[၁] အဖို့၊ အစု၊ အစိတ်၊ အပိုင်း၊ အင်္ဂါ။ (ဆံစသော ကောဋ္ဌာသ။) (ကောဋ္ဌာသ၏ အနက်အဓိပ္ပါယ်မှာ “အဖို့ အစု” သာမန်သာ ဖြစ်သော်လည်း ကောဋ္ဌာသ ဟူသော စကားသည် မြန်မာစကား အဖြစ် တွင်နေပေပြီ။ ထို့ကြောင့် ကောဋ္ဌာသ-ဟူသော စကားသံကို ကြားရလျှင် ဆံစသော ၃၂-ကောဋ္ဌာသဟု လူတိုင်းလိုလိုပင် နားလည် ကြသည်၊ ငယ်စဉ်ကပင် ကေသာ, လောမာ စသော ၃၂-ကောဋ္ဌာသကို အာဂုမ်ရသူများ၍ ရှင်ပြု ခေါင်းရိတ်သောအခါ၌လည်း တစပဉ္စက ကမ္မဋ္ဌာန်းခေါ် “ကေသာ, လောမာ, နခါ, ဒန္တာ, တစော” ၅-မျိုးတို့ကိုပါ သင်ကြား ရွတ်ဆိုရပြန်ရာ ဆံစသော ကောဋ္ဌာသသည် ဗုဒ္ဓဘာသာဝင်တိုင်းအဖို့ ရင်းနှီးသော စကားလုံးပင် ဖြစ်သည် [၂][၃]

၃၂ လုံးပါသော စိပ်ပုတီး ပြင်ဆင်ရန်

၃၂ လုံးပါသော “စိပ်ပုတီးသည်လည်း ကောဋ္ဌာသအတွက် ရည်ရွယ်ခြင်းဖြစ်ရာ ထိုပုတီးကိုင်တိုင်း ကေသာ, လောမာစသည်ကို စီးဖြန်းပွါးများ ကြရသည်။ ထို ၃၂-ကောဋ္ဌာသကို အဆင်း, သဏ္ဌာန်, အနံ့, ဖြစ်ရာအရပ်တည်ရာအရပ်တို့ဖြင့် ဝေဖန်၍ ကာယဂတာသတိအရာ၌ “ကောဋ္ဌာသဝဝတ္ထာပနကထာ” ဟူ၍ ဝိသုဒ္ဓိမဂ်၌ အခန်းကဏ္ဍ သီးခြားရေးသားပြီး အကျယ်ပြဆိုထားသည် [၄][၃]

ဓာတ်ကမ္မဋ္ဌာန်း အကျယ် ပြင်ဆင်ရန်

ဓာတ်လေးပါးကို ပိုင်းခြား ပြသောအရာ၌

  • ပထဝီကောဋ္ဌာသ ၂၀,
  • အာပေါကောဋ္ဌာသ ၁၂,
  • တေဇောကောဋ္ဌာသ-၄,
  • ဝါယောကောဋ္ဌာသ ၆-အားဖြင့် ကောဋ္ဌာသ ၄၂-ပါးတို့ကို ပြဆိုသည်၊ ထိုကောဋ္ဌာသတို့၏ သရုပ်နှင့် တကွ ဖြစ်ကြောင်း သမုဋ္ဌာန် ကလာပ်, ရုပ်အရေအတွက်တို့ကို (အဖျောက်ဆရာတော်စီရင်သော ကောဋ္ဌာသ ၆၀၊ ဝေဖန်ခန်းမှ သံပေါက်တို့ကို ထုတ်နုတ် အသုံးပြု၍)မကျဉ်းမကျယ် ရေးသားပြဆိုပေအံ့။ [၃]

ပထဝီကောဋ္ဌာသ-၂၀ ပြင်ဆင်ရန်

ကောဋ္ဌာသစုတွင်၊ ဆံလျှင်ဘာဝိ၊ ဦးနှောက်ထိ၊ ဝီသတိ မြေ ဓာတ်လွန်—-ဆံပင်, အမွေး, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာဟောင်း, အစာသစ်, ဦးနှောက်, ဟု ဆိုအပ်သော ကောဋ္ဌာသ·၂၀-တို့၌ အာပေါ တေဇော ဝါယော ဓာတ်တို့ပါရှိသော်လည်း ပထဝီဓာတ် လွန်ကဲသောကြောင့် ယင်း-၂၀ အစုသည် ပထဝီကောဋ္ဌာသ-မည်၏။ [၃]

