ကိုယ်ဝန်ဆောင်ဆီးချို

ဆေးပညာဆိုင်ရာ အခြေအနေ

ကိုယ်ဝန်ဆောင်ဆီးချို ၁ ဆိုသည်မှာ ယခင်က ဆီးချိုရောဂါ မဖြစ်ဖူးသော အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ကာလ အတွင်း ဆီးချို စတက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ကြောင့် ဖြစ်သော ဆီးချိုကို ကိုယ်ဝန်ဆောင်များ၏ ၃-၁၀% အတွင်းတွင် တွေ့ရသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်း အတိအကျကို မသိရသေးသော်လည်း ကိုယ်ဝန်ဆောင်ချိန် ထွက်လာသော ဟိုမုန်း များကြောင့် အင်ဆူလင်ခုခံမှုတိုးခြင်း ကို အခြေခံသည်ဟု ယုံကြည်ရသည်။ ဆီးချိုရှိသော ကိုယ်ဝန်ဆောင်တွင် ကလေးထွားခြင်း၂ ၊ကလေးငယ်၏ သွေးအတွင်း သကြားဓာတ်ပမာဏ လျော့နည်းခြင်း၊ နှင့်အသားဝါရောဂါ တို့ ဖြစ်တတ်သည်။

ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသ၍ရနိုင်ပြီး သကြားဓာတ်ကို လုံလောက်စွာ ထိန်းသိမ်းခြင်းဖြင့် ဖော်ပြခဲ့သော ကလေးထွားခြင်း စသည့် အခြေအနေများမဖြစ်ပေါ်အောင် ဟန့်တားနိုင်မည်ဟု ယူဆဖွယ်ရှိသည်။

ကိုယ်ဝန်ဆောင် ဆီးချိုသည် ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးပြီး နောက်ပိုင်းတွင် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် အခွင့်အလမ်း အလွန်များသည်။ ဆီးချိုရှင် မိခင်များက မွေးသောကလေးများမှာလည်း အဝလွန်ခြင်း နှင့် ဆီးချို-၂ ဖြစ်နိုင်ချေများသည်။

အဓိပ္ပာယ်သတ်မှတ်ချက် ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ဆီးချို ကို အဓိပ္ပာယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသော မည်သည့် ဆီးချိုတက်မှုမျိုးကို မဆို ကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပာယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းက ဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်နေမှန်း မသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာ ရောဂါဖြစ်နေကြောင်း စတင်သိရှိရခြင်းမျိုး သို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလ တိုက်ဆိုင်သွားခြင်းမျိုး များလည်း ပါဝင်ရပေတော့မည်။

ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများ ပြင်ဆင်ရန်

ဆီးချိုရောဂါလက္ခဏာများ အတွက် ဆီးချိုရောဂါလက္ခဏာများ ကို ကြည့်ပါ။

-ယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် သွေးအတွင်း သကြားဓာတ်ပမာဏ ပုံစံတကျမရှိခြင်း

-ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း

-သက်ကြီး ကိုယ်ဝန်ဆောင်ခြင်း အများအားဖြင့် ၃၅ နှင့်အထက်)

-လူမျိုး( အဖြစ်များသောလူမျိုးများမှာ အာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်)

-ကိုယ်အလေးချိန်များသူများ အဝလွန်သူများ

-ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း)

- ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း

-ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်း သိရသည်။

၄ဝမှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များ တွင်မူ တင်ပြခဲ့သော ဖြစ်နိုင်ချေ များကို ရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကို ဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူ ရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်း ပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်တတ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်း သကြားဓာတ်ပမာဏ များလေလေ ရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာ ကုသထားလျင်မူ ရောဂါနောက်ဆက်တွဲ အချက်အတော်များများကို လျှော့ချနိုင်သည်။

ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာ ပုံမမှန်ခြင်း ဖြစ်နိုင်သည်။ ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူ ကိရိယာနှင့်မွေးရခြင်း(ဥပမာ ညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များ လုပ်ရဖို့များသည်။ ရိုးရိုးမွေးပါက ကလေးပခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။

ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟု လေ့လာချက် တစ်ခုက ဆိုထားသည်လည်း ရှိသည်။ သို့သော် ဤကိန်းဂဏန်းများကို အလုံးစုံ မယုံကြည်အပ်သေး။ ဤဘာသာရပ်မှာ သုတေသန လုပ်ရခြင်းများ လွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။

မွေးကင်းစ ကလေးများတွင် သွေးအတွင်း သကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်း မက်ဂနီဆီယမ်ဓာတ်နည်းခြင်း များဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်း လည်း ဖြစ်နိုင်သည်။

ရောဂါအလားအလာ ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာ လူမျိုးအလိုက် ၃ဝမှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလ တစ်နှစ်အတွင်း ဖြစ်နေပါက ဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာ ဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅ဝမှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။

အခြားလေ့လာမှု တစ်ခုအရမူ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီး နောက် ၁၅ နှစ်အကြာ တွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။

ကုသမှု ပြင်ဆင်ရန်

ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာ မိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကို လျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်း သကြားဓာတ် ပမာဏကို လျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကို လျှော့ချပေးရန် ရည်ရွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်းနှင့် မီးဖွားကာနီး အသေအပျောက်များခြင်း ကို လျှော့ချနိုင်သည်ဟု သက်သေမပြနိုင်သေးပါ။

လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကို သုံး၍ကုသရသည်။

စောဒက ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်ဆီးချို သည် အငြင်းပွားမှုများသော ဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကို ရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်း မေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသော အမျိုးသမီးများမှာလည်း အကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်း စသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသ ထားခြင်းသည် ဗိုက်ခွဲမွေးခြင်းအပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်း သက်သေပြနိုင်ခြင်းကလည်း မရှိပေ။

မူရင်း ရင်းမြစ် ပြင်ဆင်ရန်

http://mmendocrinology.wordpress.com