ကုသ (၁၉ဝ၈- ၁၉၇၆) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် တက္ကသိုလ် ကထိက ဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေ ကို ရှေ့တန်းမှ မား⁠မားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ဦးတိုးအောင် ဖြစ်သည်။ ၁၉၃၀ ခုနှစ်ဝန်းကျင် ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီသိပ္ပံမောင်ဝမင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့် ဧမောင် တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။

ကုသ
အမည်ရင်းဦးတိုးအောင်
မွေးဖွား၁၉ဝ၈-ခု၊ ဒီဇင်ဘာ (၁၆)ရက်
သိမ်ဆိပ်ရွာ၊ သထုံခရိုင်၊ ဗြိတိသျှဘားမား
ကွယ်လွန်၁၉၇၆ ခု မတ်လ ၃ဝ
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာ ကထိက၊ ကောလိပ် ကျောင်းအုပ်ကြီး
လူမျိုးဗမာ
နိုင်ငံသား မြန်မာ။
ပညာရေးမဟာဝိဇ္ဇာ ဂုဏ်ထူးတန်း
မိခင်ကျောင်းရန်ကုန် ကောလိပ်
စာပေအမျိုးအစားခေတ်စမ်းစာပေ
ရရှိသည့်ဆုများသာဒိုးအောင် ဆု
မိဘဦးဖိုးရှိန် + ဒေါ်စိန်းရင်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ငယ်စဉ်ဘဝ နှင့် ပညာရေး

ပြင်ဆင်ရန်

သထုံခရိုင် သိမ်ဆိပ်ရွာ၌ အဖ ရွာသူကြီး ဦးဖိုးရှိန်၊ အမိ ဒေါ်စိန်းရင် (ဒေါ်စိမ်းရင်) တို့က ၁၉ဝ၈ ခု ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း လေးယောက် အနက် ဒုတိယမြောက်ဖြစ်သည်။

ငယ်စဉ်က မော်လမြိုင်မြို့ ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းတွင် ပညာ သင်ယူ ခဲ့သည်။ ၁၉၂၇ တွင် ဆယ်တန်း စာမေးပွဲ အောင်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန် ကောလိပ် ဥပစာတန်း အောင်သည်။ သာဒိုးအောင် ဆုလည်း ရခဲ့သည်။ ၁၉၃၃ တွင် မြန်မာစာ ဝိဇ္ဇာ ဂုဏ်ထူးတန်း၊ ၁၉၃၅ တွင် မဟာဝိဇ္ဇာ ဂုဏ်ထူးတန်း တို့ကို အောင်မြင် ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း

ပြင်ဆင်ရန်

မြန်မာစာ ဂုဏ်ထူးတန်း အောင်မြင် ပြီးသည်မှ စ၍ တက္ကသိုလ် မြန်မာစာ ဌာန၌ နည်းပြဆရာအဖြစ် စတင်အမှုထမ်း ခဲ့သည်။ မြန်မာစာ လက်ထောက် ကထိက (၁၉၄၆)၊ မန္တလေး ကောလိပ် မြန်မာစာ ကထိက (၁၉၄၈)၊ ၁၉၅၃ ခု မတ်လ ၆ ရက်နေ့တွင် မော်လမြိုင် ဥပစာ ကောလိပ် ကျောင်းအုပ်ကြီး အဖြစ် အမှု ထမ်းခဲ့သည်။ ၁၉၅၄ ခုတွင် ကောလိပ်နှင့် တက္ကသိုလ် အုပ်ချုပ်ရေး ဆိုင်ရာ ပညာ လေ့လာရန် ဗြိတိန်နိုင်ငံသို့ သွားရောက် ခဲ့သည်။ ၁၉၆၃ ခု ဇူလိုင်လတွင် အငြိမ်းစား ယူခဲ့သည်။

