ကောက်ချက် (အင်္ဂလိပ်: conclusion) ဆိုသည်မှာ တွေးစစ်ဗေဒ(Logic)တွေးစဉ်တခုခုဖြင့် (အခြားသော သိထားချက်များ အပေါ် အခြေခံကာ) ဆက်စပ်တွေးထုတ်ထားသည့် အဆိုပြုချက်(တွေးလုံး)ကို ညွှန်းသည်။ သို့ဖြင့် တွေးစဉ်အတွင်း၌ တွေးသူက သိထားချက်များကို တွေးလုံးအုတ်မြစ်ပြုကာ ကောက်ချက်ကို ဆက်စပ်တွေးထုတ်ခြင်း ဖြစ်သည်။

စည်းချပ် တွေးစစ်ဗေဒ (Formal Logic) အတွင်း ကောက်ချက်အမျိုးမျိုး

ပြင်ဆင်ရန်

ဆင်ခြင်နည်း အသွင်ကွဲများကို လိုက်၍ ကောက်ချက်အမျိုးမျိုးကို တွေ့ရှိရနိုင်သည်။

အကြောင်းအရင်း ကောက်ချက်

ပြင်ဆင်ရန်

ဆိုင်ရာ သိထားချက်(သိလျာချက်)များကို နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်စေသည့် အကြောင်းအရင်းသဖွယ် ဖြစ်နေမည့် ကောက်ချက်မျိုးကို အကြောင်းအရင်း ကောက်ချက် (abductive conslusion) ဟု ခေါ်နိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ သိလျာချက်များမှ ဖြစ်တန်ကြောင်းရှာ ဆင်ခြင်နည်းဖြင့် ကောက်ချက်ကို ဆက်စပ်တွေးထုတ်ထားခြင်း ဖြစ်သည်။
သာဓကအားဖြင့် "ရွာပြီးစမိုး အုံ့နေသည်"၊ "လမ်း ရေစိုနေသည်" ဟူသော အချက်အလက်များကို သိထားချက်များအဖြစ် လျာလိုက်၍ ("ဤသည်မှာ မိုးရွာထားခြင်းကြောင့် ဖြစ်မည်"ဟု စဉ်းစားလိုက်ခြင်းဖြင့်) "မိုးရွာထားသည်" ဟူသော ကောက်ချက်ကို ထုတ်လိုက်ခြင်းသည် ဖြစ်တန်ကြောင်းရှာ ဆင်ခြင်နည်း (Abductive Reasioning) ကို သုံးလိုက်ခြင်း ဖြစ်သည်။

စာရင်းချုပ် ကောက်ချက်

ပြင်ဆင်ရန်

တနည်းနည်းဆင်တူသော သိထားချက်(သိလျာချက်)များကို ပြန်လည် စာရင်းချုပ်ကြည့်သည့်နှယ် ဆက်စပ်တွေးထုတ်လိုက်သော အဆိုပြုချက် (တွေးလုံး)သည် စာရင်းချုပ် ကောက်ချက် (inductive conclusion) ဟု ခေါ်နိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ သိလျာချက်များမှ စာရင်းချုပ် ဆင်ခြင်နည်းဖြင့် ကောက်ချက်ကို ဆက်စပ်တွေးထုတ်ထားခြင်း ဖြစ်သည်။
သာဓကအားဖြင့် "မိုးရွာလျှင် လမ်း-က ရေစိုသည်"၊ "မိုးရွာလျှင် လမ်း-ခ ရေစိုသည်"၊ "မိုးရွာလျှင် လမ်း-ဂ ရေစိုသည်" အစရှိသော သိလျာချက်များကို (ရှိသမျှ အတွေ့အကြုံဖြင့်) စာရင်းချုပ်ကြည့်လျက် "မိုးရွာလျှင် လမ်းတိုင်း ရေစိုသည်" ဟူသော ကောက်ချက်မျိုး ဆက်စပ်တွေးထုတ်လိုက်ခြင်းသည် စာရင်းချုပ် ဆင်ခြင်နည်း (Inductive Reasoning) ကို သုံးလိုက်ခြင်း ဖြစ်သည်။

စာရင်းထုတ် ကောက်ချက်

ပြင်ဆင်ရန်

ရှိပြီးသား စာရင်းများကို ထုတ်ကြည့်သကဲ့သို့၊ မိမိ၏ စာရင်းရှိ သိထားချက်များကို (သင်္ချာဆန်ဆန်) တွေးစစ်သုံး သင်္ကေတများအဖြစ် ကြည့်ပြီးနောက် သိထားချက်တစ်ခုရှိ ညွှန်းလုံး နှင့် အခြားတစ်ခုရှိ ညွှန်းလုံးတို့ အချင်းချင်း မည်သူက မည်သူ၏ အစုဝင်အစုပိုင်း သဖွယ် ရှိနေသေးလော စသည့် ဆက်စပ်ပုံများကို ဆက်လက်ထောက်ထားလျက် စာရင်းထုတ် ကောက်ချက် (deductive conclusion) များကိုလည်း ဆက်စပ်တွေးထုတ်နိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ သိလျာချက်များမှ စာရင်းထုတ် ဆင်ခြင်နည်းဖြင့် ကောက်ချက်ကို ဆက်စပ်တွေးထုတ်ထားခြင်း ဖြစ်သည်။
သာဓကအားဖြင့် "မိုးရွာလျှင် လမ်းတိုင်း ရေစိုသည်" ဟူသော အချက်နှင့် "ဤအရာက လမ်း ဖြစ်သည်" ဟူသော မိမိ၏ စာရင်းရှိပြီး သိလျာချက်ချင်း ယှဉ်ထပ်ဆက်စပ်၍ "မိုးရွာလျှင် ဤအရာလည်း (လမ်းတစ်ခုအဖြစ်) ရေစိုမည်သာ" ဟု ကောက်ချက် ထုတ်ကြည့်ခြင်းသည် စာရင်းထုတ် ဆင်ခြင်နည်း (Deductive Reasioning) ကို သုံးလိုက်ခြင်း ဖြစ်သည်။