ကုလဒူသကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းများ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သံဃာဒိသိသ်အာပတ် တစ်ခု ဖြစ်သည်။ [၁]

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ ထိုအချိန်တွင် ကီဋာဂိရိ၌ အဿဇိ ပုနဗ္ဗသုကမည်သော အရှက်မရှိသော ရဟန်းတို့သည် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ကုန်၏။

ထိုရဟန်းတို့သည် သစ်ပင်တို့ကို စိုက်၏။ ဆွတ်ခူး၏။ သီကုံး၏။ နားသွယ်ပန်၊ ရင်လွှမ်းပန်းတို့ကို ပြုစေကုန်၏။ ထိုရဟန်းတို့သည် အမျိုးသမီးတို့အား ပွင့်ညှာတစ်ဖက်ဆိုင် ပန်းကုံးကို၊ ပွင့်ညှာနှစ်ဖက်ဆိုင် ပန်းကုံးကို၊ ပန်းတံကို၊ ပန်းလက်ကောက်ကို၊ ဦးဆောက်ပန်းကို၊ နားသွယ်ပန်းကို၊ ရင်လွှမ်းပန်းကို ဆောင်စေကုန်၏။ ထိုရဟန်းတို့သည် အမျိုးသမီးတို့နှင့်အတူ တစ်ခုတည်းသော ခွက်ဖြင့် စား၊ သောက် ကုန်၏။ နေရာတစ်ခုတည်းတွင် ထိုင်ကုန်၏။ ညောင်စောင်းတစ်ခုတည်း၊ တစ်ခင်းတည်း၊ တစ်ခြုံတည်း၊ တစ်ခင်းတစ်ခြုံတည်း အိပ်ကုန်၏။ အခါမဲ့လည်း စားသောက်ကုန်၏။ သေကိုလည်း သောက်၏။ ထိုရဟန်းတို့သည် အစရှိသဖြင့် အမျိုးမျိုးသော အကျင့်ဆိုးတို့ကို ပြုကုန်၏။

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိသို့ သွားရာ ကီဋာဂိရိသို့ ရောက်၏။ ထိုရဟန်းသည် ဆွမ်းအလို့ငှါ ဝင်၏။ ထိုရဟန်းကို မြင်သော် လူတို့သည် “ထုန်ထိုင်းထိုင်း နုန့်နဲ့နဲ့ ဒေါသထွက်သကဲ့သို့ မျက်မှောင်ကုပ်၍ သွားသော ဤသူကား အဘယ်သူနည်း” ဟု အစရှိသဖြင့် ပြောဆိုကြ၏။ ထို့တိုင်အောင် ရဟန်းသည် ဆွမ်းမရရှိခဲ့ပေ။ သို့သော် ဒါယကာတစ်ယောက်သည် အိမ်သို့ပင့်ကာ လုပ်ကျွေးသဖြင့် ဆွမ်းကိစ္စ ပြည့်စုံရ၏။ ထိုဒါယကာသည် အသျှင်ဘုရား တပည့်တော်ပြောသော စကားဖြင့် မြတ်စွာဘုရားအား ဦးညွတ်ပါဟု မှာကြား၏။ ထိုဒါယကာသည် အဿဇိပုနဗ္ဗသုက ရဟန်းတို့နှင့် ပတ်သက်သည့်အကျင့်ဆိုးများကို ပြောကြား၏။ ရဟန်းလည်း ဝန်ခံလျက် မြတ်စွာဘုရားရှင်ထံသို့ ထွက်ခွာခဲ့၏။

မြတ်စွာဘုရားရှင်ထံသို့ ရောက်သော် ဒါယကာ မှာသည့်အတိုင်း ပြောကြား၏။ အသျှင်သာရိပုတြာ၊ အသျှင်မောဂ္ဂလာန် ဦးဆောင်သော ရဟန်းတို့သည် အဿဇိပုနဗ္ဗသုကရဟန်းတို့အား ကီဋာဂိရိမှ နှင်ထုတ်ကုန်၏။ ထိုအခါ အဿဇိပုနဗ္ဗသုကရဟန်းတို့သည် နားမထောင်ဘဲ ဆဲရေးကြကုန်၏၊ ဖဲထွက်ကုန်၏၊ လူထွက်ကုန်၏။

ထိုအကြောင်းကို မြတ်စွာဘုရားသည် ကြားသိသော် ရဟန်းအား ဟုတ်မှန်ပါသလောဟု မေးမြန်း၏။ ရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

