ကျွန်သီးတော် ဆိုသည်မှာ အသီးအခြား အမြတ်ထားအပ်သည့် ကျွန်ဖြစ်သည်။ ၎င်းတို့မှာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်၊ သိမ်ကျွန်ဟူ၍ လေးမျိုးရှိသည်။

ဘုရားကျွန် ပြင်ဆင်ရန်

ဘုရားကျွန်မှာ ဘုရား၏ ဝေယျာဝစ္စကို ဆောင်ရွက်ရသည်။ ဘုရားဆွမ်းတော်၊ ပန်းတော်တင်ရသည်။ ထက်ထက်မြက်မြက် အမှုထမ်းရသဖြင့် ပုဂံခေတ်က ၎င်းကို (မြက်ရကျွန်)ဟု ခေါ်သည်။ မြတ်သောနေရာက ထမ်းရွက်ရသဖြင့်လည်း (မြတ်ရ)ဟု ခေါ်ရာမှ ကာလရွေ့လျော၍ မြတ်ရမှ မြက်ရသို့ ပြောင်းလဲလာဟန်တူသည်။ ပြောင်းပုံမှာ မထူးဆန်းလှ၊ စာရိတ္တမှ စရိုက်ပြောင်းသကဲ့သို့ ရှိမည်။

ကျောင်းကျွန် ပြင်ဆင်ရန်

ကျောင်းကျွန်မှာ ကျောင်းနှင့် ပတ်သက်သော ဝေယျာဝစ္စကို ဆောင်ရွက်ပေးရသော ကျွန်များဖြစ်သည်။ ကျောင်းဝန်းအတွင်း အမှိုက်လှဲပေးရခြင်း၊ ရေခတ်ပေးရခြင်း စသော ဟတ္တကမ္မ အလုပ်တို့ကို ဆောင်ရွက်ပေးရသဖြင့် ပုဂံခေတ် အခေါ်အားဖြင့် ၎င်းတို့ကို (အမှုရ) သို့မဟုတ် (မှူးရ) ဟု ခေါ်သည်။

ပိဋကတ်ကျွန် ပြင်ဆင်ရန်

ပိဋကတ်ကျွန်များမှာ ပိဋကတ်တော်များကို မပျက်မစီးရအောင် ထိန်းသိမ်းသည်။ ၎င်းတိုသည် ပိဋကတ်တော်များကို ထိန်းသိမ်းရင်း စာပေများကို ကျက်မှတ်ခြင်းဖြင့် ဘုရားပန်းတင်၊ ရေချမ်းကပ် ဝတ်တက်ရာတွင် သံနေ, သံထားဖြင့် ဆိုတတ်ကြခြင်းကြောင့် ပုဂံခေတ်က ၎င်းတို့အား (စာတတ်) ဟုလည်း ခေါ်ကြသည်။ ပုဂံခေတ်အခါက ဘုရားကျွန်သီးတော်များက အလုပ်အကိုင်အားဖြင့် အထက်ဖော်ပြပါအတိုင်း (မြတ်ရ)၊ (အမှုရ)၊ (စာတတ်)၊ (ဖုတ်ရ)၊ (အို့ဖုခိ) ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ (ဖုတ်) ဟူသည်မှာ ကျောင်းကန်များတွင် ရဟန်း၊ သံဃာများအတွက် မီးဖြင့် စ၍ ဖုတ်ပေးရသူ (ဝါ) ချက်၍ပေးရသော ထမင်းချက် အလုပ်လုပ်ရသူကို ခေါ်ဟန်တူသည်။ (အို့ဖုခိ) ဟူသည် ဥပုသ်ခိ ဟူသော စကားပင် ဖြစ်ဟန်တူ၍ ဥပုသ်ရက်ရှည် သည်းခံစောင့်သူ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ခိမှာ ချိဟူသော စကားဖြစ်သည်။ ကျောက်စာတို့တွင် ဤကျောင်း၌ သည်းခံသော သံဃာတို့အား အရေးအရံ ဖြစ်စေသောငှာ ဟု ရေးသားသည်ကို တွေ့ရသဖြင့်၎င်း၊ ဥပုသ်ကို မွန်ဘာသာစကားဖြင့် ဥပုတ်ဟု ရေးသည်က တကြောင်းတို့ကြောင့် ဖြစ်သည်။

သိမ်ကျွန် ပြင်ဆင်ရန်

သိမ်ကျွန်မှာ သိမ်ကိုစောင့်ထိန်းရသော ကျွန်ပင်ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြကေတု (ဒီဇင်ဘာ ၁၉၆၆)။ နန်းဓလေ့မှတ်တမ်းများ (ပကြိမ်)။ p. ၉။