အာပေါကောဋ္ဌာသ-၁၂ ပြင်ဆင်ရန်

သည်းခြေအစ၊ ကျင်ငယ်ကျ၊ ဒွါဒ ရေဓာတ် လွန်—သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီ, မျက်ရည်, ဆီကြည်, တံထွေး, နှပ်, အစေး, ကျင်ငယ်ဟု ဆိုအပ်သော ကောဋ္ဌာသ-၁၂-ပါးတို့၌ ပထဝီ တေဇော ဝါယောဓာတ်တို့ ပါရှိသော်လည်း အာပေါဓာတ်လွန်ကဲသောကြောင့် ယင်း ၁၂-ပါးအစုသည် အာပေါ ကောဋ္ဌာသမည်၏။ [၃]

တေဇောကောဋ္ဌာသ-၄ ပြင်ဆင်ရန်

သန္တပ္ပန၊ ဇိရဏ နှင့်၊ ဍာဟ ပါစကာ၊ လေးကောဋ္ဌာ၊ မှတ်ရာ မီးဓာတ်လွန်— ခန္ဓာကိုယ်၌ အအေးအပူဟု ဆိုအပ်သော တေဇောဓာတ်သည် ပူလောင်ခြင်း လက္ခဏာအားဖြင့် တစ်ပါးသာ ဖြစ်သော်လည်း အပူခြားနားချက်ကို လိုက်၍

“သာမန် အပူချိန်ထက် ပူသော အပူဓာတ် (= သန္တပ္ပနတေဇော)၊

ရင့်ယော် အိုမင်းခြင်းကို ဖြစ်စေသော အပူဓာတ် (= ဇိရဏတေဇော)၊

မြောမေ့ စေလောက်အောင် လွန်ကဲပြင်းထန်သော အပူဓာတ် (= ဍာဟတေဇော)၊

အစာကို ကြေကျက်စေသော ဝမ်းမီး အပူဓာတ် (= ပါစကတေဇော)ဟု ၄-ပါး အပြားရှိ၏၊ [၃]

သန္တပ္ပနတေဇောကောဋ္ဌာသ ပြင်ဆင်ရန်

ထိုလေးပါးတို့တွင် ကိုယ်လက် အင်္ဂါတို့၏ ကိုက်ခဲညောင်းညာခြင်း ရက်ခြားဖျားခြင်း၊ တက်ဖျား ကျဖျားစသည်တို့၏ ကိုက်ခဲသော တေဇောဓာတ် လွန်ကဲသော ရုပ်အစုသည် သန္တပ္ပနတေဇောကောဋ္ဌာသ-မည်၏ (ကိုက်ခဲ ညောင်းညာ၊ ဖျားရက်ခြာ၊ ပူရာသန္တပ်-လွန်)။ [၃]

ဇိရဏတေဇောကောဋ္ဌာသ ပြင်ဆင်ရန်

ခန္ဓာကိုယ် ရင့်ယော်အိုမင်းခြင်း, ခါးကိုင်း နားထိုင်း မျက်စိမှုန် သွားကျိုး ဆံဖြူ အရေ တွန့်ခြင်း စသည်ကို ဖြစ်စေသော တေဇောဓာတ်လွန်ကဲသော ရုပ်အစုသည် ဇိရဏတေဇောကောဋ္ဌာသမည်၏ (ရင့်ယော်အိုမင်း၊ ခါးကိုင်းခြင်းနှင့်၊ နားထိုင်းအစ၊ ပသာဒညှိုး၊ မလညှိုး၍၊ သွားကျိုးဆံဖြူ၊ ရေတွန့်ဟု၊ မှတ်ယူ ဇိရဏလွန်)။ [၃]