အမျိုးတို့ကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော ရဟန်းသည် တစ်ခုသော ရွာ နိဂုံးကို အမှီပြု၍ နေ၏။ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်းမြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းသည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကို မြင်လည်း မြင်အပ်ကုန်၏။ ကြားလည်း ကြားအပ်ကုန်၏။ ထိုရဟန်းကို ရဟန်းတို့သည် ‘အသျှင်သည်ကား အမျိုးကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ဤသို့ ရဟန်းတို့က ဆိုအပ်သော် ထိုရဟန်းသည် ရဟန်းတို့ကို ‘ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း လိုက်ကုန်၏၊ ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ မောဟာဂတိသို့လည်း လိုက်ကုန်၏၊ ဘယာဂတိသို့လည်း လိုက်ကုန်၏။ ထိုသို့ သဘောရှိသော အာပတ်ဖြင့် ရဟန်းအချို့ကို နှင်ထုတ်၏။ အချို့ရဟန်းကို မနှင်ထုတ်ကုန်’ ဟု ဆိုငြားအံ့။ ထိုရဟန်းကို ရဟန်းတို့သည် အသျှင်သည် ဤသို့ မဆိုပါလင့်၊ ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း မလိုက်ကြပါ၊ ဒေါသာဂတိသို့လည်း မလိုက်ကြပါ၊ မောဟာဂတိသို့လည်း မလိုက်ကြပါ၊ ဘယာဂတိသို့လည်း မလိုက်ကြပါ။ အသျှင်သည်သာ အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ဖြစ်၏၊ အသျှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုက်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုက်၌ နေခြင်းဖြင့် အကျိုးမရှိပါ’ ဟု ဆိုရာ၏။ ထိုရဟန်းတို့သည် ဤသို့ ဆိုအပ်လျက် ထိုရဟန်းသည် ထို့အတူပင် ဆက်လက်ပြုမူ နေငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ထိုအယူကို စွန့်စေခြင်းငှါ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်၏။ အကယ်၍ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်သည် ရှိသော် ထိုအယူကို စွန့်ငြားအံ့။ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ [၁]

ဤသိက္ခာပုဒ်လာ ယုတ်မာသော အကျင့်များ ပြင်ဆင်ရန်

ယုတ်မာသောအကျင့်ဟူသည် ဒါယကာ ဒါယိကာမတို့အား ပေးကမ်းဖို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း, ရေလောင်းခြင်း စသော ရဟန်းတို့နှင့် မလျော်သော အကျင့်များတည်း။ ထိုကဲ့သို့ ပန်းပင်စိုက်ခြင်း စသည်ပြုရာ၌လည်း ဒုက္ကဋ်အာပတ်သင့်၏၊ ရဟန်းကိုယ်တိုင် မြေတူး၍ စိုက်ပျိုးခြင်း စသည်၌ မြေတူးမှုကြောင့် ပါစိတ်အာပတ် သင့်၏၊ အကပ္ပိယဝေါဟာရ (မအပ်သော အသုံးအနှုန်း)ဖြင့် သုံးနှုန်း၍ စေခိုင်းရာ၌လည်း ဒုက္ကဋ်အာပတ် သင့်၏၊ ထို အသီးအပွင့်တို့ကိုလည်း ရဟန်းတို့ မစားသုံးသင့်တော့ချေ။[၂]

စိုက်ပျိုးကောင်းသော နည်းလမ်းများ ပြင်ဆင်ရန်

ကျောင်းတိုက်သာယာအောင် (အာရာမတ္ထာယ)၊ သစ်ပင် ပန်းပင်တို့ စိမ်းလန်းစိုပြေအောင် (ဝနတ္ထာယ) စိုက်လိုလျှင် “ဤမြေကို သိစမ်းဤ ပန်းပင်ကို သိစမ်း” စသည်ဖြင့် ကပ္ပိယဝေါဟာရ အပ်စပ်သော အသုံးအနှုန်းများဖြင့် ပြောဆို၍ လူ သာမဏေစသည်တို့ကို စေခိုင်းရမည်။ မူလက ရဟန်းတို့ စားသုံးရန်ဟု မရည်ရွယ်ဘဲ စိုက်ပျိုးခဲ့ခြင်းဖြစ်က သီးပွင့်လာသော အခါ၌ ရဟန်းတို့ သုံးဆောင်နိုင်ခွင့် ရှိသည်။[၂]

