ကြွေပစ်ကစားရာတွင် အသုံးပြုသော ကြွေစေ့အဖြူကလေး များကို၎င်း၊ စာရေးစားပွဲပေါ်ရှိ စက္ကူဖိရန် အသုံးပြုသော ကြွေ အကြီးစားများကို၎င်း၊ ဘယဆေးဆိုင်များ၌ ဆေးဖော်ရန် အတွက် ရောင်းချသော ကြွေပုပ်များကို၎င်း၊ တွေ့မြင်ဖူးကြပေ မည်။ ထိုပစ္စည်းတို့သည် ကြွေခရု၏ အခွံများသာ ဖြစ်ကြ၏။

ကြွေစေ့အမျိုးစုံ

ကြွေခရု ပြင်ဆင်ရန်

နောက်ထပ် အချက်အလက်များ။ money cowrie နှင့် Monetaria moneta

ကြွေခရု အရှင်ကိုကား မြင်ဘူးတွေ့ဖူးသူ ရှားပေသည်။ ကြွေခရုသည် ခရုမျိုးဝင် ပင်လယ်သတ္တဝါတစ်မျိုးဖြစ်၍ မျိုးစိတ်ပေါင်း (၁၅ဝ) ကျော်မျှ ရှိသည်။ ကြွေခရုတို့သည် နွေးသောပယ်လယ်သမုဒ္ဒရာအတွင်း ရေတိမ်ရာအရပ်၌ ကျောက်ဆောင်များနှင့် သန္တာကျောက်တန်းများ အောက်တွင် နေကြသည်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ ဆက်စပ်ရာဒေသတွင် နေကြသည်။ ဥရောပတိုက်ရှိ ပင်လယ် များတွင်လည်း ကြွေခရုအငယ်စားတစ်မျိုးကို တွေ့ရသည်။ ကြွေခရုသည် ကျွန်ုပ်တို့တွေ့မြင်ရသည့်အတိုင်း အခွံတစ်ခုတည်းသာရှိသော ခရုမျိုးဖြစ်သည်။

ပုံသဏ္ဌာန် ပြင်ဆင်ရန်

ငယ်ရွယ်သေးသော ကြွေခရုနှင့် ကြီးပြင်းပြီး ကြွေခရုတို့၏ ပုံသဏ္ဌာန်မှာ သိသိသာသာခြားနား၏။ ငယ်ရွယ်စဉ်က ကြွေခွံသည် သာမန်ခရုလုံး၏အခွံနှင့် ဆင်တူသည်။ မျက်နှာဝမှာ ရိုး⁠ရိုးမျက်နှာဝမျိုးပင်ဖြစ်၍ ရစ်ခွေနေသော ထိပ်ချွန်ကလေးများသည်လည်း ထင်ထင်ရှားရှား ပေါ်နေသည်။ တဖြည်းဖြည်း ကြီးပြင်းလာမှ အခွံသည် အတွင်းဖက်သို့ လိပ်ဝင်သွား၍ ထိပ်ချွန်သည် တုံးသွားလေသည်။ မျက်နှာဝစောင်းတွင် ခွေးသွားစိပ်ကဲ့သို့ အထစ်ကလေးများ ထလာသည်။

ကြွေခွံသည် ချောမွှတ်ပြောင်လက်၍ နေသည်။ အဖြူ၊ အညို၊ အဝါ၊ နက်ပြာ၊ စသည်ဖြင့် အရောင်အမျိုးမျိုး ရှိသည်။ အချို့၌ လှပသော အစက်အပြောက်များလည်း ပါရှိသည်။ ထို့ကြောင့် ကြွေခွံကို ကမ္ဘာအနှံ့အပြား၌ လူသိများ၍ လူကြိုက် လည်း များပေသည်။

အသုံး ပြင်ဆင်ရန်

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် လှပသောရောင်စုံကြွစေ့များကို ဆင်မြင်းစသည်တို့၏ ကကြိုးတန်ဆာပလာ၌ တပ်ဆင်အသုံးပြုကြသည်။

ရှေးအခါက မြန်မာနိုင်ငံတွင် အင်္ကျီ လုံချည် စသည်တို့ကို သိပ်သည်း ပြောင်ချောအောင် ယခုအခါ မီးပူတိုက်ရ သကဲ့သို့ ကြွေဖြင့်ပွတ်တိုက်သည်။ မီးကြွေတိုက်သည် ဟူသော ဝေါဟာရ မှာ ယင်းကြောင့် ဖြစ်သည်။

အာဖရိကတိုက်နှင့် အာရှတိုက် တောင်ပိုင်းတွင် ရှေးအခါက ကြွေစေ့များကို အသပြာအဖြစ် သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် ဒင်္ဂါးပြားများကို အကြွေစေ့ ဟု ယခုတိုင် ခေါ် နေကြသေးသည်။

အချို့က လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး၊ ဘယက်၊ ရင်ထိုး၊ ကြယ်သီး၊ ဆံထိုး စသည်တို့ ပြုလုပ်၍ ဆင်မြန်းကြသည်။

အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းရှိ အချို့ဒေသများတွင် ကြွေစေ့ကလေးများကိုအန္တရာယ်ကင်း ဘေးကင်းအဆောင်အဖြစ်ပင် အသုံးပြုကြသေးသည်ဟု သိရလေသည်။

အိန္ဒယ တွင် ကြွေစေ့ ခုနစ်စေ့ ဖြင့် ဟော သော ကြွေဗေဒင်မှာ လူတယောက် ဘဝတခုလုံးကို ဟောကြားနိုင်သည်ဟု နာမည်ကျော်ကြားသည်။ [၁]

ပဆစ်ပစ်ကစားနည်း တွင် ကြွေစေ့ငယ် ခြောက်စေ့ ကို အံစာတုံးကဲ့သို့ ပစ်၍ အကွက်မည်မျှ ရွှေ့ရမည်ကို ကံစမ်း ကစားကြသည်။

အရွယ်ကြီးသော ကြွေစေ့များကို စာရေးစားပွဲပေါ်တွင် စာရွက်ဖိရန် အသုံးပြုကြသည်။

အချို့ဘယဆေး များတွင် ကြွေပုပ်ကို အမှုန့်ကျိတ်၍ ထည့်သွင်းဖော်စပ်သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. https://www.myanmarbookshop.com/MyanmarBooks/BookDetails/16037 ခုနစ်စင်ကြယ် ကြွေဗေဒင် (ဆရာ)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)