ကျွန်ဟူသော ဝေါဟာရ၏ ရင်းမြစ်ကို ရှာဖွေပါသော် မွန်ဘာသာစကားအရ (ကလောန်)မှသော်လည်းကောင်း၊ မြန်မာစကားအရ (က္ကဝန်) သို့မဟုတ် (ကျဝန်) ဟူသောစကားများမှ ရွေ့လျားလာဟန် တူ၏။ မွန်ဘာသာစကားအရ (ကလောန်)ဟူသည်မှာ အလုပ်အကိုင်ဟူသော အနက်ကို ပေးသဖြင့် လုပ်ရကိုင်ရသူကို ပုဂ္ဂိုလ်အြဖစ် ခေါ်စမှတ်ပြုခြင်းလည်း ဖြစ်ဟန်တူသည်။ ကျွန်ကို မွန်စကားအရ (ဍိုက်)ဟု ခေါ်သည်ဟုလည်း ရှိသည်။ လောကဝတ်မှ လောကွတ်ပြောင်းလဲ သကဲ့သို့ မြန်မာစကား(ကျဝန်)မှ ကျွန်ဟူသော စကားသို့ ပြောင်းလာသည်ဟု ယူဆကြပုံမှာ ကျောက်စာများတွင်

"အကျမူစေသတည်း”
“အဝန်ရာစေသတည်း”

စသောစကားများ ပုဂံခေတ်က ပေါ်နေပြီဖြစ်၍ တာဝန်အလုပ် တခုခုကို (ချ) ပေးခြင်းခံရသဖြင့် ထိုချပေးသော တာဝန်ကို ထမ်းဆောင်သူကိုပင် ကျဝန် (ဝါ) ကျွန်ဟု ခေါ်ဆိုသည်ဟု တွေးဆကြသည်။ ကျေးကျွန်ဟူသည်မှာ ရှေးအခါက ကျေးရွာတခုလုံး ကျွန်အဖြစ် လှူခဲ့ကြခြင်းက အစပြု၍ ကျေးကျွန်ခေါ်ဟန်တူ၏။ ဥပမာ မြစေတီကျောက်စာကို ကြည့်လျှင် ကျွန် ၃ရွာကို ရာဇကုမာရ် လှူဒါန်းခဲ့ကြောင်း အထင်အရှား တွေ့ရမည် ဖြစ်သည်။ အလုပ်ကြမ်း အောက်ခြေသိမ်း အလုပ်ကို မွန်ဘာသာစကားဖြင့် (ကလောန်တမေတ်) ဟု ခေါ်သည်။ ပုဂံကျောက်စာများတွင် (တမော့ကျွန်)ဟူသော စကားဖြင့် တွေ့ရသည်။

လူတန်းစား ခွဲခြားခြင်း ခံရသူများပြင်ဆင်

မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ် လူတန်းစား ခွဲခြားခြင်းခံရသူများ၏ ဘဝအမျိုးအစားကို အောက်ပါအတိုင်း တွေ့ရသည်။

  1. ဖုန်းတောင်းယာစကာ
  2. သူဖုန်းစား
  3. ကယ်ပါ။
  4. သူတောင်းစား
  5. ကျွန်သီးတော်
  6. သင်ချီ (သင်ကြီး လည်းခေါ်)
  7. သင်လျင်။
  8. သုဘရာဇာ
  9. ဖက်ခွက်စား
  10. ဒွန်စဏ္ဍား
  11. စန္ဒာလ(စဏ္ဍာလ)
  12. ခွာသား။
  13. ပန်းမှိုက်ကျုံး။
  14. သွေးမစွန်း။

ဖုန်းတောင်းယာစကာပြင်ဆင်

ယာစကာမှာ ပါဠိစကားဖြစ်၍ တောင်းခြင်း အဓိပ္ပာယ်ရသည်။ ဖုန်းတောင်းဟူသည်မှာ သူတပါး၏ ပုညကုသိုလ်ကို တောင်းခံစားသောက်သူ ဖြစ်သည်။ တနည်း ပုင်(မွန်) ထမင်းတောင်းသူတည်း။

