ကွင်းယုန်

နို့တိုက်သတ္တဝါ မျိုးစုတစ်ခု
ကွင်းယုန် (အင်္ဂလိပ်: Hare)
Scrub Hare (Lepus saxatilis) close-up (30544290256) (2).jpg
Scrub hare (Lepus saxatilis)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Lagomorpha
မျိုးရင်း: Leporidae
မျိုးစု: Lepus
လင်းနီးယပ်၊ ၁၇၅၈
Type species
Lepus timidus
လင်းနီးယပ်၊ ၁၇၅၈
မျိုးစိတ်များ

စာ၌ ရှု့

ယုန် ကို သာမန်အားဖြင့်သာ သိသူ များသည်။ တစ်မျိုးနှင့် တစ်မျိုးကို ခွဲခြား၍ သိသူကား နည်းသည်။ အမှန်မှာ ယုန် (၂)မျိုးရှိရာ တစ်မျိုးမှာ ကွင်းယုန် (အင်္ဂလိပ်: Hare) ဖြစ်၍ ကျန်တစ်မျိုးမှာ တွင်းယုန် (အင်္ဂလိပ်: Rabbit) ဖြစ်သည်။ ပါဏဗေဒအလိုအရ ကွင်းယုန် နှင့် တွင်းယုန် နှစ်မျိုးစလုံးသည် လပ်ပိုရီဒီး (Leporidae) မျိုးရင်းဝင်များဖြစ်ကြပြီး လက်ဂိုမော်ဖာ (Lagomorpha) မျိုးစဉ် အောက်၌ ပါဝင်ကြလေသည်။[၁]

ကွင်းယုန်သည် ယင်း၏ အမွှေးထူခြင်း၊ နားရွက်ရှည်ခြင်းနှင့် လျင်မြန်ခြင်းတို့ကြောင့် လူသိများသည်။ အမှန်မှာ ကွင်းယုန်သည် အလျင်မြန်ဆုံး တိရစ္ဆာန်ငယ်များတွင် ပါဝင်လေသည်။ ဘေးအန္တရာယ်နှင့် တွေ့ကြုံလျှင် ကွင်းယုန်သည် ယင်း၏ လျင်မြန်ခြင်းကိုသာ အားကိုးလေသည်။ ထိုနည်းဖြင့် ကွင်းယုန်သည် ရန်သူများ၏ဘေးမှ လွတ်ကင်းနိုင်လေသည်။ အမေရိကန်နိုင်ငံတွင် ကွင်းယုန်များကို တွင်းယုန်များအဖြစ် ပြောဆိုနေခြင်းသည် စင်စစ်အားဖြင့် မှားလေသည်။ ကွင်းယုန်ကို ကမ္ဘာအနှံ့အပြား၌ လိုလိုပင် တွေ့နိုင်သော်လည်း တွင်းယုန်ကိုမူ ဥရောပတိုက်တွင်သာ စ၍ တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် တွင်းယုန်များကို အခြားတိုင်းပြည်များသို့ သယ်ဆောင်သွားကြလေသည်။[၁]

တွင်းယုန်နှင့် ကွဲပြားမှုပြင်ဆင်

တွင်းယုန်သည် ကွင်းယုန်ထက် ကိုယ်ထည်သေးသည့်အပြင် ခြေထောက်များနှင့် နားရွက်များသည်လည်း ကွင်းယုန်လောက်မရှည်ကြချေ။ ကွင်းယုန်သည် မြေပြင်ပေါ်၌ နေထိုင်သော်လည်း တွင်းယုန်ကမူ မြေတွင် တွင်းများတူး၍ နေထိုင်လေသည်။ တွင်းယုန်သည် ကွင်းယုန်ကဲ့သို့ ပြေးရာတွင် မမြန်ချေ။ ထိုသို့ ဖြစ်ရသည်မှာ ရန်သူများဘေးမှ လွတ်ကင်းစေရန် ဝေးဝေးမပြေးရဘဲ၊ ယင်းတို့နေထိုင်ရာ တွင်းများအထိသာ ပြေးရန်လိုခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် တွင်းယုန်သည် မွေးဖွားရာ၌ ကွင်းယုန်ကဲ့သို့ မဟုတ်ဘဲ မျက်စိမမြင်ဘဲနှင့် အမွှေး လုံးဝနီးပါးမရှိဘဲ မွေးဖွားသည်။[၁]

သွင်ပြင်လက္ခဏာနှင့် နေထိုင်ပြုမူပုံများပြင်ဆင်

ကွင်းယုန်များသည် ၁၇ လက်မမှ ၂၅ လက်မအထိ ရှည်တတ်သည်၊ အမြီးသည် တို၍ အမွှေးများပြီးလျှင် အပေါ်သို့ ထောင်လျက်ရှိသည်။ ကွင်းယုန်သည် မြေပြင်တွင် ခုန်လွှား၍ ပြေးသွားသောအခါတွင် ယင်း၏ ဖြူဖွေးသောအမြီးအောက်ပိုင်းကို ထင်ရှားစွာ မြင်နိုင်ပေသည်။ နားရွက်များကို ထောင်လိုက်သောအခါတွင် အမည်းအမှတ်အသားများကို မြင်ရသည်။ ကွင်းယုန်တစ်ကောင် မြေကြီးပေါ်၌ ရပ်နေသောအခါတွင် ယင်း၏အရောင်နှင့် ပတ်ဝန်းကျင်အရောင်တို့သည် တူလှသဖြင့် ကွင်းယုန်ကို မြင်နိုင်ရန် ခဲယဉ်းသည်။ ကွင်းယုန်၏ အသက်ရှူမှုနှင့်ပါးမုန်းမွှေးများ၏ လှုပ်ရှားနေမှုကြောင့်သာ ကွင်းယုန်ရှိနေကြောင်း သိနိုင်လေသည်။