ဍာဟတေဇောကောဋ္ဌာသ ပြင်ဆင်ရန်

အူအသဲ နှလုံးကွဲ၍ မြောမေ့ မတတ် လောင်ကျွမ်း ပူပြင်းစေတတ်သော တေဇောဓာတ်လွန်ကဲသော ရုပ်အစုသည် ဍာဟတေဇောကောဋ္ဌာသ-မည်၏ (နှလုံးအသဲ၊ လောင်ကျွမ်းကွဲမှု၊ ဝမ်းထဲလှိုက်ဆူ၊ ပြင်းထန်ပူလှ၊ မြည်အော်ရ၊ ဍာဟမီးဓာတ်လွန်)။ [၃]

ပါစကတေဇောကောဋ္ဌာသ ပြင်ဆင်ရန်

အစာအာဟာရကို ကြေကျက်အောင် ချေတတ်သော ဝမ်းမီးဟူသော တေဇောဓာတ် လွန်ကဲသော ရုပ်အစုသည် ပါစကတေဇောကောဋ္ဌာသမည်၏ (စားမျို အစာ၊ ကောင်းစွာ ကျက်မှု၊ လောင်ကျွမ်းပြုတတ်၊ စာအိမ်ရပ်၊ မီးဓာတ်ပါစကလွန်)။ [၃]

ဝါယောကောဋ္ဌာသ ၆ ပြင်ဆင်ရန်

ဥဒ္ဓံ ဓောဂမ၊ ကုစ္ဆိဋ္ဌနှင့်၊ ကောဋ္ဌာသယ၊ အင်္ဂသာရီ၊ အဿာမည်၊ ခြောက်လီ လေဓာတ်လွန်— ဝါယောဓာတ်သည် ဥဒ္ဓင်္ဂမဝါယော, အဓောဂမဝါယော, ကုစ္ဆိဋ္ဌဝါယော, ကောဋ္ဌာသယဝါယော, အင်္ဂမင်္ဂါနုသာရီဝါယော, အဿာသပဿာသဝါယော-ဟု ၆-ပါး အပြားရှိ၏၊

  • ထို ၆-ပါးတို့တွင် ကြို့ထိုးခြင်း, သမ်းဝေခြင်း၊ အော့အန်ခြင်း၊ အထက်လှန်ခြင်း စသော အထက်သို့ဆန်တက်သော လေသည် ဥင်္ဂမ ဝါယောမည်၏။ (ကြို့ထိုးသမ်းလှန်၊ အထက် ဆန်၊ ဥဒ္ဓံ လေဓာတ် လွန်)။
  • ကျင်ကြီးကျင်ငယ် ထွက်စေခြင်း၊ လေသက်ခြင်း စသော အောက်သို့ စုန်သောလေသည် အဓောဂမဝါယော မည်၏ (ကျင်ကြီး ကျင်ငယ်၊ ထုတ်သွယ်သက်လျှော၊ အောက်စုန်မျော၊ အဓော လေဓာတ်လွန်)။
  • ဝမ်းခေါင်း၌ အစဉ်တည်သော လေသည် ကုစ္ဆိဋ္ဌဝါယော မည်၏၊
  • အတွင်း၌ အစဉ် တည်သောလေသည် ကောဋ္ဌာသယ ဝါယော မည်၏ (ဝမ်းခေါင်း, အူကြောင်း၊ အစဉ် အောင်းမှာ၊ ကုစ္ဆိဋ္ဌာနှင့် ကောဋ္ဌာသယ၊ မည် နာမ၊ ဝါတလေဓာတ်လွန်)။
  • ခြေလက်မြှောက်ခြင်းနှင့် ကွေးခြင်းဆန့်ခြင်း စသည်တို့ကို ဖြစ်စေတတ်သော အင်္ဂါကြီးငယ်၌အစဉ်လျှောက်၍ သွားလာနေသောလေသည် အင်္ဂမင်္ဂါနုသာရီဝါယောမည်၏၊ ဤလေမလျှောက်လျှင် ခြေလက်အင်္ဂါ စသည်တို့မှာ မလှုပ်မရှားနိုင်၊ ခြေသေသည်၊ လက်သေသည်၊ လေဖြတ်သည် ဟု ပြောစမှတ်ပြုသည်။ (ကိုယ်အင်္ဂါလျှောက်၊ ခြေလက်မြှောက်ရေး၊ ကွေးဆန့်သွားလာ၊ ဖြစ်စေရာ၊ သာရီလေဓာတ်လွန်)။
  • ထွက်သက် ဝင်သက်လေသည် အဿာသပဿာသ ဝါယောမည်၏ (ထွက်သက်ဝင်သက်၊ ဖြစ်ချက် အရာ၊ ကောဋ္ဌာမှာ၊ အဿာ-လေဓာတ်လွန်)။