စာပေရေးသားခြင်း

ပြင်ဆင်ရန်

၁၉၂၆ ခုမှ စ၍ မြန်မာ၊ အင်္ဂလိပ် သတင်းစာ များနှင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် စာစတင် ရေးခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း (၁၉၃၂ - ဝဿာနု စာစောင်) နှင့် ၁၉၃၃ ခုနှစ် နှစ်လည် စာစောင် တို့တွင် စာတည်း အဖြစ် တာဝန် ယူခဲ့သည်။ ဂန္တလောက မဂ္ဂဇင်းနှင့် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းများတွင် ကဗျာ၊ ဟာသ ဝတ္ထုတိုများ၊ ဘဝ သရုပ်ဖော် ဝတ္ထုတိုများ၊ ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၄၈ - ၄၉ မှ ၁၉၅၃ - ၅၄ အထိ မန္တလေးတက္ကသိုလ် မဂ္ဂဇင်း၏ အတိုင်ပင်ခံ မြန်မာစာ စာတည်း အဖြစ် ဆောင်ရွက် ပေးခဲ့သည်။ စစ်ပြီး ခေတ်တွင် စာနယ်ဇင်း အသီးသီး၌ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ အတ္ထုပ္ပတ္တိနှင့် စာပေ ဆောင်းပါး အများအပြား ရေးသား ခဲ့သည်။ အထူးသဖြင့် အမဲလိုက် ဝတ္ထုများ ဖြစ်သည့် "မုဆိုးကြီး ကိုရဲ၏ မှတ်တမ်းများ" ကို အစဉ်တစိုက် ရေးဖွဲ့ ခဲ့သည်။ ခေတ်စမ်း ပုံပြင်များ [ပထမတွဲ] (၁၉၃၄)နှင့် ခေတ်စမ်း ကဗျာများ [ပထမတွဲ] (၁၉၃၄)တွင် ဟာသ ဝတ္ထုတို များနှင့် ကဗျာများ ရေးသား ခဲ့၏။ မနုဿ သားကောင် (၁၉၅၄)၊ မုဆိုးကြီး ကိုရဲ၏ မှတ်တမ်းများ (၁)၊ (၂)၊ (၃)၊ (၄)၊ [၁၉၇၆ ခု ဝန်းကျင်] တို့မှာ ထင်ရှားသည်။ မြန်မာနိုင်ငံ သုတေသန အသင်း အတွက် စတုဓမ္မသာရ ကိုးခန်းပျို့ကို တည်းဖြတ် ပေးခဲ့သည်။

ဘဝနိဂုံး

ပြင်ဆင်ရန်

၁၉၇၆ ခု မတ်လ ၃ဝ ရက်နေ့လယ် ၁:၁၅ နာရီတွင် ရန်ကုန်မြို့ အင်းယားမြိုင်လမ်း နေအိမ်၌ ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။[]


စာညွှန်း

ပြင်ဆင်ရန်
  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂ဝဝ၅ ခု၊ ဇူလိုင်)
  1. မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၆၈-၆၉။
  2. ကုသ။ မုဆိုးကြီး ကိုရဲ၏ မှတ်တမ်းများ (၄)။ စာ-ကျောဖုံး။
  3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၅)။ စာ ၁၅ဝ-၁၅၁။
  4. သုတေသန စာစဉ် သမိုင်း၊ သုတေသန စာစဉ် စာရင်း၊ သုတေသန စာစဉ် စာတည်းများ (ဧပြီ ၁၉ရဝ)။ စာ ၆၂-၆၄။
  5. မော်လမြိုင် မြို့နယ် အသင်း (ရန်ကုန်) မဂ္ဂဇင်း (၁၉၉၉)။ စာ၁၁၉-၁၂ဝ။
  6. ဦးဖေမောင်တင် (တည်းဖြတ် အုပ်ချုပ်သူ) ခေတ်စမ်း ပုံပြင်များ၊ ပထမတွဲ။ ၁၉၃၄။
  7. ဦးဖေမောင်တင် (တည်းဖြတ်အုပ်ချုပ်သူ)။ ခေတ်စမ်းကဗျာများ၊ ပထမတွဲ။ တကြိမ်။ ၁၉၃၇။
  8. ဆရာ ကုသ ကွယ်လွန်ခြင်း၊ လုပ်သား ပြည်သူ့ နေ့စဉ် (၃၁-၃-၇၆)။
  9. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (မေ ၁၉၇၆)။ စာ ၁၅၁။