ကွင်းယုန်၏ အပေါ်နှုတ်ခမ်းသည် ကွဲနေ၏။ နှာခေါင်းနှင့် နှုတ်ခမ်းတို့သည်လည်း အစဉ်လှုပ်ရှားနေသည်ဟု ထင်ရလေသည်။ အထူးသဖြင့် ကွင်းယုန်ကလေးများတွင် ထိုသို့ ဖြစ်တတ်သည်။ ရှေ့ခြေထောက်တွင် ခြေချောင်းကလေးများ ငါးချောင်းစီရှိ၍ နောက်ခြေထောက်များတွင်မူ လေးချောင်းစီသာရှိသည်။ ကွင်းယုန်သည် မလွှဲသာ၍ ရန်သူကို ခုခံရလျှင် ယင်း၏နောက်ခြေများနှင့် ရန်သူကို နာကျင်အောင် ကန်ကျောက်နိုင်လေသည်။ ကွင်းယုန်သည် ယင်း၏နောက်ခြေများကြောင့် အတော်အလှမ်းကျယ်စွာ ခုန်လွှားနိုင်သည်။ ယင်း၏ ရှေ့ခြေထောက်များကို ရှဉ့်များကဲ့သို့ အစာစားရာတွင် အသုံးမပြုနိုင်ချေ။ ကွင်းယုန်နှင့် တွင်းယုန်နှစ်မျိုးစလုံးသည် ကြောက်တတ်သော်လည်း မလွှဲသာ၍ သားငယ်ကလေးများအတွက် ခုခံရန် လိုသောအခါတွင် ရဲရင့်စွာ ခုခံတတ်ကြသည်။ ခုခံရာတွင် ယင်းတို့၏ သန်မာသော နောက်ခြေထောက်များကို အသုံးပြုကြသည်။ တစ်ခါက မြွေပါမြီးတို တစ်ကောင်နှင့် မြွေတစ်ကောင်အား သတ်ထားသည်ကို တွေ့ရဖူးသည်။ အိမ်တွင် မွေးမြူထားသည့် တွင်းယုန်များသည် ယေဘုယျအားဖြင့် ကြောင်များနှင့် သင့်မြတ်အောင် နေထိုင်လေ့ရှိကြသော်လည်း မလွှဲသာ၍ မသင့်မမြတ် ဖြစ်ကြသောအခါတွင် နိုင်အောင်တိုက်ခိုက်လေ့ ရှိကြသည်။ ရန်သူ၏ဘေးမှ တိမ်းရှောင်ကြရာတွင် လွန်စွာပါးနပ်ကြသည်။ လေ့လာသူအချို့ကမူ ရန်သူကို တိမ်းရှောင်ကြရာ၌ ယုန်များသည် မြေခွေးတို့ကဲ့သို့ပင် ပါးနပ်ကြသည်ဟု ဆိုလေသည်။ ရန်သူက ယုန်ကို လိုက်သောအခါတွင် ယုန်သည် အားကုန်ပြေးပြီးလျှင် ရုပ်တရက် ရပ်လိုက်တတ်သည်။ ထိုသို့ ရပ်လိုက်ပြီးလျှင် အခြားတစ်ဖက်သို့ အလွန်လျင်မြန်စွာ ထွက်ပြေးသွားတတ်လေသည်။[၁]

စားလေ့ရှိသော အစားအစာပြင်ဆင်

ကွင်းယုန်နှင့် တွင်းယုန်တို့သည် ဟင်းသီးဟင်းရွက်စား တိရစ္ဆာန်များ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို သိပ္ပံပညာရှင်များက ရွက်စားသတ္တဝါများဟု ခေါ်ကြသည်။ အထူးသဖြင့် ဂေါ်ဘီထုပ် (မုန်လာထုပ်)၊ ပြောင်းဂျုံစပါး စသည့် အသီးအနှံများနှင့် သစ်ခေါက်များကို စားကြသည်။ ယုန်တို့သည် များသောအားဖြင့် ညဉ့်ဘက်တွင် လှည့်လည်၍ အစာကို ရှာဖွေစားသောက်ကြသည်။ နံနက်အရုဏ်တက်ချိန်တွင် နေထိုင်ရာ မြက်ခင်းအတွင်းရှိ တွင်းများ၊ သို့မဟုတ် ကျောက်တုံးကြီးများ အနီးရှိ တွင်းများသို့ ပြန်လာကြသည်။ ညဉ့်အချိန် တွင်းယုန်များ အစာရှာထွက်ကြသောအခါတွင် ဟင်းသီးဟင်းရွက် ဥယျာဉ်များနှင့် လယ်ခင်းများသည် မကြာခဏ ပျက်စီးတတ်ကြသည်။[၁]

