ကြေးစည်ပြင်ဆင်

ကြေးစည်သည် ဃနတူရိယာဟု ခေါ်သည့် တခဲနက်စည်များတွင် အဝင်အပါဖြစ်သော တူရိယာတစ်မျိုး ဖြစ်သည်။ ကြေး ကိုမူတည်ကာ ပြုလုပ်ထားသဖြင့် ကြေးစည်ဟု ခေါ်တွင်သည်။ ကြေးစည်သည် သာယာငြိမ့်လေး၊ ကြည်အေးသော အသံကို ဆောင်သည့်ပြင် ကြေးစည်သံကို အဝေးမှ ကြားနိုင်သဖြင့် ဗုဒ္ဓအယူဝါဒီများသည် အများအားဖြင့် သာသနာ့ကိစ္စများတွင် ဖိတ်ကြားနိုးဆော်သည့်အခါ၊ ကုသိုလ်ကောင်းမှုပြု၍ အမျှအတန်းဝေသည့်အခါများတွင် တီးခတ်လေ့ ရှိသည်။ မြန်မာတူရိယာများ၌ ကြေးသံ ၁ဝ ပါးဟု ဆိုသော တူရိယာသံ ၁ဝ မျိုးတွင်လည်း ကြေးစည်သံမှာ တစ်ပါးအပါအဝင် ဖြစ်သည်။ ကြေးစည်၏ ပုံသဏ္ဌာန်မှာ ၃ ထောင့်ပုံ အပြားဖြစ်သည်။ အပေါ်ထိပ်အစွန်းမှာ လုံး၍ အောက်အစွန်း ၂ ဖက်မှာ အပေါ်သို့ ကော့ထောင်၍ နေလေသည်။ ကြေးစည်၏ဝမ်းသည် အနည်းငယ် မို့မောက်၍နေသည်။ အနားသတ်ပုံသဏ္ဌာန်အားဖြင့် ကြေးစည်သည် စေတီပုံနှင့် တူသည်။

ကြေးစည်မှာ ခေါင်းလောင်းကဲ့သို့ ပုံလောင်း၍ ယူရသော ကြေးထည်မျိုးမဟုတ်ဘဲ ကြေးမောင်းလင်းကွင်းများကဲ့သို့ ပုံခတ်၍ ယူရသော အထည်မျိုးဖြစ်သည်။ ကြေးစည်ပြုလုပ်ရန် သတ္တုရောစပ်ပုံမှာ ဆရာတစ်ဦးနှင့် တစ်ဦး မတူကြချေ။ အချို့က ကြေးဝါနှင့် ခဲ၊ ကြွပ်၊ ဘင်များကို အချိုးအစား အမျိုးမျိုးဖြင့် ရောစပ်ကြသည်။ အချို့ကမူ ကြေးဝါ ၇ဝ၊ သွပ် ၂ဝ၊ ခဲ ၁ဝ ကျပ် အချိုးဖြင့် ရောနှောပေါင်းစပ်ကြသည်။ ကြေးစည် အရွယ်ပမာဏမှာလည်း အမျိုးမျိုးရှိသည်။ ကလေးကစားစရာ ၂ လက်မအရွယ် ကြေးစည်မှ အောက်ခြေပြက် ၂ ပေခွဲခန့်ရှိ၍ အချိန်ပိသာ ၅ဝ ကျော်အရွယ်အထိ ကြေးစည်ခတ်ကြသည်။

