အဖျောက်ဆရာတော် အရှင်အာစာရ (၁၇ ဖေဖော်ဝါရီ ၁၈၇၇-၁၀ ဒီဇင်ဘာ ၁၉၆၃) သည် ဗုဒ္ဓဘာသာ ကျမ်းပြုဆရာတော် တစ်ပါး ဖြစ်သည်။

ဟိတောပဒေသဘာသာပြန်ကျမ်းပြု အဖျောက်ဆရာတော်ဘုရားကြီးကို စစ်ကိုင်းခရိုင် တံတားဦးမြို့နယ် မြို့သာမြို့ ကုန်သည် ကျောင်းဒါယကာ ဦးကံအေးနှင့် ဇနီးဒေါ်အိမ်စည်တို့မှ ၁၂၃၈-ခု တပေါင်းလပြည့်ကျော် ခြောက်ရက် တနင်္ဂနွေနေ့နံနက် ၃-ချက်တီးကျော်အချိန်တွင် ဖွားမြင်တော်မူခဲ့သည်။ အဖျောက်ဆရာတော်ဖြစ်မည့် သူငယ်ကလေး တစ်နှစ်အရွယ် (မလှရုံအမည်ရှိ ညီမငယ်ကို မွေးဖွားပြီးမကြာမီအတွင်း)မှာပင် မိခင်ဒေါ်အိမ်စည် ကွယ်လွန်ခဲ့သည်။ ငါးနှစ်သားအရွယ်တွင် ဖခင်နှင့်အတူ ဂိုဏ်းထောက်(အင်းဝ)ဆရာတော် ဘုရားသီတင်းသုံးရာ ဟင်္သာတခရိုင် ဇလွန်မြို့နယ် အဖျောက်[note ၁] ရွာကြီးသို့ ဆိုက်ရောက်လာလေသည်။ (ထိုအင်းဝဆရာတော်ကား အဖျောက်ဆရာတော်ဖြစ်မည့် သူငယ်ကလေး၏ ဘကြီးဖြစ်လေသည်။)

အင်းဝဆရာတော်က ညီဖြစ်သူ ဦးကံအေးထံမှ တောင်းယူမွေးမြူကာ သဒ္ဒါ၊ သင်္ဂြိုဟ်စသော ပိဋကအခြေခံစာပေများကို သင်ကြားပို့ချ၍ ပေးတော်မူလေသည်။ ၁၄-နှစ်အရွယ်တွင် ရှင်သာမဏေပြုရာ ဘွဲ့အမည်မှာ ရှင်အာစာရဖြစ်၏။

ရှင်သာမဏေအဖြစ်နှင့်ပင် ဘကြီးတော်ထံ၌ ပိဋကများကိုလည်း သင်ကြားတော်မူခဲ့လေသည်။ ရဟန်းပြုချိန် အရောက်တွင် အင်းဝဆရာတော်က အထက် မြို့သာမြို့သို့ ခေါ်ဆောင်သွားကာ ထိုမြို့ ကျောင်းသစ်တိုက် ခဏ္ဍသိမ်တွင်းဝယ် ဆွေမျိုးမိတ်သင်္ဂဟတို့အား ဒါယကာပြုစေ၍ ရဟန်းအဖြစ်သို့ တက်ရောက်စေလေသည်။

အရှင်အာစာရသည် ဘကြီးတော် အင်းဝဆရာတော်၏ ပို့ဆောင်ပေးချက် အရ ထိုအခါက ကျော်စောထင်ရှားတော်မူလှသော ဘကြီးတော် မြို့ပြင်ကြီးဆရာတော် (အရှင်စန္ဒဝံသာလင်္ကာရ)ထံ၌ ဆည်းကပ်ကာ ပညာများကို သင်ကြားဆည်းပူးတော်မူပြန်လေသည်။

ထို့နောက် မန္တလေးမြို့ မိုးကောင်းဆရာတော်ဘုရားကြီး၏ အထံတော်သို့ မြို့ပြင်ကြီးဆရာတော်ဘုရားက ပို့အပ်တော်မူပြန်သဖြင့် မိုးကောင်းဆရာတော် ဘုရားကြီးထံ၌လည်း ပညာများကို ဆက်လက်သင်ကြားတော်မူပြန်လေသည်။ ရဟန်း ၈-ဝါအရတွင် မိုးကောင်းဆရာတော်ဘုရားကြီးထံမှ ရန်ကုန်မြို့ ပဌမ ဗင်္ဂလားဆရာတော်ကြီးထံသို့ ကြွရောက်ကာ ဗုဒ္ဓဘာသာ ပိဋကတ်စာပေ များကိုသာမက ဗင်္ဂလီ, နာဂရီ စသော ဘာသန္တရများကိုလည်း သင်ကြား အားထုတ်တော်မူပြန်လေသည်။

