြင့် တစ်မျက်နှာနှင့် နှစ်မျက်နှာဇာတ်လမ်းတိုကလေးများသာ ဖြစ်သည်။ ကိုမှောင်ဇာတ်ကောင်ဖြင့် ရေးခဲ့သော မဂ္ဂဇင်းများမှာ စန္ဒာမဂ္ဂဇင်း၊ ဂီတပဒေသာမဂ္ဂဇင်း၊ ရုပ်ရှင်မဂ္ဂဇင်း၊ သပြေတေးမဂ္ဂဇင်းများ ဖြစ်သည်။

   ကိုမှောင်ဇာတ်ကောင်ကို ဦးတည်ပြီး တစ်ကွက်ကာတွန်းများ၊ သုံးကွက် Strip ကာတွန်း၊ သတင်းစာနှင့် ဂျာနယ်ကာတွန်းများ ရေးသား ခဲ့ခြင်းတော့ လုံးဝ မရှိပါ။


ကိုမှောင်ဇာတ်လမ်းတွဲများ

   အကြောင်းအရာတစ်ခုခုကို အမှီပြု၍ တစ်ပုဒ်ချင်းသော်လည်းကောင်း၊ တစ်ပုဒ်နှင့်တစ်ပုဒ် ချိတ်ဆက်၍သော်လည်း ဖတ်နိုင်သော ကိုမှောင်ဇာတ်လမ်းများ သို့မဟုတ် ဇာတ်လမ်းတွဲများ ရှိသေးသည်။ လူသများကျော်ကြားပြီး အောင်မြင်မှုရခဲ့သော ဇာတ်လမ်းတွဲများမှာ “ကျွန်းကလေးပေါ်မှာ ဇာတ်လမ်းများ”၊ “ပင်လယ်အောက်ခြေ မှောင့်ကိုစေ” နှင့် “ဦးခေါင်းပိုင်းမှ ဇာတ်လမ်းများ” ဖြစ်သည်။

   ကျွန်းကလေးပေါ်မှာ ဇာတ်လမ်းများကို ၁၉၇၇ ဝန်းကျင်တွင် ရေးဆွဲခဲ့သည်။ ထိုစဉ်က ကျော်မောင်မောင်သွင်နှင့် မေဝင်းမောင်တို့ ပါဝင်သော ကျွန်းကလေးမှာနှစ်ယောက်ထဲ ရုပ်ရှင် ထွက်လာခဲ့ရာ အောင်မြင်မှု ရခဲ့သဖြင့် ထိုနာမည်နှင့်ဆင်တူ ကျွန်းကလေးပေါ်မှာ ဇာတ်လမ်းများ ဖြစ်လာသည်။ ကျွန်းကလေးတစ်ကျွန်းပေါ်တွင် ကိုမှောင်နှင့်အတူ ရေဘဝဲမလေး မေဝဲဇာတ်ကောင်ကို ဖန်တီးကာ ကျွန်း ပေါ်သို့ ရေမျောပြီး ရောက်ရှိလာသောပစ္စည်းများကို အကြောင်းပြု၍ ကိုမှောင်နှင့် မေဝဲတို့ကြားက ပြဿနာများကို ဟာသနှောပြီး ရေးဖွဲ့ ထားခြင်း ဖြစ်သည်။

   ပင်လယ်အောက်ခြေ မှောင့်ကိုစေဇာတ်လမ်းများမှာလည်း ဝင်းဦး၏ တိမ်ဦးလေပြေမောင့်ကိုစေ ရုပ်ရှင်ကားကို အမှီပြု၍ ရေးဆွဲခဲ့သော ဇာတ်လမ်းဖြစ်သည်။ ပင်လယ်အောက်ခြေ မှောင့်ကိုစေဇာတ်လမ်းကို ရုပ်ရှင်ထွက်ပြီးစ ၁၉၈ဝ နှစ်လယ်ပိုင်းကစပြီး ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။

   ထိုဇာတ်လမ်းတွဲများကို ရွှေမိရုပ်စုံတွင် လစဉ် ရေးဆွဲဖော်ပြခဲ့ခြင်းဖြစ်သည်။ တစ်လလျှင် ၁၆ မျက်နှာမှ ၃၂ မျက်နှာအထိ ရေးဆွဲခဲ့သည်။ ဇာတ်လမ်းတွဲတစ်ခုလျှင် သုံးလေးနှစ်ကြာသည်အထိ ပရိသတ်လက် အရောက်ပို့နိုင်ခဲ့သည်။

   နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုဖြစ်သော “ဦးခေါင်းပိုင်းမှ ဇာတ်လမ်းများ”သည် ပညာပေးဇာတ်လမ်းများ ဖြစ်သည်။ လူတစ်ယောက်၏ ဦးခေါင်းပိုင်းတွင်ရှိသော ဦးနှောက်၊ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် ၊ နားရွက် စသည်တို့နှင့်ပတ်သက်သော အကြောင်းအရာများကို ကိုမှောင် ဇာတ်ကောင်ဖြင့် သရုပ်ဖော်တင်ပြထားသော ဇာတ်လမ်းတွဲ ဖြစ်သည်။ ကိုမှောင်ဇာတ်ကောင်သည် လူငယ်လရွယ်များအတွက် ရည်ရွယ် ထားသော်လည်း “ဦးခေါင်းပိုင်းမှ ဇာတ်လမ်းများ”မှာမူ ကလေးသူငယ်များအတွက်ပါ ပညာပေးဇာတ်လမ်းတွဲတစ်ခုအဖြစ် ထူးခြားစွာ တွေ့ရ သည်။


ခေါင်းစည်းစာတန်း

   ကိုမှောင်ဇာတ်ကောင် အဓိက ဇာတ်လမ်းများတွင် ဇာတ်လမ်းတွဲများမှအပ ဇာတ်လမ်းအမည်ကို သီးခြား နာမည်ပေးဖော်ပြလေ့ မရှိ ပေ။ ကိုမှောင်ဟုသာ ဇာတ်ကောင်နာမည် ရေးထိုးလေ့ ရှိသည်။ ကာတွန်းမောင်မောင်၏ ဇာတ်ကောင်များစွာ ရှိသည့်အနက် ဇာတ် ကောင်များ၏ အမည်ကို အသတ်စာလုံးမှအပ ကျန်စာလုံးများ (“လုံးကြီးတင်၊ ဝဆွဲ”အပါအဝင်) ကို လေးထောင့်စာလုံးများနှင့်သာ ထိုးလေ့ ရှိသည့်အတိုင်း ကိုမှောင်ဇာတ်ကောင်၏အမည်ကိုလည်း လေးထောင့်ကျကျ စာလုံးများဖြင့် ရေးသားဖော်ပြထားသည်။ “ကို”စာလုံးတွင် “လုံးကြီးတင်”ကို “ကကြီး”စာလုံးအပြည့် တင်ထားပေးသည်။

   ဇာတ်လမ်းတွဲများတွင်မူ ဇာတ်လမ်းအမည်ကို ကာတွန်းမောင်မောင်၏ လက်ရေးဟန်အတိုင်း ညာဘက်ကို အနည်းငယ်စောင်းသော လက်ရေးစာလုံးဖြင့် သရုပ်ဖော်ရေးသားလေ့ရှိသည်။


တွဲဖက် ဇာတ်ကောင်များ

   ကိုမှောင်ဇာတ်ကောင်တွင် ဇာတ်လမ်းတွဲများမှလွဲ၍ တောက်လျှောက်တွဲဖက်ထားသော ဇာတ်ကောင်ဟူ၍ သိပ်မရှိပါ။ ဇာတ်လမ်း အကြောင်းအရာကိုလိုက်၍ တွဲဖက်ခဲ့သော ဇာတ်ကောင်များသာ ရှိသည်။ ထိုဇာတ်ကောင်များမှာလည်း တစ်ကြိမ်နှစ်ကြိမ်သာ ဖော်ပြသော ဇာတ်ကောင်များသာ ဖြစ်သည်။ ကာတွန်းမောင်မောင် နောက်ပိုင်း ရေးဆွဲခဲ့သော ဇာတ်ကောင် တစ်ကောင်ဖြစ်သည့် ဂွက်ဂွက်ဇာတ်လမ်း တချို့တွင် ဂွက်ဂွက်၏ ဦးလေးအဖြစ် ပါဝင်ခဲ့သည်များ ရှိသည်။

   သို့သော် ဇာတ်လမ်းတွဲများတွင်မူ သီးခြားတွဲဖက် ဇာတ်ကောင်များ ရှိသည်။ “ကျွန်းကလေးပေါ်မှာ” ဇာတ်လမ်းများတွင် ကိုမှောင်၏ ဇာတ်ကောင်မှာ “မေဝဲ” ဖြစ်သည်။ မေဝဲသည် ခြေထောက် ရှစ်ချောင်းပါသော ရေဘဝဲမလေးတစ်ကောင် ဖြစ်သည်။ လူသားတစ်ယောက်ဖြစ် သော ကိုမှောင်နှင့် ကျွန်းကလေးတစ်ကျွန်းပေါ်တွင် အတူရှိနေပြီး လူပျိုကြီးကိုမှောင်ကို တစ်ဖက်သတ် ကြွေနေသော ရေဘဝဲမလေးအဖြစ် သရုပ်ဖော်ထားသည်။