ထိုလေ ၆-မျိုးတို့သည်ပင် ဝါယောကောဋ္ဌာသ ၆-မျိုးဖြစ်၏။[၃]

သမုဋ္ဌာန်အားဖြင့် ဝေဖန်ပုံ ပြင်ဆင်ရန်

ကောဋ္ဌာသ ၄၂-ပါးတို့တွင် ကျင်ကြီး ကျင်ငယ်, အစာဟောင်း, အစာသစ် ၄-ပါးတို့သည် ဥတုတည်းဟူသော အကြောင်းတစ်ပါးကြောင့်သာ ဖြစ်၏။

ပါစကတေဇောသည် ကံတည်းဟူသော အကြောင်းတစ်ပါးကြောင့်သာ ဖြစ်၏။

ထွက်သက်ဝင်သက်လေသည် စိတ်တည်းဟူသော အကြောင်းတစ်ပါးကြောင့်သာဖြစ်၏ (တေဇောကောဋ္ဌာသ ၆-ပါး)။

ချွေး, တံထွေး, နှပ်, မျက်ရည် ၄-ပါးတို့သည် စိတ်ကြောင့်လည်းဖြစ်, ဥတုကြောင့် လည်းဖြစ်ရကား အကြောင်း ၂-ပါးကြောင့် ဖြစ်၏ (ဒွိဇကောဋ္ဌာသ ၄-ပါး)။

ကြွင်းကျန်သော ကောဋ္ဌာသ ၃၂-ပါးတို့သည် ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း ၄-ပါးတို့ကြောင့် ဖြစ်ကုန်၏ (စတုဇ ကောဋ္ဌာသ ၃၂-ပါး)။

ထို့ကြောင့်-ဒွေးတာလီဟု၊ ကောဋ္ဌာစုတွင်, ပြည်, ကျင်, အစာ၊ နှစ်ဖြာဟောင်းသစ်၊ ဥကြောင့်ဖြစ်၊ မှတ်လစ်ဧကဇာ။ ပါစကဓာတ်၊ ကံကြောင့် မှတ်လေ၊ အဿာသေမူ၊ စိတ်ကြောင့်ဟူ၊ မှတ်ယူဧကဇာ။ ချွေး, တံထွေး, နှပ်, မျက်ရည် ဓာတ်စု၊ ဤ ၄-ခုမူ၊ စိတ်-ဥ-ဟူ၊ မှတ်ယူဒွိဇသာ။ ယင်းဧကဇ၊ ဒ္ဓိဇပယ်ချန်၊ ဒွတ္တိံသံ၊ မှတ်ရန် စတုဇာ-ဟု သံပေါက်သီကုံးတော်မူသည်။ [၃]

ကလာပ်အားဖြင့် ဝေဖန်ပုံ ပြင်ဆင်ရန်

ဧကဇ ကောဋ္ဌာသ ၆-ပါးတို့တွင် ကျင်ကြီး, ကျင်ငယ်, အစာသစ်, အစာဟောင်းတို့၌ ဥတုဇသုဒ္ဓဋ္ဌက ကလာပ်တစည်းစီ၊ ပါစက တေဇောဓာတ်၌ ဇီဝိတနဝက ကလာပ်တစည်း၊ ထွက်သက် ဝင်သက်၌ စိတ္တဇသုဒ္ဓဋ္ဌကကလာပ် တစည်းရှိ၍ ဧကဇကောဋ္ဌာသ၌ ကလာပ် ပေါင်း ၆-စည်းဖြစ်၏။