တဖန် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့သို့ ကြွရောက်ကာ ဘင်္ဂါလီ၊ နာဂရီ စသော ဘာသန္တရများကို သင်ကြားတော်မူပြီးလျှင် ထိုမှတဖန် သီဟိုဠ်ကျွန်းသို့ ကြွရောက်ကာ သီဟိုဠ်ဘာသာနှင့် တကွ အနောက်တိုင်း ဘာသာရပ်များကို အားထုတ်သင်ကြားတော်မူပြန်လေ၏။

ထို့နောက် ဘကြီးတော် အင်းဝဆရာတော်ဘုရားကြီးက ခေါ်ယူတော်မူသောကြောင့် အဖျောက်သို့ ပြန်ကြွလာကာ ပရိယတ်လုပ်ငန်းကို မဆုတ်တမ်း ပို့ချတော်မူပြန်လေသည်။ ၁၂၇၅-ခုနှစ်၌ ဘကြီးတော် အင်းဝဆရာတော်ဘုရားကြီး ပျံလွန်တော်မူလေလျှင် အင်းဝကျောင်းတိုက်ကြီး၌ပင် ဆက်လက်၍ သီတင်းသုံးတော်မူလေသည်။ ဂဠုန်ဆရာစံ တော်လှန်သည့်အခါ အဖျောက်ရွာလည်း မငြိမ်မသက် ဖြစ်မှုကြောင့် ရန်ကုန်မြို့-ရွှေဂုံတိုင် ကျောင်းတိုက်သို့ ကြွရောက်ကာ သီတင်း သုံးတော်မူလေသည်။

ဆဋ္ဌသံဂါယနာတင် လုပ်ငန်းကြီးတွင် နိုင်ငံတော် ဩဝါဒါစရိယ သံဃမဟာ နာယက အဖြစ်ဖြင့် ဆောင်ရွက်တော်မူလေသည်။

အဖျောက်ဆရာတော်ဘုရားကြီးသည် ရန်ကုန်, မန္တလေး, အဖျောက် စသည် တို့၌ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ဘုရားကြီးနှင့်အတူ ဥတုအလျောက် လျော်ညီအောင် လှည့်လည်သီတင်းသုံးတော်မူကာ သာသနာ့အကျိုးကို သည်ပိုး ဆောင်ရွက်တော်မူနေခိုက် ဆဋ္ဌသံဂါယနာအောင်ပွဲကြီးတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ဆက်ကပ်သည်ကို ခံယူရရှိတော်မူလေသည်။

သက်တော် ၈၇၊ သိက္ခာတော် ၆၈-ဝါအရ ၁၃၂၅-ခု၊နတ်တော်လပြည့်ကျော် ၁၀-ရက် ည ၁-နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ခြံအမှတ် ၂၂၁၊ကျောင်း အမကြီး ဒေါ်တုတ်၏နေအိမ် စံကျောင်းတော်၌ ဘဝနတ်ထံ ဝင်စံတော်မူလေသည်။

(ထိုဆရာတော်ဘုရားကြီးသည် အဖျောက်၌ သီတင်းသုံးတော်မူစဉ် ပရမတ္ထသင်္ဂဟသံပေါက်ကျမ်းကို၎င်း ဟိတောပဒေသ ဘာသာပြန်ကို စီရင်တော်မူ၍ အပြီးတွင် ဓာတုမနသိကာရကျမ်းကို၎င်း စီရင်ပြုစုတော်မူလေသည်။)[၁] [၁]

မှတ်စုများ ပြင်ဆင်ရန်

  1. မွန်ဘာသာအဖျောက် (အဖယောက်) ဟူသည် “ငါးပိ”ကို ခေါ်ခြင်းဖြစ်သည်၊ ငါးပိထွက်ရာဌာန-ဟုဆိုလိုသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ အဂ္ဂမဟာပဏ္ဍိတ အဖျောက်ဆရာတော်ဘုရား (၁၉၆၅)။ ဟိတောပဒေသဘာသာပြန် ပထမတွဲ