သူဖုန်းစားပြင်ဆင်

သူတပါး၏ ပုညကို မှီခိုစားသောက်သူဟု ဆိုလိုသည်။

ကယ်ပါပြင်ဆင်

ကယ်ပါ၊ ယူပါ တစာစာအော်၍ တောင်းခံစားသောက်သူဟူ၏။

သူတောင်းစားပြင်ဆင်

တောင်းစားသောသူ ဟူ၏။

ကျွန်သီးတော်ပြင်ဆင်

အသီးအခြား အမြတ်ထားအပ်သည့် ကျွန်ဖြစ်သည်။ ၎င်းတို့မှာ ဘုရားကျွန်၊ ကျောင်းကျွန်၊ ပိဋကတ်ကျွန်၊ သိမ်ကျွန်တို့ ဖြစ်ကြသည်။ ဘုရားကျွန်မှာ ဘုရား၏ ဝေယျာဝစ္စကို ဆောင်ရွက်ရသည်။ ဘုရားဆွမ်းတော်၊ ပန်းတော်တင်ရသည်။ ထက်ထက်မြက်မြက် အမှုထမ်းရသဖြင့် ပုဂံခေတ်က ၎င်းကို (မြက်ရကျွန်)ဟု ခေါ်သည်။ မြတ်သောနေရာက ထမ်းရွက်ရသဖြင့်လည်း (မြတ်ရ)ဟု ခေါ်ရာမှ ကာလရွေ့လျော၍ မြတ်ရမှ မြက်ရသို့ ပြောင်းလဲလာဟန်တူသည်။ ပြောင်းပုံမှာ မထူးဆန်းလှ၊ စာရိတ္တမှ စရိုက်ပြောင်းသကဲ့သို့ ရှိမည်။

ကျောင်းကျွန်မှာ ကျောင်းနှင့် ပတ်သက်သော ဝေယျာဝစ္စကို ဆောင်ရွက်ပေးရသော ကျွန်များဖြစ်သည်။ ကျောင်းဝန်းအတွင်း အမှိုက်လှဲပေးရခြင်း၊ ရေခတ်ပေးရခြင်း စသော ဟတ္တကမ္မ အလုပ်တို့ကို ဆောင်ရွက်ပေးရသဖြင့် ပုဂံခေတ် အခေါ်အားဖြင့် ၎င်းတို့ကို (အမှုရ) သို့မဟုတ် (မှူးရ) ဟု ခေါ်သည်။

ပိဋကတ်ကျွန်များမှာ ပိဋကတ်တော်များကို မပျက်မစီးရအောင် ထိန်းသိမ်းသည်။ ၎င်းတိုသည် ပိဋကတ်တော်များကို ထိန်းသိမ်းရင်း စာပေများကို ကျက်မှတ်ခြင်းဖြင့် ဘုရားပန်းတင်၊ ရေချမ်းကပ် ဝတ်တက်ရာတွင် သံနေ, သံထားဖြင့် ဆိုတတ်ကြခြင်းကြောင့် ပုဂံခေတ်က ၎င်းတို့အား (စာတတ်) ဟုလည်း ခေါ်ကြသည်။ ပုဂံခေတ်အခါက ဘုရားကျွန်သီးတော်များက အလုပ်အကိုင်အားဖြင့် အထက်ဖော်ပြပါအတိုင်း (မြတ်ရ)၊ (အမှုရ)၊ (စာတတ်)၊ (ဖုတ်ရ)၊ (အို့ဖုခိ) ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။ (ဖုတ်) ဟူသည်မှာ ကျောင်းကန်များတွင် ရဟန်း၊ သံဃာများအတွက် မီးဖြင့် စ၍ ဖုတ်ပေးရသူ (ဝါ) ချက်၍ပေးရသော ထမင်းချက် အလုပ်လုပ်ရသူကို ခေါ်ဟန်တူသည်။ (အို့ဖုခိ) ဟူသည် ဥပုသ်ခိ ဟူသော စကားပင် ဖြစ်ဟန်တူ၍ ဥပုသ်ရက်ရှည် သည်းခံစောင့်သူ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ခိမှာ ချိဟူသော စကားဖြစ်သည်။ ကျောက်စာတို့တွင် ဤကျောင်း၌ သည်းခံသော သံဃာတို့အား အရေးအရံ ဖြစ်စေသောငှာ ဟု ရေးသားသည်ကို တွေ့ရသဖြင့်၎င်း၊ ဥပုသ်ကို မွန်ဘာသာစကားဖြင့် ဥပုတ်ဟု ရေးသည်က တကြောင်းတို့ကြောင့် ဖြစ်သည်။