ဒွိဇကောဋ္ဌာသဖြစ်သော ချွေး, တံထွေး, နှပ်, မျက်ရည်တို့၌ စိတ္တဇသုဋ္ဌကကလာပ် ဥတုဇသုဒ္ဓဋ္ဌက ကလာပ်အားဖြင့် ကလာပ် ၂-စည်းစီရှိကြ၍ ပေါင်း ၈-စည်းဖြစ်၏။

စတုဇကောဋ္ဌာသ ၃၂-ပါးတို့၌ တစ်ပါး တစ်ပါးလျှင် စိတ္တဇသုဒ္ဓဋ္ဌကကလာပ်, ဥတုဇသုဒ္ဓဋ္ဌက ကလာပ်, အာဟာရဇသုဒ္ဓဋ္ဌက ကလာပ်အားဖြင့် ကလာပ် ၃ စည်းစီ ရှိကြ၍ ပေါင်း ၉၆-စည်း ဖြစ်၏။

ပါစကတေဇောမှတစ်ပါး တေဇော ကောဋ္ဌာသ ၃-ပါး၊ ထွက်သက်ဝင်သက်လေမှတစ်ပါး ဝါယော ကောဋ္ဌာသ ၅-ပါးတို့၌ ဇီဝိတနဝက ကလာပ်တစည်းစီရှိရကား ပေါင်း ၈-စည်း ဖြစ်၏။ ထိုမှ ကြွင်းကျန်သော စတုဇ ကောဋ္ဌာသ ၂၄-ပါးတို့၌ ကံကြောင့် ဖြစ်သော ကာယဒသကကလာပ်, ဘာဝဒသက ကလာပ်အားဖြင့် ကလာပ် ၂-စည်းရှိရကား ပေါင်း ကမ္မဇဒသက ကလာပ် ၄၈-စည်း ဖြစ်၏။

မျက်စိ, နား, နှာ, လျှာ, နှလုံးတို့၌ အသီးအခြားတည်သော စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ် ထိုဇိဝှါဒသကကလာပ်, ဝတ္ထုဒသက ကလာပ်အားဖြင့်ပဒေသကလာပ် ၅-စည်းဖြစ်၏။ စိတ်ကြောင့်ဖြစ်သော အသံ၌ သဒ္ဒနဝက ကလာပ် တစည်း, ဥတုကြောင့်ဖြစ်သောအသံ၌ သဒ္ဒနဝကကလာပ် တစည်းအားဖြင့် အသံ၌ ကလာပ် ၂ စည်းဖြစ်၏။

ဤသို့လျှင်ခန္ဓာကိုယ်၌ ဒသကကလာပ် ၅၃-စည်း၊ နဝကကလာပ် ၁၁-စည်း၊ အဋ္ဌကကလာပ် ၁၀၉-စည်းအားဖြင့် ကလာပ်စည်း ပေါင်း ၁၇၃-စည်းဖြစ်၏။ ကလာပ်တို့၌ပါဝင်သောရုပ်တို့ကို တစ်ခုစီတစ်ခုစီ ရေတွက်လျှင် ဒသကကလာပ်စည်း ၅၃-စည်း၌ ရုပ် ၅၃၀(၅၃x၁၀ = ၅၃၀)+နဝက ကလာပ် ၁၁-စည်း၌ ရုပ် ၉၉ (၁၁×၉ = ၉၉)+ အဋ္ဌကကလာပ် ၁၀၉-စည်း၌ ရုပ် ၈၇၂ (၁၀၉×၈၇၂)ရှိ၍ စုစုပေါင်း ရုပ် ၁၅၀၁-ပါးဖြစ်သည် [၅][၃]

ဓာတ်ကမ္မဋ္ဌာန်း ပြင်ဆင်ရန်

ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ထို၄၂-ကောဋ္ဌာသတို့တွင် ဆံစသောကောဋ္ဌာသ ၂၀-တို့၌ ခက်မာကြမ်းတမ်းသော အခြင်းအရာကို ပထဝီဓာတ်ဟု ပိုင်းခြားမှတ်သားရသည်။