ကြေးစည်ကို ရိုက်တီးရာ၌ အခြားစည်မောင်းခေါင်းလောင်းတို့ကို တီးသကဲ့သို့ မထုမထိုးရဘဲ အရိုးတံ တပ်ထားသော သစ်သားဆောက်ပုတ်ဖြင့် ကြေးစည်၏ ထောင့်စွန်းတစ်ဖက်ကို တီးခတ်ပေးရသည်။ ထိုအခါ ကြိုးဖြင့် ဆိုင်းထားသော ကြေးစည်သည် လည်သွားယင်း သာယာငြိမ့်လေးသော အသံကို ဝေ့၍ ဝေ့၍ ထွက်ပေါ်လာစေသည်။ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးတို့၏ နေအိမ်များတွင် ဘုရားစင်ရှေ့၌ အရွယ်သင့် ကြေးစည်များကို ဆွဲထားကြပြီးလျှင် ဘုရားပုထိုး၊ ရှိခိုးဝတ်တက်ခြင်း၊ ဆွမ်းတော်ကပ်ခြင်း၊ ဆီးမီးပူဇော် ခြင်း စသော ကုသိုလ်ကောင်းမှုများ ပြုတိုင်းပြုတိုင်း ကြေးစည်ကို ရိုက်တီးလေ့ရှိကြသည်။ ဆွမ်းလောင်းအသင်း၊ ဝတ်အသင်း၊ အရုံခံဆွမ်းလောင်းအဖွဲ့ စသောအသင်းအဖွဲ့များသည် အလှူခံထွက်သည့်အခါ ကြေးစည်ကို ရှေ့ဆုံးမှ ရိုက်တီး၍ နှိုးဆော်ဖိတ်ကြားလေ့ရှိကြသည်။

ကြေးစည်ကို သုမင်္ဂလကိစ္စများတွင်သာမက ဒုမင်္ဂလကိစ္စ များတွင်လည်း အသုံးပြုကြသေးသည်။ အသုဘ၌ ဆွေမျိုး ညာတိ မိတ်သင်္ဂဟများက ပြုလုပ်သော ကောင်းမှုဒါနကို သေလွန်သူနှင့်တကွ သတ္တဝါများတို့အား အမျှပေးဝေခြင်း အထိမ်းအမှတ်ဖြင့်၎င်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၌ သတိ သံဝေဂရစေခြင်းငှာ၎င်း ကြေးစည်ကို ရိုက်တီးလေ့ရှိကြသည်။ ကြေးစည်ကို အသုံးပြုခြင်းမှာ မြန်မာလူမျိုးတို့၏ သီးခြား ထင်ရှားသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်သည်။ ရန်ကုန်မြို့ သာသနနုဂ္ဂဟ စေတီယင်္ဂဏအသင်းကဲ့သို့သော အသင်းအဖွဲ့ အချို့တို့သည် ကြေးစည်ကို အသင်းတံဆိပ်အဖြစ် အသုံးပြုကြ သည်။ အချုပ်အားဖြင့် ကြေးစည်သည် သာသနာရေးဆိုင်ရာ တူရိယာတစ်ခုဖြစ်သည်။ ကြေးစည်သံကို ကြားရသော သူတော်စင်တို့သည် စိတ်နှလုံး တည်ငြိမ်ချမ်းမြေ့ကြကုန်သည်။ ထိုသို့ဖြစ်ကြရသည်မှာ သာယာချိုဧသော ကြေးစည်သံသည် ဧမြငြိမ်သက်သော နိဗ္ဗာန်ကို အာရုံပြုစေနိုင်သောကြောင့်ဟု ဆိုရပေမည်။

ကြေးစည်နှင့် ဗုဒ္ဓတရားတော်သည် အစဉ်ဆက်စပ်နေ ရကား ရတနာသုံးပါးနှင့် ဆိုင်သော ကိစ္စများတွင် ကြေးစည်သံ အမြဲကြားရ၏။ သို့ဖြင့် 'စက်တော်ရင်းဝယ်'ကဗျာတွင်

ချာလည် ချာလည်
ရွှေကြေးစည်လည်း
သာကြည်ချိုအေး
နိဗ္ဗာန်တေးကို
ကြော်ကြွေးရာမှ ဆိတ်ခဲ့ပြီ။

ဟူ၍ စာဆိုတစ်ဦးက ဖွဲ့ဆိုထားလေသည်။

[၁]

ကိုးကားပြင်ဆင်

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)