သိမ်ကျွန်မှာ သိမ်ကိုစောင့်ထိန်းရသော ကျွန်ပင်ဖြစ်သည်။

သင်ချီပြင်ဆင်

ယခုအခေါ် သင်ချီ၊ ရှေးပုဂံခေတ်အခေါ် သင်ကြီး ဟူသည်မှာ သဃ င်္ကရဏ ပုဒ်ပျက်ဖြစ်ဟန်တူသည်။ သင်္ဃကာရီလည်း ဟူ၏။ သင်္ဃကာရီမှ သင်ကြီး ဖြစ်လာ၏။ အဓိပ္ပာယ်မှာ သံဃာတို့၏ အမှု ဝေယျာဝစ္စကို ဆောင်ရွက်ပေးရသော ကပ္ပိယကိုပင် ဆိုလိုဟန်တူသည်။

သင်လျင်ပြင်ဆင်

သင်လျင် ဟူသော စကားကိုလည်း ပုဂံခေတ်ကျောက်စာများတွင် တွေ့ရသည်။ သင်လျင်မှာ သင်ကြီး၏လက်ထောက်ပင် ဖြစ်ဟန်တူသည်။ ဤသို့အားဖြင့် ပုဂံခေတ်အခါ ဘုရားကျောင်းများတွင် အလုပ်အကိုင်ရှိသူများကို လိုက်၍ အစုအဝန်း ခွဲခြားဟန်တူသည်။

သုဘရာဇာပြင်ဆင်

အသုဘရာဇာ ဟူသော စကားတွင် အ ကျေ၍ သုဘရာဇာ ဖြစ်လာလေသည်။ အသုဘ၊ မသာနေရာတွင် ဘုရင်ဖြစ်သည်။ အသုဘပြုရာအလုပ်တို့တွင် သူတို့၏ လက်တွင်းရောက်ပါက မင်းသဖွယ် ပိုင်ပိုင်နိုင်နိုင် ပြုနိုင်သူများဟု ဆိုလိုသည်။ မင်းသဖွယ် ပိုင်ပိုင်နိုင်နိုင် ပြုတတ်သော ရှေးက ပွဲကျောင်းရဟန်းများကို သံဃရာဇာ ခေါ်သကဲ့သို့ပင် ဖြစ်သည်။

ဖက်ခွက်စားပြင်ဆင်

သင်ပုတ်ပလ္လင်ပေါ်၌ စွန့်ကြဲထားသော ထမင်းခွက်၊ ဟင်းခွက်များကို စားသောသူဟူ၏။ ဘုရားဆွမ်းတော်တင် စားသောသူပင်တည်း။

ဒွန်စဏ္ဍားပြင်ဆင်

မွန်စကား (ဒုန်)ဟူသည် ဆောင်ရွက်ခြင်း၊ ထမ်းရွက်ခြင်း ဖြစ်သည်။ စန္ဒားမှာ ထင်းကိုဆိုလိုသည်။ မသာထင်းများကို ပေးပို့ဆောင်ရွက်၍ မသာမီးရှို့ပေးရသူကို ခေါ်သည်။ သက္ကဋ ဘာသာအရ (ဍုမ်) ဟူသည်မှာ ဇာတ်နိမ့်သူကို ခေါ်သည်။

စန္ဒာလ(စဏ္ဍာလ)ပြင်ဆင်

မြန်မာစကားတွင် စန္ဒယများ ဆွဲသူဟူ၍လည်း ရှိသည်။ ၎င်းမှာ မသာရထား၏ ရှေ့မှကြိုးကို ဆွဲခြင်းဖြစ်သည်။

စဏ္ဍာလ ခေါ် မသာနှင့်စပ်သော အလုပ်ကို လုပ်ကိုင်ကြသူများအား ၅ စု ခွဲသေးသည်။ စဏ္ဍာလ ၅ စို့ ခေါ်သည်။ [၁] ၎င်းတို့မှာ

  1. စပ်
  2. အမွမ်း
  3. သူကောင်ထမ်း
  4. သင်္ဂြိုဟ်ကိုင်
  5. တွင်းတူး

တို့ဖြစ်သည်။

စပ်ပြင်ဆင်

မသာနှင့်ပတ်သက်သည့် ခေါင်း ဂျင်ပု ခုံ ဇာတာအိမ် တလား စမျဉ်းတိုင် အလောင်းစင် ဗိမာန် ကြာကလပ် လောင်တိုက် ငှက်ကြီးကာ စသော ကိုယ်ထည်များ လုပ်သူကို ခေါ်သည်။ ယခုအထိ ခေါင်းလုပ်သည်ကို ခေါင်းစပ်သည်ဟု သုံးနှုန်းဆဲ ဖြစ်သည်။