သည်းခြေစသော ကောဋ္ဌာသ ၁၂-ပါးတို့၌ အရည်ဟူသော ဖွဲ့စည်း ယိုစီးသော အခြင်းအရာကို အာပေါဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။

တေဇောကောဋ္ဌာသ ၄-ပါး၌ အပူကို တေဇောဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။

ဝါယောကောဋ္ဌာသ ၆-ပါး၌ ထောက်ကန် လှုပ်ရှားသော အခြင်းအရာကို ဝါယောဓာတ်ဟု ပိုင်းခြား မှတ်သားရသည်။ ထိုကဲ့သို့ ပိုင်းခြား မှတ်သားက ဓာတ်ကြီးလေးပါးတို့သည် ထင်ရှားလာ၍ ထိုဓာတ်တို့ကို အဖန်ဖန် နှလုံးသွင်း စီးဖြန်း ပွါးများခဲ့သော် ဥပစာရသမာဓိ ဖြစ်ပေါ်လာသည်။

ထိုကဲ့သို့ အားထုတ်၍ မပြည့်စုံသေးပါက ဆံစသော ကောဋ္ဌာသ ၄၂-ပါးတို့ကို တစ်ခုစီ တစ်ခုစီ အဆင်း, သဏ္ဌာန်စသော ၅-ပါးတို့ဖြင့် ဓာတ်သို့ဆိုက်အောင် ဆင်ခြင်ပွါးများ အားထုတ်ရမည်။ (အားထုတ်ပုံအကျယ်ကို ကာယဂတာသတိ၌-ကြည့်။) [၃]

ပထဝီကို ဦးစားပေးပွားရမည့် ကောဋ္ဌာသ ပြင်ဆင်ရန်

ထိုနည်းအားဖြင့် အားထုတ်၍ မပြည့်စုံ သေးပါက ဆံစသော ကောဋ္ဌာသ ၂၀-ကြမ်းတမ်းခက်မာခြင်း လက္ခဏာသည် ပထဝီဓာတ်,

ဖွဲ့စည်းခြင်း လက္ခဏာသည် အာပေါဓာတ်,

ရင့်ကျက်ခြင်း လက္ခဏာသည် တေဇောဓာတ်,

ထောက်ကန်လှုပ်ရှားခြင်း လက္ခဏာသည် ဝါယောဓာတ်ဟု လက္ခဏာ အကျဉ်းအားဖြင့် ရှုမှတ် ပွါးများရမည်။ [၃]

အာပေါစသည်ကို ဦးစားပေး ပွားရမည့် ကောဋ္ဌာသ ပြင်ဆင်ရန်

ထို့အတူ သည်းခြေစသော ကောဋ္ဌာသ ၁၂-ပါးတို့၌ အာပေါဓာတ်၏ လက္ခဏာကို အဓိက ထား၍လည်းကောင်း,

တေဇောကောဋ္ဌာသ ၄-ပါး၌ တေဇောဓာတ်၏လက္ခဏာကို အဓိက ထား၍လည်းကောင်း,

ဝါယောကောဋ္ဌာသ ၆-ပါး၌ ဝါယောဓာတ်၏လက္ခဏာကို အဓိကရှေ့သွား ပြု၍၎င်း ဓာတ်ကြီး ၄-ပါးကို ပွါးများ အားထုတ်ရမည်။[၃]

ကောဋ္ဌာသ တစ်ခုချင်း ပွားများနည်း ပြင်ဆင်ရန်

ထိုကဲ့သို့ အားထုတ်၍ မပြည့်စုံသေးပါက ဆံပင်၌ ကြမ်းတမ်းခက်မာခြင်း လက္ခဏာသည် ပထဝီဓာတ် စသည်ဖြင့် ကောဋ္ဌာသ တစ်ခုတစ်ခု၌ ဓာတ်ကြီးလေးပါးတို့ကို ပိုင်းခြား မှတ်သားရမည်၊ ထိုကဲ့သို့ ပိုင်းခြားမှတ်သား သူအား ဓာတ်လေးပါး ထင်ရှားလာ၍ အဖန်ဖန် ပွါးများအားထုတ်ခဲ့သော် ဥပစာရ သမာဓိဖြစ်လာသည်။