မျိုးပွားခြင်းနှင့် ဇီဝစက်ဝန်းလည်ပတ်ပုံပြင်ဆင်

ကွင်းယုန်များသည် မကြာခဏ သားဖွားတတ်ကြသဖြင့် အပွားမြန်သည်။ ခြောက်လအရွယ်သို့ ရောက်လျှင် မိတ်လိုက်နိုင်သည်။ တစ်နှစ်တွင် နှစ်ကြိမ် သုံးကြိမ် သားမွေးနိုင်သည်။ မိခင်သည် ကိုယ်ဝန်ကို တစ်လသာ လွယ်သည်။ တစ်ကြိမ်မွေးလျှင် ယုန်ကလေး နှစ်ကောင်မှ ငါးကောင်အထိ မွေးတတ်သည်။ တစ်လ၊ သို့မဟုတ် နှစ်လကြာအပြီးတွင် ယုန်ကလေးများသည် ဘာသာဘာဝ နေထိုင်စားသောက်ကြသည်။[၁]

လူသားများနှင့် ပတ်သက်မှုဆိုင်ရာပြင်ဆင်

အချို့နေရာများတွင် ကွင်းယုန်တို့၏ သဘာဝရန်သူများဖြစ်သော မြေခွေး၊ မြွေပါမြီးတို၊ လင်းယုန်သိမ်းနှင့် ခွေးတူဝက်တူများကို လူများက ရှင်းလင်းသုတ်သင်ပေးကြသဖြင့် ကွင်းယုန်များသည် အတိုးပွား မြန်လာပြီးလျှင် စိုက်ခင်းများကိုပင် ဖျက်ဆီးပစ်ကြလေသည်။ ထို့ကြောင့် အချို့နေရာများတွင် စိုက်ခင်းများ အတွင်းသို့ ကွင်းယုန်များ မဝင်နိုင်အောင် ခြံများကိုပင် ကာထားကြရလေသည်။ ဩစတြေလီးယားတိုက်ကဲ့သို့သော ကွင်းယုန်၏ အနှောင့်အယှက်ကို ခံကြရသည့် နေရာများတွင်မူ ကွင်းယုန်များကို ကျော့ကွင်းများ၊ ခွေးများနှင့် သေနတ်များ အသုံးပြုကာ ကာကွယ်ပေးကြရသည်။ ထိုသို့ ပြုလုပ်ရုံမျှနှင့် မရသေးလျှင် အချိန်မှန်မှန် ခရိုင်တစ်ခရိုင်အတွင်းရှိ ယောက်ျားကြီးငယ်များနှင့် တစ်ခါတစ်ရံတွင် မိန်းမကြီးငယ်များသည် ကွင်းယုန်များ နေထိုင်သော နေရာများကို စတုရန်းတစ်မိုင်ခန့် တိုင်း၍ ကွင်းယုန်များကို ဝင်းခြံတစ်ခု အတွင်းသို့ မောင်းသွင်းပြီးလျှင် တုတ်ကြီးများဖြင့် ရိုက်သတ်ကြရလေသည်။ ထိုကဲ့သို့သောအခါမျိုးတွင် တစ်နေ့တည်း၌ပင် ကွင်းယုန်ပေါင်း ၂ဝဝဝဝ ခန့်ကို ရိုက်သတ်နိုင်ကြလေသည်။

ကွင်းယုန်သားသည် ခပ်ထပ်ထပ်ဖြစ်သော်လည်း ထူးခြားသည့် အနံ့ရှိသဖြင့် လူကြိုက်များသည်။ ယုန်၏ အမွှေးများကို အထူးသဖြင့် ဆောင်းရာသီ၌ အရောင်ပြောင်းသည့် အမွှေးများကို အဖိုးတန်သည့် သားမွှေးတုအနေဖြင့် အသုံးများသည်။[၁]

ဇီဝမျိုးရိုးခွဲခြားခြင်းပြင်ဆင်

တွင်းယုန်တွင် အရိုင်း နှင့် အယဉ် ဟူ၍ နှစ်မျိုးရှိသည်။[၁] ဇီဝမျိုးကွဲများအဖြစ် သိပ္ပံနည်းကျအတည်ပြုထားသည့် မျိုးစိတ် (၃၂)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်[၂][၃] -

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၃)။ "ယုန်" (PDF)။ in စာပေဗိမာန် စာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း၁၁ (ပဌမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်: စာပေဗိမာန်အဖွဲ့
  2. Wilson၊ D.E.; Reeder၊ D.M., eds. (၂၀၀၅)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 195–205။ ISBN 978-0-8018-8221-0OCLC 62265494
  3. Database၊ Mammal Diversity (2022-02-01)၊ Mammal Diversity Database၊ Zenodo2022-03-24 တွင် ပြန်စစ်ပြီး