အမွမ်းပြင်ဆင်

စပ်သမားလုပ်သည့် ကိုယ်ထည်ကို ပိုးဖဲဆင်ယင်ခြင်း၊ အပြောက်အမွမ်းထည့်ခြင်းများ လုပ်သူ ဖြစ်သည်။

သူကောင်ထမ်းပြင်ဆင်

မသာအား လှည့်လည်ရွေ့ပြောင်းခြင်းကို လုပ်ဆောင်သူ ဖြစ်သည်။ (အလောင်းထမ်းရသူ။)

သင်္ဂြိုဟ်ကိုင်ပြင်ဆင်

မသာအား မီးရှို့သည့်အခါ တံဆူးဝါး (သို့) တံရှူးဝါးကိုင်ကာ အလောင်းကိုယ် ပြာဖြစ်သည်အထိ မီးဖုတ်သည့်အလုပ်၊ အရိုးကောက်၊ အရိုးမျှော၊ အရိုးမြှုပ်အလုပ်များကို လုပ်ကိုင်သူ ဖြစ်သည်။ (အလောင်းကို မြေချရသူ)

တွင်းတူးပြင်ဆင်

အလောင်းကိုသော်လည်းကောင်း၊ မီးသင်္ဂြိုဟ်ပြီး အရိုး သို့မဟုတ် ပြာကိုသော်လည်းကောင်း၊ မြှုပ်ရန် တွင်းထူးသောအလုပ်ကို လုပ်သူဖြစ်သည်။

ပန်းမှိုက်ကျုံး / ပန်းမှိုက်သွန်းပြင်ဆင်

ပါဠိစကား ပက္ကုသမှ လာပြီး အမှိုက် ဘင် မစင် အညစ်တို့ သန့်ရှင်းရသူကို ဆိုလိုသည်။ စကားလှရန် သုံးနှုန်းခြင်းဖြစ်ပြီး အမှိုက် မိလ္လာတို့ကို ကောက်သယ်ပစ်စွန့်ရသည်။ (ပန်းမှိုက်သွန်လည်းခေါ်သည်။ အညစ်အကြေးသွန်ရသူ။)

သွေးမစွန်းပြင်ဆင်

၎င်းတို့မှာ သွေးသံမစွမ်းသူ၊ မစင်ကြယ်သူ၊ အနူအဝဲများကို ခေါ်သည်။ (ဘုရားကျွန် စာရင်းတွင် မထည့်သွင်းသင့်ပေ။ ရောဂါသည်အဖြစ် တသီးတခြား ထားထိုက်သူများသာ ဖြစ်သည်။)

ခွာသားပြင်ဆင်

ဘုရားကျွန်ကိုပင် ခွာသားဟု ခေါ်သေးသည်။ ကူဟာသားမှ ပျက်ပြားလာဟန်တူသည်။ တနည်းအားဖြင့် ခဝါသားပင် ဖြစ်သည်။ ဘုရားအညစ်အကြေး၊ သဃင်္ာသား၏ အညစ်အကြေးကို သိမ်းရ၊ လျှော်ရ၊ ဖွတ်ရသူဖြစ်လိမ့်မည်။ သက္ကရာဇ် ၆၀၄-ခုနှစ်ထိုး အိမ်ရာကြောင်း ကျောက်စာကြောင်းရေ ၁၄ တွင် ကုဟာသည် ငပြည့်ကို လှူထားကြောင်း တွေ့ရသည်။ လောကဝတ်မှ လောကွတ်ဖြစ်လာသကဲ့သို့ ခဝါမှ ခွာဖြစ်လာဟန်တူသည်။ ခွာသည် ခွာသား အတူတူပင်။ [၂]

ကိုးကားပြင်ဆင်

  1. တင်၊ ဦး။ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့်ဘိုးတော်ဘုရား၏ရာဇသတ်ခေါ်သောအမိန့်တော်တမ်းကြီး"၊ ဒုတိယပိုင်း။ ဗဟိုပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၆၅။
  2. မြကေတု ရေး၊ နန်းဓလေ့မှတ်တမ်းများ၊ ပကြိမ်၊ ၁၉၆၆၊ ဒီဇင်ဘာလ၊ စာ-၉