အကျဉ်းနည်း, အကျယ်နည်း ပြင်ဆင်ရန်

ဤကား သသမ္ဘာရသင်္ခ, သသမ္ဘာရဝိဘတ္တိ, သလက္ခဏသင်္ခေပ, သလက္ခဏဝိဘတ္တိ ဟူသော ဘာဝနာပွါးနည်း ၄-မျိုးတို့ဖြင့် ပွါးများပုံအမြွက်မျှဖြစ်သည်။ [၆]

(ကောဋ္ဌာသ ၄၂-ပါးတို့၌ ဓာတ် ၄-ပါးဝေဖန်၍ ကမ္မဋ္ဌာန်း ရှုခြင်းသည် ဉာဏ်မထက်မြက်သော သူတို့အဖို့ သာဖြစ်သည်။ ဉာဏ်ထက်မြက်သူအဖို့ ခန္ဓာ ကိုယ်တစ်ခုလုံး၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါး ရှိ၏ဟု အကျဉ်းအားဖြင့် ရှုလျှင်ပင် ကိစ္စပြီးသည်၊ [၇]

စက်ဆုပ်ဖွယ် ပွားများနည်း ပြင်ဆင်ရန်

ဆံအစ ကျင်ငယ် အဆုံးရှိသော ၃၂-ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ်ထင်မြင်အောင် အဆင်း, သဏ္ဌာန်စသော ၅-မျိုးတို့ဖြင့် ပွါးများနည်းကို ကာယဂတာသတိ၌ ကြည့်။[၃]

ဓာတ်ကမ္မဋ္ဌာန်း ပြင်ဆင်ရန်

ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ် နှလုံးသွင်းခြင်းသည် ကာယဂတာသတိ သမထကမ္မဋ္ဌာန်းဖြစ်၍ ဓာတ်ကြီးလေးပါး ထင်မြင်လာအောင် နှလုံးသွင်းခြင်းသည် (စတုဓာတုဝဝတ္ထာန) ဝိပဿနာဓာတ်ကမ္မဋ္ဌာန်း ဖြစ်၏ [၈][၃]

ဦးနှောက် ကောဋ္ဌာသ မပါဝင်ကြောင်း ပြင်ဆင်ရန်

ပြဆိုခဲ့သော ၄၁-ကောဋ္ဌာသတို့သည် မဟာဟတ္ထိပဒေါပမသုတ် (မ၊၃၊၂၈၁-၉၀)တို့၌ ပါရှိ၏။ (ထိုသုတ်တို့၌ မတ္ထလုင်္ဂ ဦးနှောက်) မပါသောကြောင့် ၄၁ ကောဋ္ဌာသ ဆိုသည်။ ဝိသုဒ္ဓိ၊၁၊၂၃၂-၌အဋ္ဌိမိဉ္စ(= ရိုးတွင်းခြင်ဆီ)၌ မတ္ထလုင်္ဂထည့်သွင်း၍ ၃၂-ကောဋ္ဌာသကိုပြသည်။ မူလဋီ၊၂၊၄၂၌လည်း “မတ္ထလုင်္ဂကို အဋ္ဌိမိဉ္စ၌ သွင်းယူသောကြောင့် သီခြားမဟော”ဟုပြဆို၏။ မ၊ဋ္ဌ၊၂၊၁၂၆-လည်း ကြည့်။ မိလိန္ဒ, ပဋိသမ္ဘိဒါမဂ်တို့၌မူ မတ္ထလုင်္ဂပုဒ်ပါရှိ၍ ၃၂-ကောဋ္ဌာသ၌ နောက်ဆုံး ထားဆို၏။) [၃]