ကပ္ပိယဝေါဟာရ = အပ်စပ်သော အသုံးအနှုန်း ပြင်ဆင်ရန်

ဤမြက်ပင်ကို သိလော့။ ဤသစ်ပင်ကို သိလော့။ ဤပန်းပင်ကို ဘုရားတင်ရန် သိလော့။ ရေတွင်း သိပါ။ မြေ သိပါ။ ကန်သင်း သိပါ။ ရေမြောင်း သိပါ။ ဤသစ်ပင်အတွက် ရေသိပါ။ ဤကဲ့သို့ ကပ္ပိယဝေါဟာရဖြင့် စေခိုင်းခြင်းတို့မှာ ဘုရားတင်လှူရန် ပန်းပင်စိုက်မှု ကျောင်းဝင်းခြံစည်းရိုး သစ်ပင်စိုက်မှု အရိပ်အာဝါသအတွက် သစ်ပင်စိုက်မှုပြုရာ၌သာ အပ်စပ်၏၊ အသီး အပွင့် အရွက် စားရန် စိုက်ပျိုးခြင်းကိုကား ကပ္ပိယဝေါဟာရဖြင့်လည်း မြွက်ဆို၍ မခိုင်းကောင်းချေ၊ မအပ်သော နည်းဖြင့် စိုက်ပျိုးထားသော သစ်ပင် မှ အသီး အပွင့် အရွက်တို့ကို သုံးဆောင်လျှင် သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဒုက္ကဋ်အာပတ် သင့်၏၊[၂]

အကပ္ပိယဝေါဟာရ = မအပ်စပ်သော အသုံးအနှုန်း ပြင်ဆင်ရန်

ပေါင်းပင် မြက်ပင်များကို နုတ်ပါ၊ စိုက်ပါ၊ ရိတ်ဖြတ်ပါ။ ပန်းပင် သစ်ပင် စိုက်ပါ၊ ပန်းခူးပါ၊ ရေတွင်းတူးပါ၊ မြေတူးပါ၊ ရေလောင်းပါ။ ဤသို့ စသည်ဖြင့် လူတို့ သုံးနှုန်းသည့်အတိုင်း ပြောဆိုသုံးနှုန်း၍ စေခိုင်းလျှင် ပါစိတ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ်ပါ သင့်၏၊[၂]

စေခိုင်းခွင့် သုံးဆောင်ခွင့် ရပုံများ ပြင်ဆင်ရန်

ပရိယာယ်ဖြင့် သွယ်ဝိုက်၍ ပြောကြားခြင်း၊ အရိပ်နိမိတ်ပြု၍ စေခိုင်းခြင်း၊ ကျောင်းခြံစည်းရိုး အာရာမ်အတွက် စိုက်ထားခြင်း၊ အရိပ်ရရန်အတွက် စိုက်ထားခြင်း ဤသို့သော သစ်ပင်များမှ ဖြစ်ထွန်းလာသော အသီးအပွင့်များကို ကပ္ပိခိုင်း၍ သုံးဆောင်လျှင် အာပတ်မသင့်ချေ။ စေခိုင်းနိုင်ခွင့် ရှိသည်။ ထို့ကြောင့် အထက်၌ ဆိုခဲ့သော ပရိယာယ်, နိမိတ်, အာရာမတ္ထာယ, ဝနတ္ထာယ အချက်များကိုလည်း သိထားရန် အရေးကြီးပါသည်။[၂]

ပရိယာယ်ဖြင့် စိုက်ပျိုးစေခြင်း ပြင်ဆင်ရန်

ရှေးလူကြီးများသည် နောင်လာနောင်သားများအတွက် သီးပင်စားပင်များ စိုက်ပျိုးခဲ့ကြသဖြင့် ယခုခေတ်လူတို့ စားသုံးနေကြရသည်။ မိမိအကျိုးအတွက်လည်းကောင်း, နောင်လာနောင်သားများ စားသုံးရန်အတွက်လည်းကောင်း သစ်ပင် ပန်းပင်များ စိုက်ပျိုးသင့်ကြောင်း၊ ရေတွင်းရေကန် တူးခြင်းသည် အကျိုးများကြောင်း၊ ထိုအမှုများကို လုပ်ချင်ကိုင်ချင်လာအောင် ကြောင်းကျိုးပြ၍ ပရိယာယ်ဖြင့် ပြောကြား ပြုစေရာ၌ကား အာပတ်မသင့် ချေ။[၂]