သမထ, ဝိပဿနာကို ပွားကြပါ ပြင်ဆင်ရန်

အမျိုးကောင်းသားတို့သည် ၃၂-ကောဋ္ဌာသ ၄၂-ကောဋ္ဌာသတို့ကို နားလည်သိရှိအောင် အားထုတ်၍ ကာယဂတာသတိ သမထကမ္မဋ္ဌာန်း, ဝိပဿနာဓာတ် ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွါးများ ကြိုးစား အားထုတ်ကြကုန်ရာသည်။ ရှင်လောင်းကို ဆံချခါနီး၌ ကေသာ, လောမာ အစရှိသော တစပဉ္စက ကမ္မဋ္ဌာန်းကို သင်ကြားပေးရမည်၊ ထိုသို့ သင်ကြားသောအခါ အဆင်း, ပုံသဏ္ဌာန်, ဖြစ်တည်ရာအားဖြင့် မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို၎င်း၊ အသက်ဇီဝ-အတ္တမှ ကင်းသောအဖြစ်ကို၎င်း၊ ထင်ရှား ပြတ်သားစွာ နားလည်အောင် သင်ပေးရမည် [၉]

ခုနစ်နှစ်အရွယ် သီဝလိ သတို့သားကို ရှင်ပြုသောအခါ ကေသာ, လောမာ အစရှိသော တစပဉ္စကကမ္မဋ္ဌာန်းကို သင်ပေး၍ ဆံချပေးရာ ဆံပင်အားလုံး ရိတ်ပြီးသည်နှင့် တပြိုင်နက် ရဟန္တာအဖြစ်သို့ ရောက်၏ [၁၀]

ဤကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂီပုဂ္ဂိုလ်သည် နိမိတ်ယူရာ၌ လိမ္မာကြောင်း အစီအရင် (ဥဂ္ဂဟကောသလ္လ) ၇- ပါးနှင့် နှလုံးသွင်းခြင်း၌ လိမ္မာကြောင်း အစီအရင်(မနသိကာရကောသလ္လ) ၁၀-ပါးကို ဆရာသမားထံမှသင်ယူအပ်၏။ ထိုနှစ်ပါးတို့တွင် နိမိတ်ယူရာ၌ လိမ္မာကြောင်းအစီအရင် (ဥဂ္ဂဟကောသလ္လ) ၇-ပါးကို ဤအဘိဓာန် ကာယဂတာသတိပုဒ်၌ ပြဆိုပြီးဖြစ်၍ နှလုံးသွင်းခြင်း၌ လိမ္မာကြောင်းအစီအရင် (မနသိကာရကောသလ္လ) ၁၀-ပါးကိုသာ ပြဆိုပါအံ့။ [၃]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ကောဋ္ဌာသ (ပု) [ကောဋ္ဌ+သိ+အ။ ကောဋ္ဌ+အံသ။ ကောဋ္ဌံ ဝုစ္စတိ သရီရံ၊ တတ္ထ သေတီတိ ကောဋ္ဌာသော အာတ္တံ။ ဓာန်၊ဋီ၊၄၈၅။ ကောဋ္ဌန္တိ ဝါ သရီရံ၊ တဿ အံသာ ကေသာဒယော ကောဋ္ဌာသာ။ မ၊ဋီ၊၂၊၁၉၄။ အံ၊ဋီ၊၃၊၃၆၅။]
  2. (ဝိ၊ဋ္ဌ၊၃၊၂၄၉)
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ၃.၁၂ ၃.၁၃ ၃.၁၄ ၃.၁၅ ၃.၁၆ ၃.၁၇ ၃.၁၈ ၃.၁၉ တိပိဋကအဘိဓာန် အတွဲ-၆
  4. (ဝိသုဒ္ဓိ၊၁၊၂၄၁-၂၅၇)
  5. (သစ္စသင်္ခေပအဋ္ဌကထာ၊ ရူပသင်္ခေပ။ ဂါထာ ၄၀-၅၃။ ဝိသုဒ္ဓိ၊၁၊၃၆၂)
  6. အကျယ်ကို ဝိသုဒ္ဓိ၊၁၊၃၄၇-၃၆၀-၌ ကြည့်
  7. ဝိသုဒ္ဓိ၊၁၊၃၄၃၊ ၃၄၄၊ ၃၄၇။)
  8. (အဘိ၊ဋ္ဌ၊၂၊၂၁၆။ ဝိသုဒ္ဓိ၊၁၊၃၄၈)
  9. (ဝိ၊ဋ္ဌ၊၃၊၂၄၉)
  10. (အံ၊ဋ္ဌ၊၁၊၁၉၃)