အရိပ်အရောင်ပြ၍ စိုက်ပျိုးစေခြင်း ပြင်ဆင်ရန်

နှုတ်မှ တစ်စုံတစ်ရာ မပြောဆိုဘဲ ရဟန်းတစ်ပါးသည် ပေါင်းမြက် ထူထပ်ရာ၌ ပေါက်တူးကို ကိုင်လျက် ရပ်နေ၏၊ တပည့် သာမဏေများက မြင်၍ မြက်ရှင်းစေလိုကြောင်း သဘောပေါက်နားလည်၍ ပေါက်တူးပေါက်ကာ မြက်ရှင်းပေးကြ၏၊ အလားတူ စိုက်ပျိုးစေလိုသော သစ်ပင်ပျိုးပင် အနီး၌ တူရွင်းကို ကိုင်လျက် ရပ်နေခြင်း စသည်ဖြင့် ဒါယကာများနှင့် သာမဏေတို့က နားလည်အောင် အရောင်ပြ၍ စိုက်ပျိုးစေရာ၌ အာပတ်မသင့်ချေ။ ထို့ပြင် သစ်ပင်ကို ရေလောင်းစေလိုသောအခါ နှုတ်မှ ပြောဆိုခြင်း မပြုဘဲ ရေပုံးကို သစ်ပင်နား၌ ချထား၏၊ နားလည်သဘောပေါက်သော ဒါယကာနှင့် သာမဏေတို့က ရေလောင်းခြင်း, သစ်ပင်ခုတ်လှဲခြင်းစသည် ပြုပေးသည်။ ဤသို့ အရိပ်နိမိတ်ပြု၍ စေခိုင်းရာ၌ အာပတ်မသင့်။[၂]

ရေလောင်း ရေချိုး စသည် မပြုကောင်း ပြင်ဆင်ရန်

ကုလသင်္ဂဟတ္ထာယ = အမျိုးလေးပါးတို့ကို ပေးကမ်းချီးမြှောက်ရန်၊ ပရိဘောဂတ္ထာယ = သုံးဆောင်စားသောက်ရန် ရည်ရွယ်၍ ပန်းပင်နှင့်သီးပင်, စားပင်, သုံးပင်များကို ရဟန်းကိုယ်တိုင် ရေမလောင်းကောင်းရုံမျှမက ရေလောင်းပြီး ဖြစ်စေရန် ရည်ရွယ်၍ ထိုသစ်ပင် ပန်းပင်တို့၏ ခြေရင်း၌ မျက်နှာသစ်ခြင်း၊ ရေချိုးခြင်းပင် ပြုလုပ်ခွင့် မရှိချေ။ ရဟန်းတော်များ အထူးသတိထားသင့်သော အချက်များ ဖြစ်သည်။ သို့ရာတွင် ခြံစည်းရိုးနှင့် အရိပ်အာဝါသအတွက် ရည်ရွယ်၍ စိုက်ပျိုးထားသော သစ်ပင်များကို ရေလောင်းကောင်း၏၊ သစ်ပင်ရင်း၌လည်း ရေချိုးကောင်း၏၊[၂]

ကုလဒူသန (၈) ပါး ပြင်ဆင်ရန်

(၁) ပန်းပွင့်ပေးခြင်း၊ (၂) သစ်သီးပေးခြင်း၊ (၃) ဆပ်ပြာမှုန့်ပေးခြင်း၊ (၄) အင်္ဂတေ (ဘိလပ်မြေ၊ ထုံး၊ သဲ၊ အုတ်မှုန့်) မြေညက်ပေးခြင်း၊ (၅) သစ် ဝါး စသည်(ဆောက်လုပ်ရေးပစ္စည်း)ပေးခြင်း၊ (၆) ဒန်ပူပေးခြင်း၊ (၇) သတင်းစကား ပို့ပေးခြင်း (လူတို့၏ အစေအပါးခံခြင်း)၊ (၈) ဆေးကုခြင်း (ဗေဒင်ဟော ဓာတ်ရိုက်ဓာတ်ဆင် အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ပေးခြင်း) တို့တည်း။[၂]

(ဆောင်) ပွင့်, သီး, မှုန့်, မြေ, ဝါး, ပူ, ခြေ, ဝဇ္ဇေ ဒူရှစ်ဖြာ။


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ၂.၈ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း